ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Sunday, August 23, 2026

အောက်ဖဲလှန်တယ်ဆိုတာ


 အောက်ဖဲလှန်တယ်ဆိုတာ

ဖဲစကားဖြစ်ပေမယ့် လူမှုဘဝမှာ အတော့်ကိုတွင်တွင်ကျယ်အသုံးပြုတဲ့စကားပါ


တဖက်သားရဲ့ ညံ့ကွက်လျှော်ကွက်အားနည်းချက်ကိုထုတ်ဖော်ပြသပြီး အရှိုက်ကိုထိုးချတာမျိုးမှာ သုံးကြတာများတယ်


ဒီနေရာမှာ ရန်သူပြိုင်ဖက်ကလုပ်တာကိုချည်း သီးသန့်မဆိုဘဲ နဂိုရင်းနှီးသူ လက်ပွန်းတတီးရှိသူ ဆိုးဖော်မိုက်ဖက်တွေထဲကနေ သဘောထားကွဲလွဲလို့ မုန်းစိတ်ထားချိန်မှာ အရင်အတူတူပြုလုပ်ခဲ့တာတွေကို ထုတ်ဖော်ပြောဆိုတာမျိုးက အဓိကလိုဖြစ်နေတယ်


ဒီတော့ဗျာ အောက်ဖဲဘာလို့အလှန်ခံရလဲ

ယထာဘူတအကျဆုံးအဖြေကတော့ အောက်ဖဲရှိလို့ပေါ့ဗျာ 


တနည်းအားဖြင့် ကိုယ့်မှာအများကိုဖုံးကွယ်လှည့်စားလို့ လေးစားမှုရအောင်ဖန်တီးထားတာမျိုး ဇွတ်ဖြူစင်ထားတာမျိုး ရှိလို့ပဲပေါ့


ဒါကိုနဂိုစိတ်တူကိုယ်ပြုလုပ်ခဲ့သူက အဆင်မပြေကြတော့ချိန်မှာ အထုတ်ဖြေပြတော့ သည်းမခံနိုင်ဖြစ်ရတာကိုး


ဟုတ်တော့လည်းဟုတ်သား အရင်က စိတ်တူကိုယ်တူကျူးလွန်ခဲ့ကြပြီးမှ ခုမှကိုယ်တယောက်တည်းလုပ်ခဲ့သလိုလို ပြောဆိုနေတာကို ခံနိုင်စရာ ဘယ်ရှိမတုန်း


‌ဒီတော့ဗျာ အောက်ဖဲအလှန်မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုရင် ရာနှုန်းပြည့်အတိကျဆုံးနဲ့ အမှန်ကန်ဆုံးအဖြေက အောက်ဖဲမရှိအောင်နေဖိုပေါ့ဗျာ 


မကောင်းမှုကိုမပြုဖို့ ပြုခဲ့ဖူးသည့်တိုင်အောင် တပါးသူမသိစေဖို့ လုံအောင်ထိန်းထားဖို့ ကိုယ့်တာဝန်ပေါ့


ပြုမိရင်ကော

သိသွားရင်ကော 

ဖွင့်ပြောမိရင်ကောလို့ မေးစရာရှိမယ် 


ဒါဆိုရင် ပြောမိသူနဲ့သင့်အောင်သာပေါင်းပေရော့ပေါ့ 😂

 ဒီလိုမှမဟုတ်ရင် တထိတ်ထိတ်နဲ့ ဘယ်အချိန်ဖွင့်ချလိုက်လေမလဲ ကြောင့်ကျနေရမှာဗျ


ဒီလိုမဖြစ်ချင်ရင် ကိုယ်ကအရင်ဖွင့်ချဝန်ခံလိုက် သို့တည်းမဟုတ် ကိုယ်ပြုခဲ့တာပဲ ကျေနပ်စွာခံလိုက်ပေါ့ 


တချိန်ချိန်ရင်ဆိုင်ရမှာခြင်းအတူတူ ဘယ်တော့များဖွင့်ချလိုက်လေမလဲလို့ တထိတ်ထိတ်နဲ့နေရချိန်လျော့နည်းသွားတာပေါ့ 


ဟုတ်တယ်ဟုတ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Thursday, August 20, 2026

YouTube channel logo

 

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ




Saturday, August 15, 2026

မီဒီယာကိုအသုံးချလို့ အာရုံလှည့်စားမှု စိတ်ဓဘောလုံးသမားတယောက်ကြောင့် တကမ္ဘာလုံးက ကလေးတွေအရိုက်ခံရတဲ့ဖြစ်ရပ်


 မီဒီယာကိုအသုံးချလို့ အာရုံလှည့်စားမှု စိတ်ဓါတ်စစ်ဆင်ရေး 

____________________


((ဘောလုံးသမားတယောက်ကြောင့် တကမ္ဘာလုံးက ကလေးတွေအရိုက်ခံရတဲ့ဖြစ်ရပ်))

____________________

ယခုကာလ အာဏာရှင်က သူ့ရဲ့လက်ကိုင်ဒုတ်တွေကိုအသုံးချလို့ ပြည်သူအချို့နဲ့နိုင်ငံတကာ‌ကို ဝေဝါးအောင် တော်လှန်ရေးက အာရုံလွှဲအောင်ပြုတာမျိုးမြင်ရတော့ အတိတ်တချိန်က ဘောလုံးသမားတယောက်ရဲ့ ‌အာရုံလှည့်စားမှုဖြစ်ရပ်ကလေး စိတ်ထဲရောက်လာတယ်


သူကတော့အကောင်းဖက်က အသုံးချပြီး အနိုင်ယူသွားတာပါ

____________________


ကျွန်တော်တို့ငယ်ငယ်က ဘောလုံးကမ္ဘာမှာ မင်းသားတွေကအများသားဗျ 

ကလပ်အသင်းတိုင်းမှာလည်း အထိမခံနိုင်တဲ့ရွှေပန်းကန်းလိုကစားသမား အနည်းဆုံးတယောက်စီတော့ပိုင်ဆိုင်ခဲ့ကြတယ်


ဒီထဲကမှ စပိန်နိုင်ငံထဲက ကမ္ဘာကျော်အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၀၄ ခုနှစ်လောက်က ကြယ်စင်စုအသင်း (galacticos) စီမံကိန်းဆိုပြီး နေရာတိုင်းမှာ တကယ့်ဒိတ်ဒိတ်ကြဲ အကောင်းဆုံးအအောင်မြင်ဆုံး ကစားသမားတွေကို ကြေးမရှောင်ခေါ်ယူဖွဲ့စည်းခဲ့တယ် ထင်သလောက်အောင်မြင်မှုမရခဲ့တာတော့ တကဏ္ဍပေါ့ 


‌အဲ့သည်တုန်းက ခုနာမည်ကြီးနေတဲ့ မက်ဆီတို့ ဒိုလေးတို့မပေါ်သေးဘူး သို့တည်းမဟုတ် ပေါ်စပေါ့


ခုပြောမှာက ဒိုလေး အရင်ပေါ်ခဲ့တဲ့ ရော်နယ်ဒို (ဒိုကြီး) နဲ့ပတ်သက်တာ 


ခရစ္စတီယာနို ရော်နယ်ဒို ဆိုတဲ့ ကစားသမားလေး နာမည်ကြီးလာချိန်မှာမှ ကွဲပြားအောင် သူ့ကို ဒိုကြီးလို့ခေါ်ကြတာ 


အရင်ကတော့ သူ့ကို‌ ရော်နယ်ဒိုလို့ပဲ ခေါ်ကြတာ


၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းဆိုတာ စောစောကညွှန်းခဲ့တဲ့ ကြယ်စင်စုများစုဝေးရာ ရီးရဲမက်ဒရစ်အသင်းထက် အလုံးကောအရပ်ကော ဘယ်နေရာမှမ‌လျှော့ခဲ့ဘူး နေရာတိုင်းမှာ တကယ့်ဒိတ်ဒိတ်ကြဲတွေချည်းပဲ


ဒီထဲကမှ အားလုံးထက်ပိုလို့ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံရတာက ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ အဓိကတိုက်စစ်မှုး ရော်နယ်ဒို (ဒိုကြီး) 


ဖြစ်ချင်တော့ ကမ္ဘာ့ဖလားမစခင်မှာ သူ့ဒူးခေါင်းမှာဒါဏ်ရာပြဿနာပေါ်လာတယ် ဂျာနယ်လစ်တွေကလည်း အမျိုးမျိုးညှောင်ကြတာပေါ့


ဒါဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့လွဲနိုင်တယ်တို့

ခြေစွမ်းပြဖို့ရုန်းကန်ရနိုင်တယ်တို့ 

သူ့ဒဏ်ရာကြောင့် ဘရာဇီးဖလားရနိုင်ပါ့မလား စသည်ဖြင့် သတင်းစာရှင်းလင်းပွဲလုပ်တိုင်း ဒီအကြောင်းပဲ မေးကြဖြေနေရတော့ အသင်းရဲ့ပြင်ဆင်မှုနဲ့ အရည်အသွေးထက် သူ့ဒါဏ်ရာသတင်းကိုသာ ပုံကြီးချဲ့နေကြတော့ မီဒီယာတွေရဲ့ အာရုံလွှဲကို တခြားကိုလွှဲပြစ်ဖို့ကြိုးစားခဲ့တယ်


သူ့ရဲ့အားထုတ်မှုက အောင်လည်းအောင်မြင်ခဲ့သလို

အဲ့သည်ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံဘရာဇီအသင်းက ဗိုလ်စွဲခဲ့ပါတယ်


သူလုပ်ခဲ့တာက ထူးထူးခြားခြားမဟုတ်ပါဘူး

အဲ့သည်ခေတ်က ကလေးတိုင်းနီးပါး သူ့ကိုတုပြီးလုပ်ကြလွန်းလို့ အရိုက်ခံရသည်အထိဖြစ်ခဲ့ရတဲ့ ကမ္ဘာကျော် လခြမ်းဆံပင်ကေပါ


ဒါက ခုခေတ်ဘောလုံးသမားတွေလို့ ဖက်ရှင်အတွက် အလှသက်သက် မီဒီယာအာရုံစိုက်ခံချင်လို့ ဆံပင်ဆေးဆိုးတာမျိုး တက်တူးထိုးတာမျိုးမဟုတ်ဘဲ သူ့ဒါဏ်ရာအပေါ်သာစိတ်ရောက်နေတဲ့ ကမ္ဘာကြီးတခုလုံးကို လှည့်စားဖို့ တမင်ဖန်တီးသွားတာပါ


ဒီနောက်ပိုင်း ဘယ်သူမှ သူ့ဒါဏ်ရာကိုစိတ်မဝင်စားကြပဲ သူ့ဆံပင်ကေကိုသာ တသသပြန်ပြောနေခဲ့ကြတာ ကနေ့ထက်တိုင်ပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်


အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Friday, August 14, 2026

ရာဇဝင်ထဲကစာဆိုရှင်တဦးရဲ့ မြန်မာလူမျိုးတို့အပေါ်တပ်ဆင်ပေးခဲ့တဲ့ ဂုဏ်ထူးဝိသေသန


 ရာဇဝင်ထဲကစာဆိုရှင်တဦးရဲ့ မြန်မာလူမျိုးတို့အပေါ်တပ်ဆင်ပေးခဲ့တဲ့ ဂုဏ်ထူးဝိသေသန

သူ့အမည်ကမောင်ဖေပေါ့ဗျာ

နေထိုင်ရာက အပ်ချုပ်အထည်ချုပ်လုပ်သူများနေရာ တနည်းအချုပ်တန်းပေါ့ ဒီတော့ သူစာဆိုအဖြစ်ထင်ရှားလာချိန်မှာ အပ်ချုပ်တန်းက ဆရာဖေ (အချုပ်တန်းဆရာဖေ(၁၂ဝဝ-၁၂၅၆) လို့ ကလောင်အမည်ရခဲ့တယ်


မူကွဲအနေနဲ့ အချုပ်ကျအကျဉ်းသားတွေကို စောင့်ကြပ်ရတဲ့ ရဲမက်မို့ လို့လည်းဆိုပါတယ် 


(ဆရာမရွှေဘိုမိမိကြီးရဲ့ နန်းတွင်းသူခိုးနဲ့မိန်းမစိုး စာအုပ်မှာလား ဆရာကြီးပါမောက္ခဦးချမ်းမြ (မြကေတု)ရဲ့ နန်းဓလေ့မှတ်တမ်းများ စာအုပ်မှာလား မသဲကွဲဘူးဖြစ်နေတယ်)


ထားတော့

____________________________________


ဆရာဖေက တိုင်းပြည်သူ့ကျွန်လက်အောက်ရောက်လို့ ဘုရင်မိဘုရားကို အင်္ဂလိပ်တို့က အလွယ်လေးလာ‌ဖမ်းသွားတာကို မချိတင်ကဲဖြစ်လို့ ရေးသားခဲ့တဲ့ ကဗျာတပုဒ်မှာ မြန်မာလူမျိုးတွေကို ဝေါဟာကလေးတခုနဲ့ သုံးသပ်တင်ပြသွားတာ


စကားလုံးက ထိတယ်မိတယ် ရေရေလည်လည်မိုက်တယ်ဗျ

ညစ်ပလီလူမျိုး တဲ့ 😁

____________________________________


စာဆိုရှင်တဦးရဲ့ တကူးတကသုံးနှုံးထားတဲ့ ဝေါဟာရဆိုတော့ နည်းနည်းဋီကာချဲ့ကြည့်ရအောင်ဗျာ


ပထမဆုံးအနေနဲ့ ညစ်ပလီဆိုတာကို ပုဒ်ခွဲကြည့်ရင်

ညစ် ဆိုတာနဲ့ ပလီ ဆိုတာရတယ်ဟုတ်

____________________________________


💥ညစ် ဆိုတာက 

မိုက်တာ ရိုင်းတာ ဆိုးတာ သွမ်းတာ သတ်တာ ဖြတ်တာမဟုတ်ဘူးနော် 


တ‌ဖက်ကတော်ရင် အသုံးချခွင့်မရအောင်လုပ်တာ

တတ်ရင် ပြခွင့်မရအောင် ပိတ်ပင်တာ

အဆင်ပြေနေရင် မပြေမလည်ဖြစ်အောင် သွေးထိုးတာ

ချမ်းသာနေရင် ဆင်ရဲသွားစေချင်တာ

စသည်ဖြင့်အပြင် တိတိကျကျဆိုရ‌ရင် ကိုယ်ကလွဲလို့ တပါးသူတွေ ဘာလုပ်လုပ်အဆင်မပြေစေချင်တာ မရှုစိမ့်နိုင်တာ 


ကိုယ်အဆင်မပြေသလို ဘယ်သူမှအဆင်မပြေစေချင်ဘူး

အဲ .. ကိုယ်အဆင်ပြေရင်လည်း ဘယ်သူမှကိုယ့်နီးပါးလိုက်အဆင်မပြေစေချင်ဘူး

ဒီလိုဖြစ်အောင် တားတယ်စီးတယ်ပေါ့


သူအဆင်ပြေတာက ကိုယ့်အကျိုးစီးပွားကို တစုံတရာမထိခိုက်နိုင်‌ပေမယ့် သူအဆင်ပြေနေတာကိုမကြည့်ချင်တာ 😂


သူစီးပွားပျက်လို့လည်း ကိုယ့်မှာအကျိုးတစုံတရာမရပေမယ့် ကိုယ်ကိုယ်တိုင်ပါနစ်မွန်းရင်နစ်မွန်းပါစေ တပါးသူတက်မဖြစ်အောင် စွမ်စွမ်းတမံတားစီးဖို့အားထုတ်တာ


ဒါကို ညစ်တယ်လို့ခေါ်တာ

____________________________________


💥ပလီ ဆိုတာက

စောစောက တဖက်လူကိုတတ်နိုင်သမျှချေကလန့်ထိုးပြီး အခြားလူများရှေ့မှာတော့ ကိုယ်ကိုသူက ဘယ်လိုလုပ်တာ ဘယ်လိုညစ်တာ စသည်ဖြင့် ဦးအောင်ငိုပြတာ သက်သေထူတာ တိုင်တန်းတာမျိုးပေါ့


ဒါကို ပလီတယ်လို့ခေါ်တာပါ 


ဒီစကားလုံနှစ်လုံးကိုတွဲလို့ ဆရာဖေက ညစ်ပလီလူမျိုးလို့ဂုဏ်ထူးဝိသေသနတပ်ပေးထားတာ 

သဘောက "ကိုယ်ကအရင်ညစ်တယ် ပြီးရင်ဦးအောင်ပလီတော့တာပဲ" ဆိုတဲ့အဓိပ္ပါယ်ပေါ့


(ဒီလိုလူမျိုးတွေ ကျွန်တော်တို့တော်လှန်သူတွေထဲမှာ မပါလောက်ဘူးလို့ထင်ပါတယ် 😁)

____________________________________


အဆိုပါ ညွှန်းဆိုခဲ့တဲ့စာဆိုရှင်က ဦးပုညနဲ့ခေတ်ပြိုင်ဗျ

ဘုန်းတော်ဘွဲ့တွေထက် ပြည်သူတို့ခံစားချက်တွေကို ပိုပြီးထုတ်ဖော်ရေသားတတ်တော့ သိပ်‌ကဗျည်းတင်မခံရဘူး


ကျွန်တော်တို့ငယ်ငယ်ကသင်ရတဲ့ ယာယီအချမ်းသက်သာဖို့အရေး တသက်တာနေထိုင်ရာအိမ်ကိုပါ မလွှဲသာမရှောင်သာ မီးရှို့အချမ်းဖြေဖျောက်ရတဲ့ ယာတောသားတောင်သူဦးကြီးအကြောင်းရေးထားတဲ့ "ဖိုးစော်ကဲ" ကဗျာကလည်း သူရေးထားတာပါ


ဒီတော့ အုပ်စိုးသူတွေမကြိုက်တော့ အမြှောက်စားမခံဘူးပေါ့ ဒါကြောင့်ဘဝသက်တမ်းတလျှောက် ချို့တဲ့စွာပဲနေထိုင်သွားခဲ့ရတယ်


ကိုလိုနီခေတ်မှာလည်း အုပ်စိုးသူတွေကို ကလန်တန်တန်စာချိုးရုံမက လက်နက်ကိုင်တော်လှန်ဖို့ ရှမ်းပြည်တက်လူသူစုဆောင်းရာက အဖျားရောဂါနဲ့ဆုံးပါးသွားခဲ့ရတယ်

____________________________________


သူစိတ်နာနာနဲ့ရေးခဲ့တဲ့ စာကတော့

မြန်မာတွေ စည်းကမ်းဖောက်လို့

ထီးနန်းပျောက်ဖြစ်ပြီ

မှီးငြမ်းထောက် အသစ်မှီတယ်

ညစ်ပလီလူမျိုး

မိပစ်လို့ ဖရှောင်သွေသည်

ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး


မြန်မာချင်း ကြွားကြတာမှာ

ဓားပြကာ လူဆိုး

ကုလားမြင် သူ့အမေရိုးတော့မလို

ခုမြေလျှိုး ပုန်းရှောင်

မိုက်မနော် ပြုမဟေးတို့က

သူ့ပထွေးတော့ ခွေးသို့မဟောင်


ပြောရောဟဲ့ရာဇဝင်ပြောင်အောင်

စာဇင်တောင်ဦးချလို့

ပလူးကြပြေးကြို့ခါခါ

ခွေးတို့ပမ


တွေးမိတိုင်း အရိုးနာတယ်

အမျိုးပါဆဲချင်ပေါ့လေး


                       အချုပ်တန်း ဆရာဖေ 

____________________________________


ဆရာမောင်ဝံသရဲ့ ၁၉၈၄ ခုနှစ်နောက်ပိုင်း အတွေးအမြင်စာစောင်မှာရေးသားထားတဲ့ ဆောင်းပါးတွေကိုစုပေါင်းထုတ်ဝေထားတဲ့ ဒုတိယအတွေးဆိုတဲ့စာအုပ်ပါ ညစ်ပလီလူမျိုးဆိုတဲ့ ဆောင်းပါးကိုအခြေခံလို့ ထပ်ဆင့်တွေးကြည့်တဲ့သဘောပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, August 11, 2026

အယောင်ဆောင်လက္ဘက်ရည်ဆိုင်များ


 အယောင်ဆောင်လက္ဘက်ရည်ဆိုင်များ

ကိုယ်တွေဆယ်ကျော်သက်ကာလက လက္ဖက်ရည်ဆိုင်ဆိုတာ လက္ဖက်ရည်ရောင်းတာပါပဲ


လက္ဘက်ရည်ဆိုင်ထိုင်တယ်ဆိုတာလည်း

လက္ဘက်ရည်သောက်ချင်လို့ပဲမဟုတ်လား 


စားသုံးသူတို့အတွက် လက္ဖက်ရည်အတွက်အကူအပံ့အနေနဲ့ အီကြာကွေး နံပြား စမူဆာတို့ကဝန်းရံအားဖြည့်ပေးကြတယ်


သီချင်းသံငြိမ့်ငြိမ့်လေးရှိမယ်

စီးကရက်လေးဖွာရှိုက် လက္ဖက်ရည်တကြိုက်

အကြမ်းရေဖန်ကော့ကော့လေးတွေနဲ့ 

ပစ္စုပ္ပန်ကဖယ်ခွာ စီးမျောခဲ့ကြခြင်းတွေ 


ခုတော့ လက္ဖက်ရည်ဆိုင်ရယ်လို့ အမည်တပ်ထားတဲ့ဆိုင်တွေများလာပေမယ့် ကျွန်တော်တို့သိတဲ့ လက္ဖက်ရည်ဆိုင်မဟုတ်တော့ဘူး 


လက္ဘက်ရည်ဆိုင် အယောင်ဆောင်ထားတဲ့ဆိုင်တွေ

သူ့အမည်ကိုအသုံးချပေမယ့် သူကဘေးထွက်ထိုင်ပေးနေရတယ် 


ခေါက်ဆွဲတွေ 

ဆီချက်တွေ

ပေါက်ဆီတွေ 

ထမင်းတွေ ဟင်းတွေ ဘာတွေမှန်းကိုမသိတော့ပါဘူး 


ဪ... ကျွန်တော်တို့သိခဲ့ဖူးတဲ့ လက္ဘက်ရည်ဆိုင်စစ်စစ်တွေ သေဆုံးသွားခဲ့ပါပကော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး


🌹နှင်းဆီက မြန်မာ့ဌာနေမျိုးစိတ်ဟုတ်ရဲ့လား

 

🌹နှင်းဆီက မြန်မာ့ဌာနေမျိုးစိတ်ဟုတ်ရဲ့လား

ကိုယ်က ပန်းထဲမှာနှင်းဆီပန်းကိုအကြိုက်ဆုံးမဟုတ်ဘူး 

အနံ့ရိုင်းတယ်လို့လည်းခံစားရတယ်

ဒါပေမယ့် နှစ်ဆီပင်ရဲ့ဂုဏ်သတ္တိကိုတော့သဘောကျတယ်


ရိုးတံတစစ်လောက်ကိုဖြတ်ပြီး မြေမှာထိုးထားရင်တောင် အောက်ကလည်း အမြစ်ထိုးနိုင်သလို့ အပေါ်ကလည်း ဖူးညွှန့်ဝေစီပြီး ပွင့်လန်းရှင်သန်နိုင်တာမို့ပါ


_________________________


ယနေ့အချိန်မှာ မြန်မာ့မြို့ပြတောရွာ ဘယ်နေရာမဆို နှင်းဆီပင်တွေ နှင်းဆီပန်းတွေ ဝေဝေဆာဆာတွေ့ကြမြင်ကြရတော့ ဒီပန်းက မြန်မာ့ဌာနေမျိုးလို့ ယူဆကြလိမ့်မယ်ထင်တယ်


အမှန်တော့မဟုတ်လောက်ဘူးဗျ 

မြန်မာ့ရှေးစာကဗျာ ပန်းချီ စတဲ့ အနုပညာလက်ရာတွေကြည့်ကြည့် နှင်းဆီအကြောင်းက မပါသလောက်ပဲ 


မပါဘူးလို့ မုချဆိုမယ်ဆိုရင်တောင် ဆိုလို့ရလိမ့်မယ်ထင်တယ်


ကြာ ၊ စံပယ် ၊ ကံ့ကော် ၊ ခရေ ၊ သဇင် စတာတွေသာ ရေးကြခြစ်ကြဖွဲ့ကြနွဲ့ကြတာသာ အတွေ့များတယ်ဟုတ် 


ဒီပန်းတွေကို ဘယ်လောက်တမြတ်တနိုးထားကြလည်းဆိုရင် ကိုယ့်ရင်သွေးကိုတောင် အမည်နာမမှည့်ခေါ်ကြသည်အထိ


(( နောက်ပိုင်းမှာ နှင်းဆီဆိုတဲ့ အမည်တွေလည်းများလာပါတယ် 


ဒါပေမယ့် စံပယ်ဆိုတဲ့အမည်နဲ့ နှင်းဆီဆိုတဲ့အမည်မှည့်ထားတဲ့ မိန်းကလေးနှစ်ယောက်ကိုစိတ်ကူးပုံဖော်ကြည့် 


စံပယ်ကို ရိုးရိုးယဉ်ယဉ်လေးအဖြစ်

အံမယ်သနပ်ခါးရေကြဲလေးပါ တွဲလို့မြင်ယောင်


နှင်းဆီကိုခေတ်ဆန်ဆန် ရဲတင်းပွင့်လင်းသူအဖြစ် 

နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ ဒေါက်ဖိနပ်တွေ ရှုပ်ရှက်ခတ်နေတဲ့ဆံပင်ပုံစံတွေနဲ့ တွဲဖက်


ဒီလို ပကတိသဘာဝ အသိစိတ်က သရုပ်သကန်ကွဲပြားစွာ ပုံဖော်မိတယ်ဟုတ် ဒါကဌာနေမျိုးစိတ်အပေါ် ခင်တွယ်နေတဲ့ မသိစိတ်ရဲ့လွှမ်းမိုးမှုကြောင့်လို့ ဆိုနိုင်မယ်ထင်တယ် ))


_____________________


🌹သူ့ရဲ့ဌာနေကဘယ်ကလဲ

ဒီလိုဆိုရင်သူရဲ့ဇာတိကဘယ်ကလဲဆိုတော့ ယေဘုယအားဖြင့် ကမ္ဘာ့မြောက်ခြမ်းဒေသတွေကလို့ဆိုတယ် 


ဥရောပမြောက်ပိုင်းဒေသတွေ ဂျပန် တရုတ် တို့တွေမှာ နှင်းဆီမျိုးစိတ်ကွဲပေါင်း ၂၀၀ လောက်အထိကို တွေ့ရတယ်လို့ဆိုတယ် 


ဒါက ai ရဲ့အဆိုပါ ဟုတ်မဟုတ်တော့ သေချာမစမ်းစစ်ရသေးဘူး


______________________


📝 စာအထောက်အထား

ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီး ကာလတွေနောက်ပိုင်းမှသာ နှင်းဆီအကြောင်းစာတွေကဗျာတွေ သီချင်းတွေ အတွေ့များလာရတယ်ဟုတ်


ဆရာကြီး မင်းသုဝဏ်ရဲ့ 


လယ်တောကအပြန် 

ပန်ချင်တယ်ခရေဖူးဆိုလို့ မောင်ခူးကာပေး 


မနက်တုန်းဆီက ကြော့ဆုံးကိုမောင်မြင်တော့ 

သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး


ဆိုတဲ့ကဗျာက ထင်ရှားတဲ့မှတ်တမ်းတခုလို့ ဆိုရမှာပေါ့


ဒီကဗျာကို တနည်းခံစားကြည့်ရင် ခရေဆိုတာ ဌာနေပန်း ဒါကိုပစ်ပယ်လို့ တိုင်းတပါးကလာတဲ့ နှင်းဆီကိုမှ တမြတ်တနိုးကေသာမှာပန်ဆင်ချင်တဲ့ မြန်မာအမျိုးသမီးပျိုလေးတွေကို မချိလို့ ရေးဖွဲ့တာလေများလားလို့ တွေးမိတယ်


နောက်ပိုင်းတော့ နှင်းဆီနဲ့ပတ်သက်တဲ့ သီချင်းတွေအများအပြားပေါ့ နှင်းဆီသာမက ရိုစီတွေ ရိုဆေးတွေပါ ထည့်ဆိုကြတာ ကြားဖူးတယ်ဟုတ် 😁

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, July 7, 2026

ဝိညာဉ်မဲ့

 

ဝိညာဉ်မဲ့

........


သူ့သမီးကို ညစ်ပတ်မယ့် 

မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


ကျောင်းသားတွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


ပြည်သူတွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


သာသနာဝင်တွေကို ပစ်သတ်မယ့် 

ညစ်ပတ်သူတို့ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင်


တကယ်ပါ ဘုရားစူးရစေ့

နယ်ချဲ့ကို အမြစ်ဖြတ်ဖို့ဖွဲ့စည်းခဲ့တာပါ


ခု..တပ်နဲ့မတော်တဲ့ကောင်တွေက ပြည်သူကိုဗိုလ်ကျ

အနာဂါတ်ကို ပစ်သတ်မယ်မှန်းသိနိုင်ခဲ့ရင်...


သုံးကျိပ်နဲ့စခဲ့ပေမယ့်

သုံးစိတ်ကျော်က ပြည်သူကို မောင်းတင်

ကျန်တစိတ်က ယောင်ချာချာ

အားနာနာနဲ့ပြောပါရစေ...

ဒီကောင်တွေမှာ သုံးကျိပ်ရဲ့ဝိညာဥ်မျိုးပါမလာဘူး

ဗိုလ်ချုပ်ရေ.......


ကိုလေး ☆ အင်းတဲ


Saturday, June 20, 2026

ကျားကုန် ၁၂ကင်းက ၁ကင်းကို အနိုင်ထိုးနည်း

 

ကျားကုန်ဆိုတာက အရင်ကုန်အောင်ကျွေး‌နိုင်သူက အနိုင်ရတဲ့ကစားနည်းပါ

ကျွန်တော်တို့ရိုးရိုးဆော့တဲ့ ကျားထိုးနည်းကို ကျားနိုင်လို့ခေါ်ပါတယ်


Thursday, May 28, 2026

သေလွန်ပြီးနောက်အတွေးများ ((အနောက်တိုင်းသရဲကားတွေက အ‌ရှေ့တိုင်းသားတို့အဖို့ ဘာကြောင့် ကြောက်စရာမကောင်းလဲဆိုတော့....))

သေလွန်ပြီးနောက်အတွေးများ

((အနောက်တိုင်းသရဲကားတွေက အ‌ရှေ့တိုင်းသားတို့အဖို့ ဘာကြောင့် ကြောက်စရာမကောင်းလဲဆိုတော့....))

ကျွန်တော်တို့အ‌ရှေ့တိုင်းမှာ သေလွန်ပြီးနောက် တဖန်ဘဝဖြစ်ပေါ်ခြင်းတွေ လူဝင်စားဆိုတာမျိုးတွေ ဘဝဟာအမျှင်မပြတ်လည်ပတ်ခြင်းသဘောတွေရှိတော့ ဘာသာအယူဝါဒတိုင်း ဒီလိုရှိလိမ့်မယ်လို့ယူဆခဲ့ဖူးတယ်


အမှန်တော့ ဒီလိုမဟုတ်ဘူးဗျ


ဖန်ဆင်းခြင်းကိုယုံကြည်တဲ့ ခရစ်ယာန်တို့ အစ္စလာမ်ဆိုက တဘဝသာဖြစ်ခြင်းသဘောမျိုးယူဆကြတယ်


ဒီနေရာမှာဘဝဟာအကြောင်းမဲ့ဖြစ်လာပြီး သေရင်ပြီးပြီဆိုတဲ့ ရုပ်ဝါဒီ အတွေးမျိုးနဲ့ခြားနားတာလည်း သတိပြုဖို့လိုတယ် သူတို့က ကိုယ်ပြုခဲ့တာအတွက် အလိုတော်နဲ့ယှဉ်ဆက်ဆုံးဖြတ်ရသေးတာကို


ဒီလိုဆိုတော့ သူတို့မှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းမျိုးတွေက အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ဆိုရမယ်ထင်တယ် 


ဘာလို့လဲဆိုတော့ တခါသာရနိုင်တဲ့ဘဝကို ရင်ဆိုင်ကျော်ဖြတ်မကြည့်ဘဲ အရှုံးပေးထွက်ပြေးသွားတာကို ပြီးတော့ သန္ဓေသားအဖြစ်မှာပဲသေရတာတို့ ငယ်ရွယ်စဉ်မှပဲသေရတာတို့မျိုးဆို အတော်ပဲနစ်နာတယ်လို့လည်း မချင့်မရဲဖြစ်မိတယ်


ကိုယ်တွေအယူမှာတော့ ဘယ်လောက်ပဲလူဖြစ်ဖို့ခဲယဉ်းသည်ဆိုစေ ပြန်ဖြစ်နိုင်ခွင့် ထပ်မံကြိုးစားနိုင်ခွင့်ရှိတာကိုး


သူတို့က ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဝိညာဉ်ဟာ သေလွန်ပြီးနောက်မှာ နေရာဌာနတခုမှာတည်နေပြီး ကမ္ဘာကြီးပျက်သုဉ်းမယ့်နောက်ဆုံးနေ့မှာ ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူရမယ်


ထာဝရကောင်ကင်ဘုံမှာစံရမလား 

ထာဝရငရဲမှာခံရမလားဆိုတာပေါ့


ဒီလိုဆိုရင် တိရစ္ဆာန်တွေကကော ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ကောင်းကင်ဘုံရောက်နိုင်လားဆိုရင် ဒီလိုတော့မဟုတ်ဘူး သူတို့ကို မူလဖန်ဆင်းခြင်းရည်ရွယ်ချက်ကိုက လူသားတို့အတွက်အထောက်အကူရဖို့သက်သက်မို့သူတို့ရဲ့ဖြစ်တည်မှုက သိပ်အရေးမပါလှဘူးပေါ့


လူကနေ တိစ္ဆာန်လည်းမဖြစ်နိုင်သလို တိရိစ္ဆာန်ကလည်း လူဖြစ်နိုင်ခွင့်မရှိဘူး သံသရာလည်ခြင်းသဘော သူတို့ဘာသာကလက်မခံဘူးပေါ့


ပြီးတော့ သေသူရဲ့ဝိညာဉ်ဟာ ကြားဌာနစခန်းကို တိုက်ရိုက်ရောက်သွားတာဆိုတော့ မြန်မာတို့ယူဆသလို ဝိညာဉ်သဘော သရဲမရှိဘူး တခုတော့ရှိတယ် နတ်ဆိုးက သေသူရဲ့ခန္ဓာကိုယူလို့ လှည့်စားခြောက်လှန့်တတ်ခြင်းသဘော ယူဆတာတော့ရှိတယ်


ဒါကြောင့်ပဲ သူတို့သရဲကားတွေက အ‌ရှေ့တိုင်းသားတို့အဖို့ သဘောမကျနိုင်ဖြစ်ရတာ သူတို့သရဲက သေသူရဲ့ခန္ဓာကိုနတ်ဆိုးကအသုံးပြုပြီး လက်နက်တွေကိုင်စွဲပြီး တိုက်ခိုက်တဲ့သဘောကိုး


ကိုယ်တွေရဲ့ ဖုတ်ဝင်ခြင်းသဘောလိုပေါ့ လူခန္ဓာနဲ့ နတ်ဆိုးစိတ်ဆိုတော့ ဓားနဲ့ခုတ် သေနတ်နဲ့ပစ်လို့တော့ရတယ် ဒါပေမယ့်မသေဘူး


ကိုယ်တွေရဲ့သရဲကကျဒီလိုမဟုတ်ဘူး ဝိညာဉ်သဘောဆိုတော့ အစွမ်းရှိတယ် လေမှာလွင့်မျောသွားလာနိုင်တယ် ကိုယ်ယောင်ဖျောက်နိုင်တယ် ကိုယ်ထိလက်ရောက်မပြုမူဘဲ ဒုက္ခပေးနိုင်တယ် ပြောရရင်တန်ခိုးရှိတယ်ပေါ့ ဒါကြောင့်ပဲ ကိုယ်တွေအ‌ရှေ့တိုင်းသားတွေက အနောက်သရဲကားတွေဆိုရင် ကြောက်စရာကောင်းတယ်လို့ မခံစားကြရတာ


ဒါဆိုရင် ဝိညာဉ်သဘောကို လက်မခံပါပဲ သူတို့ကသင်္ချိုင်းတွေကို သန့်ရှင်းသပ်ရပ်စွာဘာကြောင့်ထားလည်းဆိုတော့ အမှတ်တရသဘောလောက်ပဲလို့ဆိုတယ်


အမှန်တော့ ပြိတ္တာဆိုတဲ့ဘုံဌာနကို လက်ခံထားတဲ့ ကိုယ်တွေဘာသာက သင်္ချိုင်းသုဿာန်တွေကို ပိုပြီး သန့်သန့်ရှင်းရှင်းထားသင့်တယ်လို့ထင်တယ် ဘာလို့လဲဆိုတော့ သေပြီးတဲ့ကိုယ့်ချစ်သူခင်သူက အဲ့ဒီနေရာမှာ ရှိနိုင်သေးတယ်လို့ ယူဆကြတာကိုး ဒီတော့သူတို့ကောင်းကောင်းနေရဖို့ ဖန်တီးပေးသင့်တာပေါ့


တရုတ်တွေကတော့ သေလွန်သူမိဘဘိုးဘွားတွေကို တသီးတသန့်အခန်းပေးပူဇော်ပသကြတော့ သေလွန်သူတွေက ဝိညာဉ်အဖြစ် အနီးအပါးမှာပဲနေထိုင်ရှင်သန်နေကြတယ်လို့ ယူဆကြလေသလားပဲ


ထားတော့


ကံဝါဒကိုအခြေခံတဲ့ အရှေ့တိုင်းဒဿနဘာသာအယူဝါဒတွေမှာတော့ တကမ္ဘာမှာတင်ကို ဘဝကအမျှင်မပြတ်ဆက်ဆက်ဖြစ်နေတဲ့သဘောကိုယုံကြည်တယ် 


သူပြုခဲ့သည့် ကံအားလျှော်စွာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ပြိတ္တာဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် ငရဲကျလိုက်ပေါ့


ဒါကြောင့်ပဲ လူဝင်စားဆိုတာမျိုး

ဘယ်သူတော့ဖြင့် ရှေ့ဘဝကဘယ်သူဝင်စားတယ် အကုန်ပြောနိုင်တယ်ဆိုတာမျိုး ခဏခဏကြားကြရတာ


ကြားသည့်အတိုင်းလည်း အတိတ်ဘဝက သားအကြောင်း မယားအကြောင်း ပစ္စည်းဥစ္စာနေရာဌာနအကြောင်း အပ်ကျမတ်ကျပြောနိုင်ကြတော့ ဘဝတဖန်ကူးပြောင်းခြင်းသဘောက ဝိဝါဒမကွဲဘဲ ယုံကြည်လောက်စရာအကြောင်းပြချက်ကောင်းတွေအဖြစ် သက်သေပြကြတယ်


ဒီတော့ သေလွန်ပြီးနောက် ဝိညာဉ်နဲ့ပတ်သက်လို့ သင်ကောဘယ်လိုယုံကြည်သလဲ ...?


ထာဝရဖန်ဆင်းရှင်ရဲ့ ဖန်တီးမှုနဲ့ တဘဝသာဖြစ်ပြီး ကမ္ဘာ့နောက်ဆုံးနေ့ရက်မှာ ဘုရားခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ထာဝရခံရ စံရဖို့ ခံယူဖို့စောင့်ဆိုင်းခြင်းသဘောလား


ဒါမှမဟုတ် ကံဝါဒီတို့လို မိမိပြုတဲ့ ကောင်းမှုမကောင်းမှုအားလျှော်စွာ နိမ့်ချည်မြင့်လှည့်ဘဝသံသရာကို ဖြတ်သန်းခြင်းသဘောကိုလား

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Saturday, May 23, 2026

သေလွန်ပြီးအတွေးများ

 

သေလွန်ပြီးအတွေးများ

ကျွန်တော်တို့အ‌ရှေ့တိုင်းမှာ သေလွန်ပြီးနောက် တဖန်ဘဝဖြစ်ပေါ်ခြင်းတွေ လူဝင်စားဆိုတာမျိုးတွေ ဘဝဟာအမျှင်မပြတ်လည်ပတ်ခြင်းသဘောတွေရှိတော့ ဘာသာအယူဝါဒတိုင်း ဒီလိုရှိလိမ့်မယ်လို့ယူဆခဲ့ဖူးတယ်


အမှန်တော့ ဒီလိုမဟုတ်ဘူးဗျ


ဖန်ဆင်းခြင်းကိုယုံကြည်တဲ့ ခရစ်ယာန်တို့ အစ္စလာမ်ဆိုက တဘဝသာဖြစ်ခြင်းသဘောမျိုးယူဆကြတယ်


ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဝိညာဉ်ဟာ သေလွန်ပြီးနောက်မှာ နေရာဌာနတခုမှာတည်နေပြီး ကမ္ဘာကြီးပျက်သုဉ်းမယ့်နောက်ဆုံးနေ့မှာ ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူရမယ်


ထာဝရကောင်ကင်ဘုံမှာစံရမလား 

ထာဝရငရဲမှာခံရမလားဆိုတာပေါ့


ဒီလိုဆိုရင် တိရစ္ဆာန်တွေကကော ဘုရားသခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ကောင်းကင်ဘုံရောက်နိုင်လားဆိုရင် ဒီလိုတော့မဟုတ်ဘူး သူတို့ကို မူလဖန်ဆင်းခြင်းရည်ရွယ်ချက်ကိုက လူသားတို့အတွက်အထောက်အကူရဖို့သက်သက်မို့သူတို့ရဲ့ဖြစ်တည်မှုက သိပ်အရေးမပါလှဘူးပေါ့


ကံဝါဒဖြစ်တဲ့ အရှေ့တိုင်းဒဿနဘာသာအယူဝါဒတွေမှာတော့ တကမ္ဘာမှာတင်ကို ဘဝကအမျှင်မပြတ်ဆက်ဆက်ဖြစ်နေတဲ့သဘောကိုယုံကြည်တယ် 


သူပြုခဲ့သည့် ကံအားလျှော်စွာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ပြိတ္တာဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် ငရဲကျလိုက်ပေါ့


ဒါကြောင့်ပဲ လူဝင်စားဆိုတာမျိုး

ဘယ်သူတော့ဖြင့် ရှေ့ဘဝကဘယ်သူဝင်စားတယ် အကုန်ပြောနိုင်တယ်ဆိုတာမျိုး ခဏခဏကြားကြရတယ် 


ကြားသည့်အတိုင်းလည်း အတိတ်ဘဝက သားအကြောင်း မယားအကြောင်း ပစ္စည်းဥစ္စာနေရာဌာနအကြောင်း အပ်ကျမတ်ကျပြောနိုင်ကြတော့ ဘဝတဖန်ကူးပြောင်းခြင်းသဘောက ဝိဝါဒမကွဲဘဲ ယုံကြည်လောက်စရာအကြောင်းပြချက်ကောင်းတွေဖြစ်နေပြန်တယ်


ဒီတော့ သေလွန်ပြီးနောက် ဝိညာဉ်နဲ့ပတ်သက်လို့ သင်ကောဘယ်လိုယုံကြည်သလဲ


ထာဝရဖန်ဆင်းရှင်ရဲ့ ဖန်တီးမှုနဲ့ တဘဝသာဖြစ်ပြီး ကမ္ဘာ့နောက်ဆုံးနေ့ရက်မှာ ဘုရားခင်ရဲ့အဆုံးအဖြတ်ကိုခံယူလို့ ထာဝရခံရ စံရဖို့ ခံယူဖို့စောင့်ဆိုင်းခြင်းသဘောလား


ဒါမှမဟုတ် ကံဝါဒီတို့လို မိမိပြုတဲ့ ကောင်းမှုမကောင်းမှုအားလျှော်စွာ နိမ့်ချည်မြင့်လှည့်ဘဝသံသရာကို ဖြတ်သန်းခြင်းသဘောကိုလား

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Sunday, May 17, 2026

ရှေးခေတ်ပညာရေးအကြောင်း



ရှေးခေတ်ပညာရေးအကြောင်း

ကမ္ဘာ့ဘယ်နိုင်ငံမဆို ရှေးအတိတ် ပညာလက်ဆင့်ကမ်းဆောင်ယူမူက ဘာသာရေးအသိုင်းအဝိုင်းက စတင်ပုံရတယ်

______________________


မြန်မာပြည်အလယ်ပိုင်းကို ထေရဝါဒသာသနာမထွန်းကားခင်ကတည်းက မဟာယာနတို့ ရောက်ရှိခဲ့ပုံပဲ 


ဘာကြောင့်လဲဆိုတော့ ပုဂံခေတ်မှာ အရည်ကြီးသာသနာဆိုတာက သူတို့ရဲ့ပြုမူနေထိုင်ပုံက မဟာယာနတို့ရဲ့ သဘောသဘာဝနဲ့အတော်နီးစပ်တာကိုး


သူတို့က ခရစ်ယာန်တို့ရဲ့ကျောင်းတော်သဘော 

ကိုယ်ပိုင်နယ်မြေ 

ကိုယ်ပိုင်ဝင်ငွေ 

ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ 

ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေရှိခဲ့ကြပုံပဲ 


ပြီးတော့ သက်မွေးပညာရပ်တွေနဲ့ တိုက်ခိုက်ရေးပညာရပ်တွေကိုပါ သင်ကြားပေးကြတာမို့ ကျောင်းတော်တို့က မကျယ်ပြန့်သည့်တိုင်စေ ကိုယ်စီအခြေစိုက်ရာဒေသမှာ အတော့်ကိုတန်ခိုးထွားကြပုံလည်းရတယ်


ဒီတော့ ဘုရင့်အာဏာက တိုင်းပြည်အပေါ်ရာနှုန်းပြည့်မလွှမ်းမိုးနိုင်ဘဲ တခုခုဆိုရင် သူတို့နဲ့ညှိရနှိုင်းရတိုင်ပင်ရနဲ့ သဘောမညီရင် ဖီဆန်ချင်တဲ့သဘောတွေကြုံလာရတော့ စင်ပြိုင်အာဏာစက်တခုလို့မြင်လာပြီးဘုရင်တွေက ဘာသာရေးကို နိုင်ငံရေးနဲ့ခွဲထုတ်ဖို့ ကြံစည်လိုကြပုံရတယ်

______________________


အနော်ရထာမင်းက ထေရဝါဒကို ရွေးချယ်လိုက်တာက ထေရဝါဒရဲ့ လောကီရေးနဲ့သိပ်မဆက်စပ်တဲ့ ကျင့်စဉ်တွေကလည်း အကြောင်းတရပ်ဖြစ်လောက်တယ်


ဘာသာရဲ့အနှစ်သာရကို အမှန်တကယ်သဘောကျသွားလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်


ဒီမှာ အနော်ရထာရဲ့ ဘာသာရေးအပြောင်းအလဲက အတော့်ကိုညင်သာခဲ့တယ်လို့ဆိုနိုင်တယ်


အရည်ကြီးတွေကို ပထမ ထေရဝါဒအယူယူလို့ ဓမ္မရေးရာမှာပဲ ပျော်မွေ့စေဖို့ အခွင့်အရေးပေးတယ် 

ဒီလိုမှမနေနိုင်လဲ လူဝတ်လဲလို့ မင်းမှုထမ်းရာထူးပေးတယ် 

ဒီကမ်းလှမ်းမှုတွေကို ခါးခါးသီးသီးငြင်းဆန်မယ်ဆိုရင်တော့ ပြည်နှင်ဒါဏ်ပေါ့


ဘာသာရေးနဲ့ အာဏာစိုးပိုင်သူတို့ရဲ့ ပါဝါပြိုင်မှု ပွတ်တိုက်မှုက ကမ္ဘာမှာ အတော့်ကို သွေးထွက်သံယိုများခဲ့တာနဲ့စာရင် အနော်ရထာဘုရင်ရဲ့လမ်းစဉ်က ‌‌အတော့်ကိုစနစ်ကျပြီး ညင်သာတဲ့အပြောင်းအလဲလို့ဆိုရမှာပေါ့ 


ဒါပဲဖြစ်ရမယ်ဆိုတာထက် တန်ပြန်အခွင့်အရေးတွေနဲ့ ရွေးချယ်ခွင့်အရင်ပေးတာကိုး


ထားတော့ 

______________________


ဒီလို ထေရဝါဒကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြီးချိန်မှာ ထေရဝါဒကျောင်းတော်တွေက လက်ရုံးရည်ထက် နှလုံးရည်ဆိုင်ရာကို ပိုပြီးသင်ကြားပေးကြတယ်


ဘုရင်ကစလို့ အုပ်စိုးသူအသိုင်းအဝိုင်း မည်သူမဆို ဘုန်းကြီးကျောင်းသင်ပညာရေးကနေ မွေးထုတ်လာခဲ့သူတွေချည်းမို့ ကျောင်းတော်တို့က ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့မရှိသည့်တိုင်စေ အာဏာစက်တော့ရှိနေစဲပေါ့


ကြားထဲက ကိုယ့်တပည့်က ဘုရင်ဖြစ်ရင် မင်းဆရာအဖြစ်ငြိမ့်မလား လူထွက်လို့ အကြီးတန်းရာထူးရယူလို့ လောကီစည်းစိမ်ခံစားမလား ကြိုက်ရရွေးဆိုသလို ဖြစ်နိုင်တာကိုး


မှူးကြီးမတ်ကြီးမွေးနိုင်ရင်လည်း ဆွမ်းကွမ်းမျှတ လာဘ်လာဘမပူရဘူးပေါ့


ဒါကြောင့်ပဲ ကျောင်းတော်တွေက အရည်အချင်းရှိသူတွေကိုရှာဖွေလို့ ကိုယ့်ကျောင်းကိုယ်စားပြုစေလိုကြတယ်


စကောလားရှစ်ပေးတယ်ပေါ့

______________________


ဒီလို ထူးချွန်သူတွေကိုမွေးထုတ်လို့ အာဏာစက်မှာသက်ရောက်မှုအားကြီးဖို့ လာဘ်လာဘပေါများဖို့ကြိုးစားရင်းဖြစ်ခဲ့ကြတဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းက ပြဿနာတခုမှတ်တမ်းရှိတယ်


မိဖုရားကြီးကိုးကွယ်တဲ့ကျောင်းက အိမ်ရှေ့စံမင်းသားကိုးကွယ်တဲ့ကျောင်းရဲ့ ကျောင်းသားတယောက်ကို သူတို့ကျောင်းကိုယ်စားပြုဖြေဖို့ ဆွယ်ရာက ဖြစ်ကြတာ


မိဖုရားနဲ့ အိမ်ရှေ့စံတို့နဲ့ပတ်သက်တာမို့ ဘယ်သူမှမဖြေရှင်းရဲဘဲ ခေါင်းကိုက်နေရာက နောက်ဆုံး မောင်းထောင်ဆရာတော်ကဖြေရှင်းပေးမှ ပြေလည်သွားတယ် 

______________________


ဒီလို ဗမာတို့ရဲ့ပညာရေးကို ဘုန်းတော်ကြီးကျောင်းတွေက အစဉ်အဆက်တာဝန်ယူလာတာက ကုန်းဘောင်ခေတ်ကုန်လို့ ကိုလိုနီခေတ်နှောင်းပိုင်းအထိပါပဲ

______________________


ကိုလိုနီခေတ်မှာတော့ အနောက်တိုင်းပညာရေးစနစ်သွပ်သွင်းလာတယ် ပညာရေးနည်းလမ်းစနစ်သစ်တခု သူတို့သယ်ယူလာတယ်ပေါ့ 


ဒါကပြဿနာမဟုတ်ပါဘူး 

သူလည်းသူ့နည်းသူ့ဟန် ကိုယ့်လည်းကိုယ့်နည်းကိုယ့်ဖာသာဆိုရင်ပေါ့


ပြဿနာဖြစ်လာတာက ဘုန်းတော်ကြီးကျောင်းထွက်တွေဟာ ယခင်လို ထူးချွန်လို့လည်း အုပ်စိုးသူအသိုင်းအဝိုင်းမှာ နေရာပေးခြင်းမခံရတော့တာပဲ


ပိုဆိုးတာက နှိမ်လာတာပဲ 


ဘုန်းကြီးကျောင်းသားဆိုရင် သိမ်ငယ်သလိုလို ရှက်စရာလိုလိုအတွေးမျိုး လူထုကြားစိမ့်ဝင်လာအောင်လုပ်ဆောင်ခဲ့တာပဲ


ဘုန်းကြီးကျောင်းသား အဟောင်းစား

ကောလိပ်ကျောင်းသား အကောင်းစား

ABCD ,မတတ်ဘဲနဲ့အရပ်ထဲကိုဝင် စသည်ဖြင့်ပေါ့

______________________


ဒီနည်းနဲ့ ဗမာ့ပညာရေးရဲ့အသက်ဖြစ်တဲ့ ဘုန်းကြီးကျောင်းသင်ပညာရေး ကွယ်ပျောက်သွားအောင် လူထုအကြားဘုန်းကြီးတို့ရဲ့ ဩဇာသက်ရောက်မှုကို လျှော့ချဖို့ အင်္ဂလိပ်တို့က ဗျူဟာကျကျ တိုက်ပွဲဆင်နွှဲလာတယ်


ဒီလို ဘုန်းကြီးကျောင်းသင်ပညာရေးကို အရေးမပါသလို လှောင်ပြောင်နှိမ့်ချပေမယ့် သူတို့သွင်းယူလာတဲ့ သူတို့ပညာရေးကိုကျပြန်တော့လည်း လူတိုင်းမသင်ယူနိုင်အောင် မြှင့်ထားတော့ 


သာမန်ပြည်သားတို့မှာ ဘုန်းကြီးကျောင်းသင်ပညာရေးဆုံးလို့လည်း ဘာအရာထူးအရာခံမှမဖြစ်နိုင် 

သူတို့ကျောင်းကြပြန်တော့လည်းမတက်နိုင်ဆိုတော့ 


ပညာသင်ရခြင်းက အချည်းနှီးအချိန်ဖြုန်းမှုအဖြစ်မြင်လာပြီး သေစာရှင်စာသိရုံ အရေးအဖတ်လောက်ပဲသင်ယူလာကြတယ် 


ဒီလိုနဲ့ ခွဲခြမ်းစိတ်ဖြာလေ့ကျက်မှုပိုင်းမှာ အားနည်းလာကာ တွေးဆမျှော်ခေါ် ထောက်ချင့်သုံးသပ်တဲ့ ပညာရေးအတွက် အချိန်မပေးတော့ပဲ မပေးနိုင်ဘဲ ကျွန်သက်ရှည်ရပြန်တာပေါ့

______________________


ဒါက ကျွန်သက်ရှည်ဖို့ ပညာရေးထိမ်းချုပ်မှုတင်မကဘဲ လူထုအကြားသက်ရောက်မှုကြီးမားတဲ့ ဘာသာရေးပုဂ္ဂိုလ်တို့ရဲ့ပါဝါကိုလျှော့ချလိုက်တာလို့လည်းဆိုနိုင်တယ်

ဒါမှ သူတို့ဘာသာကို ယူဆောင်သွပ်သွင်းလို့ရမှာကိုး

______________________


ပြီးတော့ ဘုန်းတော်ကြီးတို့အနေနဲ့လည်း ယခင်လို တရပ်တရွာလုံးရဲ့ ပညာရေးကိုတာဝန်ယူရတာမျိုးမရှိတော့ အားလပ်လာတော့ ပျင်းရိခြင်းနဲ့အတူ မတော်တရော်စိတ်တွေ တွေးကြံလို့ အကျင့်သီလပိုင်းမှာ အားနည်းလာလို့ ဆုတ်ယုတ်စရာဖြစ်လာစေနိုင်သလို


အရေးပါမှုလျော့ကျလာတာမို့ 

လူထုကြားအာဏာစက်ကလျှော့လာ


ဒီတော့ လူထုအကြိုက် လိုက်လိုက်လျှောလျှော လိုက်ပါနေထိုင်ပြောဟောရင်းက အနှစ်သာရဓမ္မတို့ဖက်မလှည့်နိုင် 


ဟောပြောပြန်တော့လည်း 

လူထုကဘာသာရေးနဲ့ဝေးတော့နားမလည် 


ဒီတော့အများနားလည်‌သဘောကျရာ ဒါနကထာ သီလကထာရဲ့ အံ့ဖွယ်အကျိုးရလဒ်နဲ့ ပြစ်ဒါဏ်ခံစားရမှုတွေကို ဖွဲ့ကာနွဲ့ကာဟောပြောရင်း အနှစ်အသားပြောက်

______________________


အတွင်းပုတ်လို့ သူ့ဖာသာကြွေသွားတဲ့သ‌ဘောပေါ့

______________________


ဒီလို ကိုလိုနီနယ်ချဲ့တို့ရဲ့ရည်ရွယ်ချက်ကို သိမြင်လာလို့ ပထမကျောင်းသားသပိတ်ဖြစ်ပေါ်လာရာက အမျိုးသားကျောင်းတွေ တဖန်အားကောင်းလာခဲ့တယ် 


ဒီကနေမှ သူ့ကျွန်ဘဝလွတ်မြောက်ဖို့ အမျိုးသားရေးစိတ် သခင်စိတ်သွင်းပေးနိုင်ခဲ့တယ် ဒီလိုနဲ့လွတ်လပ်ရေးရခဲ့တယ်ပေါ့

______________________


ဒါပေမယ့် ကိုလိုနီနယ်ချဲ့တို့ရဲ့ စနစ်တကျဖျက်စီးမှုကြောင့် ဘုန်းကြီးကျောင်းသင်ပညာရေးက လုံးဝလန်ထူမလာတော့ဘဲ ကျွန်တော်တို့ငယ်ငယ်ကအထိ ဘုန်းကြီးကျောင်းသားဆိုရင် နိမ့်ကျသလိုလိုကြီး ထင်မှတ်နေနေကြတုန်းကိုး


ဒါက အင်္ဂလိပ်တို့ဖျက်စီးလို့ ပုတ်ဆွေးပျက်စီးသွားတဲ့ ဗမာ့ပညာရေးစနစ်ရဲ့ ပုံရိပ်တွေပေါ့


တနည်းအားဖြင့် ကိုယ်တွေကိုယ်တိုင်က ပြန်လည်ရှင်သန်အောင် ပြုပြင်ထိမ်းသိမ်းဖို့ပျက်ကွက်ခြင်းရဲ့ပြယုဒ်ဆိုရင်လည်း မမှားဘူးပေါ့လေ 

(ခေတ်ပြောင်းသွားတာလဲပါတာပေါ့လေ)


ဘာကြောင့်လဲဆိုတော့ ကိုလိုနီဘဝကလွတ်တာ နှစ်ပေါင်း ၇၀ ကျော်လာပြီးပဲဟာ ခုထိ သူတို့ဖျက်စီးထားခဲ့တဲ့အတိုင်း အရာမယွင်း ရှိနေသလိုကြီးကိုး

______________________

______________________


ဒါကတော့ဆရာကြီးပါမောက္ခဦးချမ်းမြ (မြကေတု) ရဲ့ မြန်မာထုံးတမ်းဓလေ့ယဉ်ကျေးမှုဆောင်းပါးတွေကနေ အတွေးဆန့်ကြည့်တဲ့သဘောပါ 


အဆိုပါဆောင်းပါးတွေကို ဒို့အညာယူကျုချန်နယ်မှာ ကိုဝင်းဦး ဖတ်ပြထားတာရှိတယ်ဗျ 


အဲ့သည်မှာသွားရောက်နားဆင်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 



Friday, May 15, 2026

ကျီးမနိုးပွဲ


 ကျီးမနိုးပွဲ

မြန်မာတို့မှာ တနှစ်တာဆယ့်နှစ်လရှိတဲ့အနက် ဆယ့်နှစ်လလုံးအထိမ်းအမှတ်ပွဲတော်တွေရှိတာကိုမြင်လို့ အပျော်ကျူးကြသူတွေလို့ ယေဘုယအားဖြင့်မှတ်ယူကြလိမ့်မယ်ထင်တယ်


ဆယ့်နှစ်လရာသီပွဲတော်များ

============================


၁။ တန်ခူးလ - သင်္ကြန်ပွဲ၊

၂။ ကဆုန်လ - ညောင်ရေသွန်းပွဲ၊

၃။ နယုန်လ - စာပြန်ပွဲ၊

၄။ ဝါဆိုလ - ဝါဆိုပွဲ၊

၅။ ဝါခေါင်လ - စာရေးတံပွဲ၊

၆။ တော်သလင်းလ - လှေပြိုင်ပွဲ၊

၇။ သီတင်းကျွတ်လ - မီးထွန်းပွဲ၊

၈။ တန်ဆောင်မုန်းလ - ကထိန်ပွဲ၊

၉။ နတ်တော်လ - စာဆိုတော်ပွဲ၊

၁၀။ ပြာသိုလ - မြင်းခင်းပွဲ၊

၁၁။ တပို့တွဲလ - ထမနဲပွဲ၊

၁၂။ တပေါင်းလ - သဲပုံစေတီပွဲ။


************************


ဒီမှာတကယ့်တကယ်စစ်ကြည့်ရင် ပျော်ပွဲရွှင်ပွဲသက်သက်က တန်ခူးလက သင်္ကြန်ရေကစားပွဲရှိပါတယ်


လှေလှော်ပွဲတို့ မြင်းခင်းပွဲတို့က စစ်မှုရေးရာအတွက်ပါ

စာပြန် စာဆို စာရေးတံတို့က အသိပညာလေ့ကျက်ခြင်းနဲ့သက်ဆိုင်ပြီး


ကျန်ပွဲတော်တော်တွေက ထေရဝါဒဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာရေးအခြေပြုကျင်းပတဲ့ ပွဲတော်တွေပါ

_________________________


ဒီထဲကမှ မြူတိမ်ကင်းရှင်းလို့ နက္ခတ်အစုံတွေ့ရတဲ့ တန်ဆောင်မုန်းလမှာကျင်းပတဲ့ ကထိန်ပွဲတော် 


ဗုဒ္ဓဘာသာစာပေတွေမှာတော့ ကြတ္တိကာနက္ခတ်ပွဲသဘင်လို့ခေါ်တဲ့ထိုလပြည့်ညဟာ လက်ဝဲလက်ယာအဂ္ဂသာဝကလောင်းနှစ်ပါးဟာ လူသူအကြား ပျော်ရွှင်စွာစီးမျောလိုက်ပါရင်း ရုတ်တရက် ပျင်းမုန်းငြီးငွေ့စွာနဲ့ ဘဝလွတ်မြောက်ရာကို စိတ်ကူးတွေးကြံကာ ရှာဖို့ စတင်ခဲ့တဲ့နေ့တဲ့

_______________________


ဗမာတို့ကတော့ ဖျောက်ဆိပ်ကြယ်ရဲ့အစွမ်းကြောင့် မခိုးရမနေနိုင်အောင် လုံ့ဆော်တာမို့ ထိုညက သူခိုးနက္ခတ်မိနေတယ်လို့ယူဆကြတယ်


ဒါကြောင့်ထိုညမှာ ကျီးမနိုးပွဲ လို့ခေါ်တဲ့ ခိုးပွဲကျင်းပါတာ


တချို့ကလည်း အင်းဝခေတ်က ရွှေတိုက်ဝန် သူခိုးကြီးငတက်ပြားကို ဂုဏ်ပြုထားတဲ့သဘော ယူဆကြတယ် 


ထားတော့

__________________


အမှန်က ကျီးမနိုးပွဲရဲ့ရည်ရွယ်ချက်က အများထင်သလို့ ခိုးဖို့ နောက်ပြာင်ကျီစယ်ဖို့သက်သက်မဟုတ်ဘူးဗျ


ဗေဒင်ဆရာအိမ်ရှေ့ မှန်ဘောင်အရောင်းဆိုင်းဘုတ်သွားချိတ်တာမျိုး အပျိုကြီးထမိန်ခိုးလို့ လူပျိုကြီးအိမ်သွားချထားတာမျိုးလောက် ရယ်ရရုံသက်သက်ရည်ရွယ်တာမဟုတ်ဘူး

__________________


‌ရွာကလသားတွေက ထိုညမှာ ခိုးရသမျှကို စုရပ်သဘော ကျီးမနိုးပဒေသာပင်‌သတ်မှတ်ရာနေရာမှာ သွားထားရတယ် ဒီနေရာရောက်မှ ခိုးခြင်းတခုအောင်မြင်တယ် ဒီရောက်ပြီးမှ ဖမ်းလို့မရတော့ဘူး 


ဒီလိုအောင်မြင်အောင်ခိုးနိုင်တဲ့ကာလသားကတော့ အကောင်ဘဲ 

_________________


ဒါပေမယ့် ထိုညမှာခိုးသူတွေနဲ့အတူ သူခိုးဖမ်းမယ့်သူတွေကလည်း တက်တက်ကြွကြွရှိနေတတ်ပြန်တယ် စုရပ်ကိုမပို့နိုင်ခင် မိတယ်ဆိုပါတော့ ဖမ်းစီးကာ သူခိုးညပြီးချိန်မှာခုံရုံးတင်လို့ စစ်တယ်


ခုံရုံးဆိုတာက ရွာ့ကာလသားကာလသမီးခေါင်းတွေပါပဲ သူတို့က လူအများ‌ရှေ့မှာပဲ ခိုးသူနဲ့ ပိုင်ရှင်ကိုစစ်မေးတယ် ဘယ်လောက်ပဲခိုးထုတ်ခိုးထည်နဲ့ လက်ပူးလက်ကျပ်မိမိ ကြင်လည်စွာ လျှောက်ထားတတ်ရင် လွတ်တယ်


ဥပမာပေါ့ မောင်မြက မယ်လှရဲ့ သေနတ်ခါးကျောက်ပြင်ကိုခိုးတယ် ဒီမှာအထွက် မယ်လှအမေကြီးနဲ့ ပက်ပင်းတိုးလို့မိတယ်ဆိုပါစို့


မယ်လှတို့သားအမိက ထိုကျောက်ပြင်ကသူမတို့ပစ္စည်းဖြစ်ကြောင်းအတည်ပြုကာ သူခိုးမောင်မြကို စွဲချက်တင်တယ် 


ဒီမှာမောင်မြက သူ ခိုးတာမဟုတ်ကြောင်း မယ်လှက သူ့နောက်ခိုးရာလိုက်ဖို့ ချိန်းဆိုပြီး ထည့်ပေးလိုက်တာသာဖြစ်ကြောင်းနဲ့ ချေပလို့ လျှောက်လဲချက်ပေးတယ်ပေါ့


အားလုံးက သူတမင်လီစယ်ပြောနေကြောင်းသိတော့ ဝိုင်းရယ်ကြတယ် ဒါပေမယ့် သူ့ရဲ့ဖြေရှင်းမှုကို မယ်လှက ထပ်ဆင်စွဲချက်တင်ဖို့လိုတယ် 


ဒီလိုမှမဟုတ်ဘဲ အရှက်သည်းပြီးငိုဟယ်ပြုဟယ်လုပ်လို့ ထပ်ဆင့်စွဲချက်မတင်နိုင်ရင်ရှုံးတော့တာပဲ သူခိုးကိုလွှတ်ပေးလိုက်ရတယ်ပေါ့

_______________________


ဒါက တကယ့်တရားတဘောင်ခုံရုံးတွေနဲ့ နီးစပ်အောင် စိမ်းမနေရှိန်မနေအောင် ခုခံချေပလျှောက်လဲတတ်အောင် ရည်ရွယ်ပြုလုပ်ကြပုံပဲ

_________________________


လျှောက်လဲချက်မပေးနိုင်တဲ့သူခိုးကျတော့ ခေါင်းတုံးတုံးလို့ နနွင်းသုတ်တယ် ပြီးတော့ သဲဒါဏ်ရေဒဏ်ပေးတယ် သူတို့မျက်နှာက စပ်ဖြီးဖြီးပါပဲ ဒါပေမယ့်ထိုနှစ်အတွက်တော့ခိုးခွင့်မရှိတော့ဘူးပေါ့


အောင်မြင်စွာခိုးယူလို့ ကျီးမနိုးပဒေသာပင် ရောက်ရှိအောင်ပို့ဆောင်နိုင်လိုက်တဲ့ ပစ္စည်းတွေကိုတော့ လေလံပွဲပြန်ကျင်းပတယ် 


ခိုးယူလာသူက ပိုင်ရှင်ကိုဈေးစကားဆိုရတယ် ဒီပစ္စည်းတွေကို သင်္ကန်းပရိက္ခရာ ဘယ်နှစ်စုံနဲ့လာရွေးပါစသည်ဖြင့်ပေါ့

ပိုင်ရှင်ကလည်း ဘယ်‌ဆိုဈေးအတိုင်းပေးမတုန်း စစ်ကြရင်းနဲ့ တည့်သွားကြတာပဲ 


ဒါပေမယ့် ပရိက္ခရာဆယ်စုံလို့ဆိုတာကို သုံးစုံပဲပေးမယ်လို့ နင်းကန်ခွစစ်လို့တော့မရဘူး လေလံလို့ ဆိုတယ်မဟုတ်လား အခြားသူတွေက ‌သူ့ထက်ပိုပေးသွားနိုင်တာကိုး


ဒါ‌ပေမယ့် အများအားဖြင့် ခိုးသူနဲ့ ပစ္စည်းရှင် ကြေလည်သွားတာပါပဲ ဘာကြောင့်လဲဆိုတော့ ခိုးသူကလည်း သူဖို့ခိုးတာမှမဟုတ်ဘဲကို 


တောင်းဆိုတာကလည်း သောက်စားမူးယစ်ပျော်ပါးဖို့ပိုက်ဆံတောင်းတာမှမဟုတ်တာ လှူဒါန်းဖို့နဲ့ နောက်တနေ့ သင်္ကန်စီးကြမယ့် ရွာကယောက်ျားကြီးငယ်တို့အတွက်ကိုး ဒီတော့ ပစ္စည်းရှင်လည်း ကျေနပ်စွာပေးတာပါပဲ

____________________


ဈေးစစ်တယ်ဆိုတာက ရောင်းရေးဝယ်တာရဲ့ သဘောသဘာဝကို လူငယ်တို့ သဘောပေါက်နားလည်ဖို့ရည်ရွယ်ပုံပဲ

_______________________


ခိုးခြင်းကို မနက်အရုဏ်မတက်မီ ကျီးမနိုးခင်အတွင်းပဲ ပြုခွင့်ရှိပါတယ် ဒါကြောင့်ကျီးမနိုးပွဲလို့ခေါ်တာ


နောက်နေ့မှာတော့ ခိုးခြင်းမအောင်မြင်လို့အမိခံရသူတွေကော ရွာ့ယောက်ျားကြီးငယ်တို့ပေါင်းစုလို့ သင်္ကန်းစီးကြတယ် သင်္ကန်းဒကာကတော့ ခိုးခံရတဲ့ပစ္စည်းရှင်တွေပေါ့

ပြောချင်တာက သူခိုးကြီးညလို့အသိများတဲ့ ကျီးမနိုးပွဲက သာမန်စရုံနောက်ရုံသက်သက်မဟုတ်ဘဲ တရားရုံးရေးရာအသိပညာတွေ ဈေးရောင်းဈေးဝယ်သဘောတရားတွေထုံမွှမ်းလို့ ဘာသာရေးကိုရွယ်ပြုတဲ့ပွတော်ဆိုတာပါ

ဒီအကြောင်းလေးကို ဇစ်ဇစ်မြစ်မြစ်သိချင်ရင် ဆရာကြီးရန်ကုန်ဘဆွေရဲ့ ကျီးမနိုးပွဲဆိုတဲ့ စာအုပ်မှာ စုံစုံလင်လင်မှတ်တမ်းပြုထားတာရှိတယ်ဗျ


အဲ့ဒီစာအုပ်ကို doh khit ယူကျုချန်နယ်မှာ ဟေဇယ် ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော


ရေးဟန်ကြောင့် ပထမ နာရီဝက်လောက်တော့ ဖတ်ရ နားထောင်ရပျင်းကောင်းပျင်းနိုင်ပါတယ် ဒါပေမယ့်အဆုံးထိနားစဉ်ရင်တော့ မြန်မာတို့ယဉ်ကျေးမှုနဲ့ ကျီးမနိုးပွဲရဲ့အငွေ့အသက်ကို ဖမ်းဆုတ်မိလိမ့်မယ်လို့ အာမခံပါတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Thursday, May 14, 2026

ငါးစိမ်းမြင် ငါးကင်ပစ်တယ်ဆိုတာ

 



ငါးစိမ်းမြင် ငါးကင်ပစ်တယ် ဆိုတာ
ဒီစကားက အတော်အသုံးတွင်ကျယ်တာမို့ လူတိုင်းသိပြီးရင်းနှီးပြီးသားပါ ဘယ်လိုနေရာမှာ ဘယ်လိုရည်ရွယ်ချက်နဲ့သုံးတယ်ဆိုတာလည်း သဘောပေါက်ပြီးဖြစ်ပါလိမ့်မယ်

ဒါပေမယ့်ဗျာ 
ဒီစကားပုံကိုကိုယ်နားမလည်ဘူး

ငါးစိမ်းမြင်တာနဲ့ ဘာ့ကြောင့် ကင်ပြီးသားငါးကိုပစ်ရလဲပေါ့ 
ငါးကင်ဆိုတာက ဘာမှထပ်အလုပ်ရှုပ်နေစရာမရှိ အသင့်စားရုံပဲမဟုတ်လား ဒီအတွေးနဲ့ပေါ့

အမှန်က ဒီစကားပုံလေးကို ကောက်ယူပုံလွဲနေတာပါ

ငါးကင်ဆိုတာက ငါးကင်ပါပဲ
ငါးစိမ်းကကျ ဒီလိုမဟုတ်ဘူး ပေါင်းမလား ချက်မလား ကြော်မလား ကြိုက်နှစ်သက်သလိုစီမံပိုင်ခွင့်ရှိတယ် အရသာအသစ်အဆန်းလေးတွေ ပေးနိုင်တယ်ပေါ့
____

ဒီတော့ဗျာ ပိုင်ဆိုင်ပြီးသားအရာက အလှဆုံး အချောဆုံး အပြည့်စုံဆုံး ဖြစ်ကောင်းဖြစ်မယ်ပေါ့ ဒါပေမယ့်ပိုင်ဆိုင်ထားသူအဖို့ ဘယ်လောက်ရနံ့သင်းပျံ့ပျံ့ ဘယ်လောက်အရသာရှိရှိ ငါးကင်က ငါးကင်ပဲ ငါးကင်အနံ့ ငါးကင်အရသာပဲဟုတ်

ဘယ်လောက်နှစ်သက်ပါတယ်ဆိုဆို နေ့စဉ်ရက်ဆက်ဆိုငြီးငွေ့လို့ အသစ်အဆန်းလေးတွေ ထိတွေ့မြည်းစမ်းကြည့်ချင်တဲ့ ပုထုဇဉ်သဘာဝကို ရည်ညွှန်းတာကတမျိုး
____

နောက်ထပ် ဒီစကားပုံရဲ့ ရည်ရွယ်ချက်ကတော့

ဇာတ်တော်မှာ လူတယောက်ပညာစုံလို့ဇာတိပြန်လာစဉ် ဆရာကြီးက သူ့သမီးနဲ့လက်ဆက်လို့ထည့်ပေးလိုက်တယ် 

လမ်းခရီးမှာ ဓားပြတိုက်ခံရချိန် ထိုအမျိုးသမီးက ဓားပြကိုတပ်မက်လို့ လင်ကိုသတ်နိုင်အောင်ကူပေးလိုက်တယ် 
ဓားပြနဲ့ နှစ်ပြားဂဟေဆက်မယ်ပေါ့ 

ဒါပေမယ့်ဓားပြကြီးကစဉ်းစားတယ် ငါလည်းတချိန်ဒါမျိုးကြုံနိုင်တယ်တွေးပြီး ထိုမိန်းမကိုထားချန်ခဲ့လိုကျန်ခဲ့ချိန်

သိကြားမင်းက မြေခွေးအယောင်ဆောင်လို့ အသားတတုံးချီလာတယ် ထိုစဉ်ငါးတကောင်ကိုတွေ့တော့ အသားတုံးကိုချပြီး ငါးကိုလိုက်တယ် 

ဒါပေမယ့်ငါးက ရေအောက်ငုံ့လျှိုးသွားတော့ ထားချန်ခဲ့တဲ့အသားတုံးဆီပြန်လာပေမယ့် ထိုအသားတုံးကို ငှက်တကောင်ကကိုက်ချီသွားတော့ နှစ်ခုစလုံးဆုံးလို့ငေးငိုင်နေတဲ့အဖြစ်ကို ထိုမိန်းမကမြင်ပြီး လှောင်ပြောင်ရယ်မောတော့ 

မြေခွေးကသိကြားမင်းအဖြစ် ‌ချက်ချင်းပြောင်းလို့ ငါ့ကိုသာရယ်တာ နင်လည်းအတူတူဘဲမဟုတ်လားလို့ဆိုတယ်
____

ဒီဇာတ်တော်အရဆိုရင်တော့ ငါးစိမ်းမြင်လို့ငါးကင်ပစ်တယ်ဆိုတာက နောက်ဆုံးငါးစိမ်းလည်းဆုံး ငါးကင်လည်းဆုံးဖြစ်တတ်တာကို သတိကပ်ဖို့ပြဆိုတယ်လို့ဆိုရမှာပေါ့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

Wednesday, May 6, 2026

မင်္ဂလာပါ လို့ စတင်နှုတ်ခွန်းဆက်စေခဲ့သူ

မင်္ဂလာပါ လို့ စတင်နှုတ်ခွန်းဆက်စေခဲ့သူ
ဒေါက်တာမောင်ဖြူး ( တန်ဂွမ်လျောင် (၁၉၀၅-၁၉၇၀)

♥♥♥♥♥♥♥♥♥♥♥


ဟုတ်ကဲ့ မင်္ဂလာပါဗျာ

ဒီစကားရဲ့အဓိပ္ပါယ်ကတော့


ကောင်းခြင်းအဖြာဖြာပြည့်စုံပါစေ

ကောင်းသောအခြင်းအရာများ ဖြစ်ပွားပါစေ 

ကောင်းသောဘဝပိုင်ဆိုင်နိုင်ပါစေကြောင်း နှုတ်ခွန်းဆက်တဲ့ စကားဖြစ်ပါတယ်


ဒီဝေါဟာရလေး အသုံးတွင်အောင် တိုက်တွန်းလှုံ့ဆော်ခဲ့သူက

ဆရာကြီး ဒေါက်တာမောင်ဖြူးပါ


တယောက်နဲ့တယောက် တွေ့ဆုံချိန် နှုတ်ခွန်းဆက်စကားဆိုရာမှာ 

တချိန်က မြန်မာဟာ ကိုယ်ပိုင်စကားမရှိသေးပဲ 

အင်္ဂလိပ်တို့ရဲ့ good morning ကိုယူပြီး 

ကောင်းသောနံနက်ခင်းပါ ဆိုပြီး သုံးနှုံးခဲ့ကြတယ်လို့ ဆိုပါတယ်


ကိုယ့်အနီးအနားတိုင်းပြည်တွေမှာလည်း နှုတ်ခွန်းဆက်စကားအသီးသီးရှိနေကြတယ်လေ

ထိုင်းဆိုရင် ဆဝတီခပ်

အိန္ဒိယဆိုရင် နာမစတေး

ကိုရီးယားဆိုရင် အညာဆေယော

ဂျပန်ဆိုရင် အရီဂတ်တိုဂိုဇိုင်းမတ် စသည် စသည်ဖြင့်ပေါ့


ဒီတော့ မြန်မာကိုယ်စားပြုအနေနဲ့ 

ကိုယ်ပိုင်စကားတခုသုံးစွဲဖို့ ကြံဆခဲ့တယ်


ဒီလိုနဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ခွန်းဆက်စကား ဖြစ်ပေါ်လာရတာပါ 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥




 ဆရာကြီး၏ အတ္ထုပ္ပတ္တိအကျဥ်း


...................................




ဆရာကြီးကို ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့အဘဦးအောင်ညွန့် အမိဒေါ်ချောတို့မှ


၁၉၀၅ခုနှစ်တွင်ဖွားမြင်သည်




ငယ်အမည်မှာ ''ဂွမ်လျောင်"ဖြစ်ပါတယ်


တရုတ်နွယ်ဖွားဖြစ်ပြီး မျိုးရိုးက တန် ဖြစ်ပါတယ်


ဒါကြောင့် "တန်ဂွမ်လျောင်" လို့ခေါ်ပါတယ်




မိဘများပြောင်းရွေ့အခြေချသည့် ငယ်ဘဝဖြတ်သန်းရာ 


ဖြူးမြို့ကိုအစွဲပြုပြီး ဒေါက်တာမောင်ဖြူး လို့ မှည့်တွင်ခဲ့ပါတယ်




ငယ်စဥ်မှာပဲ ဖခင်ဆုံးပါးခဲ့သည်


မွေးရပ် ဦးပဲနွယ် အမည်ဖြင့်ကလောင်ယူလိုသော်လည်း အခေါ်ခက်မည်စိုး၍ ဦးပန်းနွယ် ဆိုသော ကလောင်အမည်ဖြင့်လည်း စာပေရေးသားခဲ့ပါတယ်




ကျွန်တော်တို့ငယ်ငယ်က အငယ်တန်းဖတ်စာမှာပါတဲ့


မောင်ရေခဲတို့ မရွှေဖဲတို့ ကဗျာတွေက ဆရာကြီးရေးထားတာတွေပါ




၁၉၄၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ


ပါရဂူဘွဲ့ရတဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံသားဖြစ်ပါတယ်


----------------------------------------------




မူကွဲများ


....


အချို့ကလည်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သတဲ့ဓလေ့က 


ရှေးယခင်ကတည်းက ရှိနေပြီးသားဖြစ်ပြီး 


အသုံးမတွင်သေးတာ မကျယ်ပြန့်သေးတာပါလို့ ဆိုပါတယ်




အချို့ကလည်း ၁၉၄၇-၅၀ခုနှစ်တွင် ဆရာကြီးဟာ 


ရန်ကုန်ဆရာဖြစ်သင်တန်းကျောင်းမှာ မြန်မာစာကထိကအဖြစ်ဆောင်ရွက်စဉ် 


ဆရာနှင့်တပည့်များ မင်္ဂလာပါ ဟုနှုတ်ခွန်းဆက်ရန် တိုက်တွန်းခဲ့သူသာဖြစ်ပြီး 


အသစ်တီထွင်ဖန်တီးသူမဟုတ်ကြောင်းလည်း ဆိုပါတယ်




#အရေးတော်ပုံအောင်တော့မည်


#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်



ကိုလေး ☆ အင်းတဲ


မိတ်ကောင်းဆွေကောင်း

မိတ်ကောင်းဆွေကောင်း

။။

ကျွန်တော်တို့က သူငယ်ချင်း မိတ်ဆွေဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးတွေနဲ့ပတ်သက်လို့ မျှော်လင့်ချက်အချို့ရှိတတ်ကြတယ် 


ကိုယ့်အခက်အခဲကို ကူညီညာဖြေရှင်းပေးဖို့ လိုလားတောင့်တကြတာမျိုး ဒီလောက်ကြီးမဟုတ်တောင် အနည်းဆုံးတော့ ကိုယ့်ခံစားချက်တွေကို ဝေမျှနိုင်ဖို့ဖြစ်ဖြစ်လောက်ပေါ့


ရွိုင်ဇာရဲ့ ကမ္ဘာကျော်အဆိုအမိန့်တခုရှိတယ်

ကိုယ်လျှောက်မယ့်လမ်းပေါ်က ဆူးညှောင့်ခလုတ်တွေကို အခြားသူတွေကလာရှင်းပေးဖို့ မတောင့်တအပ်ဘူး မမျှော်လင့်အပ်ဘူး ဆူးညောင်းခလုပ်ကန်သင်းအတားအစီးတွေလာချမထားရင်ပဲ ကျေးဇူးတင်သင့်တယ်တဲ့


ဟုတ်သားပဲဗျနော် လူဆိုတဲ့သတ္တဝါဟာ ကိုယ်စီဒုက္ခတွေနဲ့ ရုန်းကန်ရှင်သန်ရသူချည်းပါ 


ဒီထဲကမှ ငါဗဟိုပြုဝါဒနဲ့ ကိုယ့်အရေးအရာကိုယ့်ပြဿနာသာမဟာထင်လို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း အပေါင်းအသင်းမိတ်ဆွေတွေက ဝိုင်းဝန်းဖြေရှင်းပေစေချင်တာ သိပ်အတ္တဆန်နေမလားပဲ 


တကယ်တော့ ရွိုင်ဇာဆိုခဲ့သလို ကိုယ်လျှောက်မယ့်လမ်းမှာ အတားအစီးတွေလာမချရင်ဘဲ မဆိုးလှဘူးရယ်လို့ဆိုနိုင်ကောင်းတယ်ဟုတ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Sunday, May 3, 2026

အာသေဝနပစ္စည်း


 အာသေဝနပစ္စည်း
.
တခါတခါ အချို့စကားလုံးတွေက ဘာသာစကားအတားအစီးကြောင့် အနှစ်သာရကိုမဖမ်းဆုပ်နိုင်ဘဲ အသားလွတ်ကြောက်တာ အထင်ကြီးတာ အထင်သေးတာမျိုးဖြစ်တတ်ပါတယ်

ကျနော်တို့နိုင်ငံမှာဆိုရင် ဗုဒ္ဓဘာသာဝင်များအဖို့ ပစ္စယနိဒေသဆိုတဲ့ ၂၄ ပစ္စည်းက စကားလုံးတွေဆိုရင် အားလုံးနည်းပါးအလွတ်လည်းရသလို အစွမ်းရှိတဲ့ တန်ခိုးကြီးတဲ့စကားစုတွေအဖြစ်မှတ်ယူလို့ ကရော်ကမယ်မပြုရဲဘဲ မဖတ်ရဲဘဲ စိတ်မှာ အထူးတလည်းအလေးအမြတ်ပြုထားတတ်ကြတယ်ဟုတ်

အမှန်တော့ အလွန်လျှင်မြန်စွာဖြစ်ပေါ်နေတဲ့ စိတ်ရဲ့ဖြစ်စဉ်နဲ့ ထိုစိတ်ရဲ့စွမ်းရည်ကို အသေးစိတ်ရှင်းပြထားတဲ့သဘောပါ ထားတော့

ဒီ အာသေဝနပစ္စယ ဆိုတာက အဖန်တလဲလဲပြုတာ 
ဒါရဲ့အကျိုးက အရှိန်အဟုန်ကိုဖန်တီးလို့ ပိုမိုအားကောင်းလာစေတာပါ

ဥပမာ ဒေါသဖြစ်တယ်ဆိုပါတော့ ပထမဖြစ်စက သိပ်အရှိန်အဟုန်မရှိပေမယ့် ပြောရင်းပြောရင်း တွေးရင်းတွေးရင်း တဆတ်ဆတ်တုန်လာသည်အထိ အရှိန်အဟုန်ပြင်းထန်လာတာမျိုး 

ခက်ခဲတဲ့စာကို ပုစ္ဆာကို ပထမတခေါက်ဖတ်တယ် သိပ်နားမလည် နောက်တခေါက် နောက်တခေါက် နောက်တခေါက် ထပ်ဖန်တလဲလဲပြုဖန်များလာချိန်မှာ ထိုပုစ္ဆာကိုအလွယ်တကူနားလည်လာတယ် ထို့အသိခက်တဲ့စာကို နားလည်လာတယ် 

ပြောလိုတာက အာသေဝနပစ္စယောဆိုတာက ဖြစ်ပေါ်လာတဲ့အာရုံကို စိတ်မှာပေါ်လာအောင် ပုံရိပ်ပြတ်သား အားကောင်းလာအောင် အဖန်ဖန်တင်ပေးတာမျိုးပေါ့

ဒါက ကျွန်တော်တို့ရွတ်ဆိုနေတဲ့ ၂၄ပစ္စည်းထဲက ပစ္စယနိဒ္ဒေသတခုရဲ့ ကျွန်တော်နားလည်မိတဲ့သဘောသဘာဝပါ
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

Friday, May 1, 2026

နိုဘယ်ဆုရှင် နိုင်ငံ့ဥသျှောင်ကိုတောင် နိုင်ငံငယ်လေးက လူမိုက်သေးသေးလေးက ပေါ်တင်သေနတ်ပြချိန်းခြောက်ပြန်ပေးဆွဲခွင့်ရတဲ့ ကမ္ဘာကြီးမှာ ကျွန်နော်တို့နေပါတယ်

နိုဘယ်ဆုရှင် နိုင်ငံ့ဥသျှောင်ကို နိုင်ငံငယ်လေးက အယုတ္တမာ လေးက 

ဇာတ်ထဲကလူမိုက်အထာနဲ့ ပေါ်တင်ပြန်ပေးဆွဲခွင့်ရတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့နေပါတယ်



နိုဘယ်ဆုရှင် နိုင်ငံ့ဥသျှောင်ကိုတောင် နိုင်ငံငယ်လေးက လူမိုက်သေးသေးလေးက ပေါ်တင်သေနတ်ပြချိန်းခြောက်ပြန်ပေးဆွဲခွင့်ရတဲ့ ကမ္ဘာကြီးမှာ ကျွန်နော်တို့နေပါတယ်


Thursday, April 30, 2026

ဆရာအကြည်တော်ရဲ့ ငုံး " ဆိုသောစာအုပ်နဲ့အတွေးစ


 ဆရာအကြည်တော်ရဲ့ ငုံး " ဆိုသောစာအုပ်နဲ့အတွေးစ

.

ဆရာအကြည်တော်ကိုတန်ဖိုးရှိတဲ့စာတွေမရေးဘူးလားဆိုတော့ လောကမှာပျော်ရွှင်ခြင်းထက် တန်ဖိုးကြီးတာဘာရှိအုံးမှာလဲတဲ့ 


ဒီယုံကြည်ချက်ကို စွဲစွဲမြဲမြဲကျင့်သုံးတာမို့ ဆရာ့စာတွေက ဒုက္ခကိုဖော်ကျူးတာဖြစ်နေရင်တောင် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်သူခံစားသူအတွက် လေးလေးပင်ပင်မဖြစ်စေဘူး


နောက်ပိုင်းတော့ ဟာသကိုလွန်ကဲတဲ့ဖော်ကျူးမှုတွေကြောင့် ပေါ့တယ်ပေါတယ်လို့ ယူဆကြတိုင်စေ ပရိတ်သတ်တို့အတွက်တော့ သဲကြောထဲမှာရွှေရှာသလို တပွင့်ဆိုဆိုသလောက် တင်္ဂဘဝအမောဖြေဖို့ ပေါ့ပေါ့ပါးပါးရယ်ရွှင်ရင်းက ရုတ်ချည်းလေးနက်တဲ့ ဘဝအသိအတွေးတွေကို ခံစားမိစေတာမို့ လက်လွတ်မခံနိုင်အောင်ပါပဲ


ဆိုခဲ့သလို့ ဒီ ငုံး ဆိုတဲ့စာအုပ်က ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်းပါ


သမီးရှင်လူကြီးတယောက် သူ့အိမ်တွင်းမှာခြုံတခြုံရှိတယ်

တနေ့သမီးပြောက်လို့လိုက်ရှာတော့ ပြီတီတီမျက်နှာထားနဲ့အဆိုပါခြုံအတွင်းကထွက်လာတယ် လက်ထဲမှာလည်းငုံးတကောင်နဲ့ မေးကြည့်တော့ခြုံထဲမှာ ငုံးသိုက်ရှိတယ်တဲ့ 


ဒီတော့ သူ ဝင်ရှာတယ်မတွေ့ သူသမီးဝင်ရှာတော့ ခဏအကြာငုံးပါပါလာတယ် အရပ်ထဲကကောင်လေးဝင်ရှာလည်းတွေ့တာပဲ


သဘောက သူ့သမီးနဲ့ဟိုကောင်က နှစ်ပေါက်တပေါက်ရိုက် အဖိုးကြီးကိုလှည့်စားလို့ ခြုံထဲမှာချိန်းတွေ့နေကြတာမျိုးပေါ့ 


ဒါကိုစာအုပ်တလျှောက်လုံးပေါ့ပေါ့ပါးပါး ဟာသအမြင်နဲ့ဆရာကရေးဖွဲ့ထားတာ 


ပုံမှန်အားဖြင့်တော့ သူတို့နှစ်ယောက်ညားကြလေသတည်းမှာ ဇာတ်သိမ်းကြပေမယ့် ဆရာကအဲ့သည်မှာမဆုံးစေဘဲ နောက်မှာတခန်းစာထပ်မံတွဲဆက်ထားတာလေးက ဇာတ်ကိုသာမန်ဟာသသဘောထက် တွေးစရာလေးဖြစ်သွားတာ


ညားသွားကြပြီး နှစ်နှစ်ဆယ်လောက်အကြာ ထိုလင်မယားမှာ အရွယ်ရောက်ပြီးသမီးပျိုလေးရှိလာတယ်


ထိုသူကလည်း သူတို့နှစ်ယောက်ဖူးစာဖက်ရာ ခြုံလေးကိုအချစ်အမှတ်တရအနေနဲ့မဖျက်ဘဲ ယောက္ခမလောင်းကြီးကိုလှည့်စားလို့ ရင်ခုန်ခဲ့ရတဲ့တွေ့ဆုံခဲ့ချိန်တွေကို တစိမ့်စိမ့်ကြည့်လို့ကြည်နူးနေခိုက် 


သူ့သမီးကထိုခြုံထဲကနေ ပြီတီတီမျက်နှာထားနဲ့ထွက်လာတယ် လက်ထဲမှာလည်းယုန်တကောင် 


သူကမေးတော့ ယုန်ဝင်ဖမ်းသတဲ့


ဒီတော့ထိုသူထိပ်ထိပ်ပြာပြာဖြစ်လို့ ဓားမကိုဆွဲလို့ခြုံကိုရှင်းရင်းတဆက်တည်းမှာ မယားကိုလှမ်းအော်တယ် 


🐰အရပ်ထဲဘယ်ကောင်ယုန်မွေးသလဲခုချက်ခြင်းသွားစုံစမ်းတဲ့


လှလိုက်တာဗျာ 


သူများအမြတ်တနိုးတန်ဖိုးထားရာကို လှည့်ဖျားကွက်ကျော်ရိုက်လို့ ခိုးကြောင်ခိုးဝှက်နှိုက်မြည်းရတာကို ရင်ခုန်ကြည်နူးဖွယ်အဖြစ် တစိမ့်စိမ့်ပီတိဖြစ်ခဲ့လေသမျှ


ထိုခံရသူက ကိုယ်ဖြစ်လာချိန်မှာ ကိုယ့်အကွက်နဲ့ကိုယ်တန်ပြန်ခံရချိန်မှာ ရုတ်ချည်းဒေါသအဖြစ်ပြောင်းလဲသွားတာကိုပြသွားတာ


ကဲ ဝါးချင်းတဲ့ကျားတို့ 


သူများအမိ နှမ သမီး မယားကို မတော်မလျှော်ပြုတာကို စွံသူကြီးအဖြစ်ပီတိဖြစ်မယ်ဆိုပါတော့ ကိုယ့် အမိ နှမ သမီး မယားကို အခြားသူက ထိုသို့ပြုမယ်ဆိုရင်ကောလို့ ကိုယ်ချင်းစာဖို့ဆိုတာကို ဆရာက ဋီကာချဲ့မနေဘဲရိုးရိုးလေးပြသွားတာ ပါးပါးလေးပုတ်ပြသွားတာပါ

.

.

ညွှန်းဆိုခဲ့တဲ့ အဆိုပါစာအုပ်ကို ဒို့ခေတ်ယူကျုချန်နယ်မှာ ကိုသောင်းရီဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာသွားရောက်နားစဉ်လို့ တော်လှန်ရေးအတွက် တတပ်တအားပါဝင်နိုင်ပါတယ်

လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်းမမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်


#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Saturday, April 25, 2026

လူဖြစ်ရတဲ့ဒုက္ခ


 လူဖြစ်ရတဲ့ဒုက္ခ

ဘာသာတရားတွေမှာ လူဟာဘုရားကတိုက်ရိုက်ဖန်ဆင်းတယ် အသိဉာဏ်အရှိဆုံးသတ္တဝါရယ်လို့ မည်မျှပင်ချီးချီးပပဆိုဆို အခြားသတ္တဝါဘုံသားတွေထက်ပိုလို့ မတောင်းဆိုရဘဲ ဇွတ်အတင်းဘယ်သူထည့်ပေးလိုက်လည်းမသိတဲ့ လူဖြစ်မှ ခံစားရတဲ့ဒုက္ခကြီးလို သီးသီးခြားခြား အပိုဆုကြီးတခုကပါရှိပြီးဖြစ်ပါတယ်


နတ်တို့ ဗြဟ္မာတို့ ဆိုပါတော့ နေစရာအတွက်က ကံအားလျှော်စွာ ပေါ်ပေါက်လာတာမို့မကြောင့်ကြရ စားစရာ ဝတ်စရာတို့လည်းထိုနည်း၎င်း


အပယ်ဘုံသားလို့ခေါ်တဲ့ ငရဲသားတွေဆိုရင်လည်း ဒုက္ခခံနေရသည်ဆိုစေ နေဖို့ရယ်ကြောင့်ကြစရမလို ပြိတ္တာတို့များကျပြန်တော့လည်း သစ်ပင်သစ်ကိုင်းအိမ်အိုဇရပ်ပျက်နေ‌ကောင်းနေရမယ် လူ့စွန့်ပြစ်အညစ်အကြေးတွေကို စားကောင်းစားရမယ် အငတ်ငတ်အပြတ်ပြတ်ဖြစ်ကောင်းဖြစ်နေမယ် သူတို့တာဝန်က တောင်းဆိုနေဖို့ ရှာနေဖို့သက်သက်သာရှိတယ်ဟုတ်


အဟိတ်တိရစ္ဆာန်တွေဆိုရင်လည်းကြည့်လေ နေဖို့အိမ်ကို ကိုယ်တိုင်တည်ဆောက်ရတဲ့ တိရိစ္ဆာန်မျိုးစိတ်အချို့ရှိမယ် စားဖို့ သက်စွန့်ဆံဖျားကြိုးစားရတဲ့ တိရစ္ဆာန်မျိုးစိတ်အချို့ရှိမယ်ဆိုပေမယ့် လူလောက်တော့ ဘာဟိရတယ်မများလှဘူး


စဉ်းစားကြည့်လေ 


သတ္တလောကမှာ ဘယ်သတ္တဝါက သူတို့မျိုးတူတွေဝတ်ဆင်ဖို့ အဝတ်အစားဖန်တီးထုတ်လုပ်ရတာမျိုးရှိလို့တုန်း


စားဖို့ဆိုရင်ပိုတောင်ကသီသေးတယ် ဘယ်တိရစ္ဆာန်က သူတို့အစားအစာအတွက် စိုက်ပျိုးမွေးမြူရတယ်ကြားဖူးလို့တုန်း စာလာရင်သဘာဝအားလျှော်စွာဖြစ်ပေါ်နေတဲ့ စားစရာကိုရှာဖွေရုံပါပဲ အားစိုက်ရတာချင်းတော့ကွာတာပေါ့


လူတွေများမတော့သိပ်ခက်တယ် 


ထူးကဲတဲ့ဉာဏ်ရည်ကြောင့်ပဲလားမသိ လူသားတွေအတွက် နေဖို့စားဖို့ဝတ်ဖို့ကို သဘာဝအလျှောက်ဖန်တီးပေးထားတာတွေက လုံလောက်မှုမရှိဘူး မတင်းတိမ်စေဘူး ပိုပိုပြီးကောင်းတာ ပြည့်စုံတာကို လိုလားရှာဖွေကြရင်း ရှာဖွေကြရင်း ပြည့်သည်မရှိ လိုမြဲလိုစဲ


ကဲ.. ဒီတော့အထူးထည့်ပေးလိုက်ပါတယ်ဆိုတဲ့ ဉာဏ်ပညာကြီးက ကိုယ်ပိုင်စားကျက်ကို ဖန်တီးထိမ်းသိမ်းစောင့်လျှောက်ကာကွယ်လို့ တိုးတက်အောင်အစဉ်ကြိုးစားအားထုတ်ဖို့ ဒီအတွက်လုံးပန်းဖို့သာအသုံးပြုနေရတယ်ဟုတ်


ဒီတော့ပြောစမ်းပါ 

လူဖြစ်ရတဲ့ဒုက္ခက သေးသလားကိုယ့်လူတို့ ...

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး