ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label မြန်မာ့ရိုးရာဓလေ့. Show all posts
Showing posts with label မြန်မာ့ရိုးရာဓလေ့. Show all posts

Wednesday, February 16, 2022

ကိုရင် ၏ အဓိပ္ပါယ်

ထေရဝါဒဗုဒ္ဓဘာသာမှာ ဘာသာရေးရဲ့အတွင်းစည်းထဲက ဆယ်ပါးသောသီလကိုခံယူလို့ စာဝါကျက်မှတ်ရင်း သာသာနာ့အမွေခံ သာသနာ့အမျိုးကို အသက်ဆက်ရုံမက ပြန့်ပွားစည်ပင်ဖို့ သင်အံလေ့ကျက်နေကြတဲ့ အသက်နှစ်ဆယ်အောက် သာသနာ့ဝန်ကို ထမ်းရွက်နေသူတွေကို ပါဠိမှာတော့ သာမဏေလို့ ခေါ်တယ်


ဗမာလိုတော့ ကိုရင်ပေါ့


ရှေးခေတ်အခါက ဗမာအမျိုးသားများဟာ စာဝါလိုက်နိုင်ချိန် သင်္ကန်းတောင်း စသည်တို့ကို ပီပီသသရွတ်ဆိုနိုင်ချိန်မှ အများအားဖြင့် ရှင်ပြုကြတာဆိုတော့ အခုခေတ်လို လက်ပွေ့အရွယ် မတ်တတ်ပြေးစအရွယ်လောက်နဲ့ သာမဏေပြုပေးကြဟန်မတူဘူး


မိန်းကလေးက ကိုယ့်ထက်ကြီးသူကိုခေါ်တော့ ဦးရင်

ရွယ်တူကြတော့ ကိုရင် ငယ်သူကြတော့ မောင်ရင်တဲ့


နောက်က ရင် ဆိုတဲ့ စကားလုံးကလည်း မူရင်းက ရှင် များဖြစ်နေမလားမသိ

ရှင်ပြု မောင်ရှင်လောင်း (မောင်ရင်လောင်း) စသည်တို့ရှိသည့်အပြင်

တိုင်းပြည်ကို ထိမ်းသိမ်းစောင့်ရှောက်သူကို ရှင်ဘုရင်

သီလစောင့်သူမို့ သာသနာ့နွယ်ဝင်အမျိုးသမီးကို သီလရှင်

လို့ ခေါ်ဝေါ်ကြတာကြောင့်ပါ


ဒီလိုနဲ့ ကာလကြာတော့ ဦးရင်နဲ့မောင်ရင်ကပြောက်လို့

ရှင်သာမဏေတွေကို ကိုရင်လို့ပဲ ခေါ်ဝေါ်ကြပါတော့တယ်လို့ 

ထင်မြင်မိပါကြောင်း....


သန်းထွန်းလေး □ အင်းတဲရွာ


Monday, November 19, 2018

စာအက္ခရာအကြောင်း



📝

မြန်မာ့ ဗျဉ်းအက္ခရာ ၃၃ လုံးမှာ အထီး အမ ခွဲခြားထားတာလေးရှိတယ်ဗျ

ဗျည်းအက္ခရာတွေကို သူငယ်တန်းဖတ်စာအုပ်မှာ ရေးထားတဲ့အတိုင်း စီရေးကြည့်ပါ

>>>>>>>>>>>>>>>

ကကြီးအောက်က အထီး
ခကွေးအောက်က အမ
ဂငယ်အောက်က အထီး
ဃကြီးအောက်က အမ
င အောက်က အထီး

<<<<<<<<<<<<<<<

ဒီတော့ ဘာထူးခြားလည်းဆိုတော့ 

စာမှာ စာလုံးဆင့်တွေ တွေ့ဖူးမှာပါ ဒီလို ဆင့်ရာမှာ 

စာထီး အချင်းချင်းဆင့်တယ် 
စာမ အချင်​းချင်​း မဆင့်ပါဘူး

စာထီးအောက်က စာမ ဆင့်ပေမယ့် 
စာမအောက်မှာ စာထီး မဆင့်ပါဘူး

📝📝📝📝📝📝📝📝📝📝📝📝📝

ဥပမာအားဖြင့် စာထီးအချင်းချင်း ဆင့်မှုများ

ကုက္ကိုပင်​ အဂ္ဂ သပ္ပါယ် စသည်ဖြင့်ပေါ့ 

စာထီးဖြစ်တဲ့ က္က ဂ္ဂ စ္စ ဇ္ဇ စသည်ဖြင့် အဆင့်တွေ တွေ့နိုင်ပေမယ့် 

ခ္ခ ဆၦ ထၳ ဓ္ဓ အဲ့ဒီလို စာမအချင်းချင်း ဆင့်မှုတွေကိုတော့ တွေ့နိုင်မှာ မဟုတ်ပါဘူး

စာထီးအောက်မှ စာမ ဆင့်မှုနှင့် စာမအောက်မှာ စာထီးမရှိမှု

က္ခ တွေ့နိုင်ပေမယ့် ခ္က မတွေ့နိုင်ပါဘူး
စၧ ။ ဆ္စ ။ 
တၳ ။ ထ္တ ။
ဒ္ဓ ။ ဓ္ဒ ။

📃📃📃📃📃📃📃📃📃📃📃📃📃📃

ဘယ်မှာ ဖတ်ခဲ့ဖူးလည်း အသေအချာ မမှတ်မိဘူးဗျ ရမ်းသမ်းပြီး ဒီလူ့စီက ဒီစာအုပ်စီက ကိုးပါတယ်ဆိုရင် မှားခဲ့သည်ရှိသော် ထိုပုဂ္ဂိုလ်ရဲ့ ဂုဏ်​သိက္ခာအား အားနာ၍ ကိုးကားသူကို မရေးတော့ပါဘူး

မှားတာရှိလျှင် ထောက်ပြကြပါအုံးဗျာ

📑📑📑📑📑📑📑📑📑📑📑📑📑📑📑

သန်းထွန်းလေး အင်းတဲရွာ 

ဗမာတို့ရဲ့ ရက်​မြတ်​မင်္ဂလာ


""""""""""""""""""""""""""""
ပထမဆုံးအ​နေနဲ ဗမာ့ရက်​မြတ်​မင်္ဂလာကို တွက်​ချက်​နိုင်​ဖို့အတွက်​ ဗမာ့အက္ခရာဗျဉ်​း ၃၃ လုံးကို ​နေ့နံအလိုက်​မှတ်​သားထားဖို့ လိုပါတယ်​

တနင်္လာ . က- ခ- ဂ- ဃ- င
အင်္ဂါ စ- ဆ- ဇ- ဈ- ည
ဗုဒ္ဓဟူး . ယ- ရ- လ- ၀ ( ဠ )
ကြာသာပ​တေး ပ - ဖ- ဗ- ဘ- မ
​သောကြာ . သ- ဟ
စ​နေ တ- ထ- ဒ- ဓ- န ( ဋ- ဌ- ဍ- ဎ- ဏ )
တနင်္ဂ​နွေ . အ ( ဥ - သြ )


() အတွင်​းက အက္ခရာများက​တော့ သံတူစကားလုံးများဖြစ်​တဲ့အတွက်​ ထို​နေ့နံမှာပဲ အကျုံး၀င်​ပါတယ်​

( ရာဟုရဲ့ အက္ခရာက​တော့ ရ သာဖြစ်​ပြီး ဗုဒ္ဓဟူး​နေ့ရဲ့ မွန်​းလွဲချိန်​မှ ​နောက်​တစ်​ရက်​ မစတင်​မီအချိန်​ထိပါ )

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဝါရမိတ္တူရက်​
~~~~~~~~~~
 ဝါရမိတ္တူရက်ဆိုတာ မကောင်းပါ ပြဿဒါးထက်တောင်ဆိုးတဲ့ ရက်ယုတ် ရက်ညံ့ဖြစ်​ပါတယ်​
နေ့နဲ့ရက်ပေါင်းလို့ ၁၃ ဂဏန်​းကျတဲ့​နေ့​တွေကို ​ခေါ်ပါတယ်​

 မြန်မာလတိုင်းမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ ရှိစမြဲပဲ
 ဥပမာ တနင်္ဂ​နွေနေ့ ဝါရမိတ္တူကျတယ်ဆိုပါတော့
တနင်္ဂ​နွေက ၁၊ ဒီတော့ ၁၃ ဖြစ်ဖို့ ၁၂ လိုတဲ့အတွက် အဲဒီဝါရမိတ္တူရက်သည် လဆန်း၁၂ရက်သော်လည်းကောင်း လဆုတ်၁၂ရက်သော်လည်းကောင်း ဖြစ်ရမယ်​

မိတ်​ဖက်​
~~~~~~~
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း

ရန်​ဖက်​
~~~~~
 ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ

ဆံပင်​ညှပ်​
~~~~~~~
 မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်

​ရေချိုး
•••••••
 ငါ့သားရွှေတောင် ရေကိုရှောင်
 အောင်စံဖြိုးရေချိုး
 ဒါ လူနာများအတွက်ပြောတာ

 ခေါင်းလျှော်ရက််
~~~~~~~~~~~~~
အိုးစည်တီး ပြီးအောင်လျှော်

 အရောင်းအ၀ယ်
~~~~~~~~~~~~
လွမ်းပုံသာ ၀ယ်ပါဘိ
အောင်ကျော်စံနှောင်း မပယ်ကောင်း

အလုပ်​အကိုင်​အတွက်​ အချိန်​အခါ
~~~~~~~~~~~~~~~~~~~~~~~~
အောင်သာနေမွန်းတည့်
ငါ့ရှင်သုံးချက်တီး
ဆွေပြည်တက်တုန်းခါ
နံလာနေထွက်၀င်

အောင်သာ တနင်္ဂနွေနဲ့ သောကြာနေ့မှာ မွန်းတည့်ချိန်
ငါ့ရှင် ​တနင်္လာ နံရာဟုမှာ သုံးချက်တီးအချိန်တဲ့
ဆွေပြည် အင်္ဂါနဲ့ ကြာသပတေးနေ့မှာ မနက်ပိုင်းနေတက်နေတုန်းအချိန်​
နံလာ စနေနဲ့ ဗုဒ္ဓဟူးကတော့ နေထွက်ချိန်နဲ့ နေ၀င်ချိန်​မှာ
မိမိရဲ့အလုပ်အကိုင် အကြံအစည်များကို အစပြုသင်​့ပါတယ်​

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ရက်​ရာဇာ
_________
တန်ခူး- သာလှ
ထွန်းပ- ကဆုန်
နယုန်- ညွန့်စ
အောင်လှ- ဝါဆို
သာလို- ဝါခေါင်
မြကောင်- တော်သလင်း
သီတင်းကျွတ်- ဆီ
သောရီ- တန်ဆောင်မုန်း
သာလုံး- နတ်တော်
မိနော်- ပြာသို
မိညို- တပို့တွဲ
ထဲ၀င်- တပေါင်း
ဆောင်တိုင်းကောင်းသည် ရက်ကောင်းရာဇာ့ရာဇာတည်း။

တန်​ခူး သာလှ
သ ဆိုတဲ့အက္ခရာက ​သောကြာနံ
လ ဆိုတဲ့အက္ခရာက ဗုဒ္ဓဟူးနံ
ဖြစ်​သည်​့အတွက်​ တန်​ခူးလမှာ ​သောကြာ​နေ့ နဲ့ ဗုဒ္ဓဟူး​နေ့​တွေဟာ ရက်​ရာဇာဖြစ်​ပါတယ်​

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ပြဿဒါး
~~~~~~
ပြဿဒါး တွက်​ဖို့အတွက်​ အရင်​ဆုံး လ​တွေကို စီဖို့လိုပါတယ်​

တမာ သက်​ရင်​း အင်​ကြင်​း ဆူးရစ်​
__________________________________________________
တန်ခူး ကဆုန်​ နယုန်​ ဝါဆို
ဝါခေါင် တော်သလင်း သီတင်းကျွတ်​ တန်ဆောင်မုန်း
နတ်တော်​ ပြာသ ို တပို့တွဲ တပေါင်း

အထက်​ပါအတိုင်​း လ​တွေကို ဇယားချလိုက်​ရင်​
တမာရဲ့ ​အောက်​မှာရှိတဲ့
တန်းခူး ၊ ဝါခေါင်၊ နတ်တော် လ​တွေမှာ
တ စ​နေ
မ ကြာသာပ​တေး ရက်​​တွေဟာ ပြဿဒါး​နေ့​တွေပါ

•••••••••••••••••••••••••••••••••••••••••••••••••••••••

နဂါးလှည်​့
~~~~~~~
နဂါးခေါင်းက ၃ လ တစ်ခါပြောင်းပါတယ်​

ပေါင်း၊ ကူး၊ ဆုန် နောက်
န၊ ဝါ၊ ဝါ မြောက်
တော်၊ ကျွတ်၊ မုန်း ရှေ့
နတ်၊ ပြာ၊ တွဲ တောင်

••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဲ့ ဂြိုဟ်သက်
~~~~~~~~~
တနင်္ဂ​နွေ၊ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ၆ နှစ်မျှ။
တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့မှာ။
အင်္ဂါခြငေ်္သ့၊ ရှေ့တောင်တွေ့၊ မရွေ့ ၈ နှစ်မျှ။
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် ၁၇ နှစ်။
ကြာသပတေးကြွက် ၁၉ သက်၊ နေလျက် မဥိ္ဇမ။
သောကြာမှာပူး မြောက်စူးစူး အထူးနှစ်ဆယ်။
စ​နေနဂါး ​နောက်​​တောင်​သွား စွန်းကယ်တစ်နှစ်မျှ၊ (၂၁ နှစ်)။
ရာဟု ဟိုင်းဆို နောက်မြောက်ကို နေလို ဒွါဒဿ (၂၁ နှစ်)။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ကိုး + ဆရာ​သော်​တာ​ဆွေ

သန်​းထွန်​း​လေး အင်​းတဲရွာ
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုပ်​ငန်​း
Koloneypoe@gmail.com

Thursday, May 25, 2017

မြန်မာ့ အသုံးအနှုန်းများ

••••••••••••••••••••••••••••

ဆွေ ခုနှစ်ဆက် မျိုးခုနှစ်ဆက် ပြောမယ်သာ ပြောတယ် ကျွန်တော်က အသေအချာ မသိခဲ့ဘူး
  
ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော

ဆိုတာကို ဆွေခုနှစ်ဆက်လို့ ခေါ်ပါတယ် ကိုယ့်ကို ဖြစ်တည်လာစေတဲ့ ဆွေစဉ်မျိုးဆက်ပေါ့

မျိုးခုနှစ်ဆက်ဆိုတာက ကိုယ်မှဖြစ်တည်ပေါက်ဖွားလာတဲ့ နှောင်လာမည့် မျိုးဆက်ပါ

သား မြေး မြစ် တီ တွတ် ကျွတ် ဆက်

တစ်ချို့ဒေသတွေမျာတော့ အဖေကို အဘ အမေကို အမ လို့ခေါ်တတ်ကြတယ်ဗျ ဒါပေမယ့် ဒါဟာ ဒေသဆိုင်ရာ ကွဲလွဲတာလောက်ပါပဲ တွင်တွင်ကျယ်ကျယ် သုံးကြတာမျိုးတော့ မဟုတ်ပါဘူး

ဗမာ့ အသုံးအနှုန်​းမှာ ဒါက ဘယ်သူပါလို့ မိတ်ဆက်ပေးလိုက်တာနဲ့ အမေဘက်က အမျိုးလား အဖေဘက်က အမျိုးလား ကိုယ့်ထက် အကြီးလား အငယ်လား သိနိုင်ထဲ့အထိ ဝေါဟာရကြွယ်ပါတယ် 

အဖေ့ရဲ့ အစ်ကို ညီတွေကို
ဘကြီး ဘထွေး 

အမေ့ရဲ့ မောင်ကြီး မောင်လေး တွေကို
ဦးကြီး ဦးလေး

အဖေ့ရဲ့ အစ်မ နှမ တွေကို
အရီး ဒွေးလေး

အမေ့ရဲ့ အစ်မ ညီမ တွေကို
ဒေါ်ကြီး ဒေါ်လေး

လို့ ခေါ်ရပါတယ် မြန်မာ့ အသုံးအနှုန်း အမှန်အတိုင်းဆိုရင်ပေါ့

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 

ညီအစ်ကိုမောင်နှမ
★ ★ ★ ★ ★ ★ 

ဒီစကားဟာ အများစုသုံးကြပြီး ရောနှော ရှုတ်ထွေးနေတယ်ဗျ မရှင်းတာကြောင့်လည်း ဖြစ်နိုင်သလို အလွယ်သုံးလိုက်တယ်လည်း ဖြစ်နိုင်ပါတယ် 

တစ်မိတည်းဖွား အမျိုးသားနှစ်ယောက်ကို ညီအစ်ကို လို့ခေါ်တယ် အမျိုးသမီးနှစ်ယောက်ကို ညီအစ်မပေါ့

အမျိုးသမီးက သူ့ထက်အကြီး အမျိုးသားကို မိတ်ဆက်ပေးရာမှာ ဒါက ကျွန်မအစ်ကိုလေလို့ မပြောရဘူး အစ်ကိုဆိုတာ ယောက်ကျားလေးချင်းမှ သုံးရတာ ကျွန်မမောင်ကြီးလို့ ပြောရတယ် အငယ်ကိုတော့ မောင်လေးပေါ့ 

အမျိုးသား က သူ့ထက် အငယ် မိန်းကလေး ကို ညွှန်းဆိုတဲ့အခါ ကျွန်တော့် နှမ လေ လို့ပြောရပါတယ် ကျွန်တော့် ညီမလေလို့ မပြောရပါဘူး အမျိုးသမီး အချင်းချင်းမှ ညီမလို့ သုံးရတာပါ 

မှတ်ချက် 
★ ★ ★ 

ဒီနေရာမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ် စာအုပ်မှာ အသုံးအနှုန်​းမှားပြီးရေးခဲ့တယ်လို့ ဝေဖန်မှုတစ်ချို့ဖတ်ခဲ့ဖူးတယ်
တစ်ကယ်ဖြစ်သင့်တာက နှမလေးရယ်စိုးရိမ်မိတယ် လို့ရေးရမှာပါ

ဟိုးတချိန်က အောင်မြင်ခဲ့တဲ့ တွံတေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ ဆိုတဲ့ သီချင်းဟာ တကယ့် အရေးအသားအမှန် အသုံးအနှုန်​းအမှန်ပါ

မြန်မာ့ ကျေးလက်ဒေသမှာတော့ ကျေးတောသားတွေဟာ စကားပြောရင် စကိုက်နာနာ စပေါင်ပဲ့ပဲ့ အာပေါင်အာရင်းသန်သန် ပြောတတ်ကျတာဆိုတော့ အချို့အတွက်ဒါဟာ နားစိမ်းနေမှာပါ 

ဒါပေမယ့် ရိုးသားခြင်း ပွင့်လင်းခြင်း ရဲ့ အထိမ်းအမှတ် ပုံရိပ်မဟုတ်ပါလား
  
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 

ကျွန်တော် ဖတ်ဖူး မှတ်ဖူး ကြားဖူးသမျှကို မျှဝေတဲ့သဘောပါ တစ်ခုခု ချွတ်ချော်မှုရှိခဲ့ပါက ကျွန်တော့်အမှားသာဖြစ်ပါတယ် အလင်းပြခဲ့ဖို့လည်း တောင်းပန်ပါတယ်

           သန်းထွန်းလေး အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း 
           အင်းတဲရွာ
Koloneypoe@gmail.com


Than Htun Lay . INDE

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး