ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label စာလုံးပေါင်းနှင့်သတ်ပုံ. Show all posts
Showing posts with label စာလုံးပေါင်းနှင့်သတ်ပုံ. Show all posts

Saturday, March 28, 2026

ဒါယကာ နဲ့ ဒါယိကာ

 

ဒါယကာ နဲ့ ဒါယိကာ

.

ပါဠိဘာသာအသုံးဖြစ်ပြီး မြန်မာလိုအဓိပ္ပာယ်ကတော့


ဒါယကာဆိုတာက 

၁။ပေးကမ်းလှူဒါန်းသူ ယောက်ျား

၂။ရဟန်းကလူယောက်ျားကို ခေါ်ဝေါ်တဲ့အသုံးအနှုံး

ဒါယိကာဆိုတာက

၁။ပေးကမ်းလှူဒါန်းသူမိန်းမ

၂။ရဟန်းကလူမိန်းမကိုခေါ်ဝေါ်တဲ့အသုံးအနှုံး


ဒီမှာ ဒါယကာဆိုတဲ့ဝေါဟာရကိုတော့ ပါဠိအသုံးအတိုင်းတိုက်ရိုက်မွေးယူအသုံးပြုပြီး ဒါယိကာဆိုတာကိုတော့ နောက်မှာ မ ဆိုတဲ့စကားလုံးလေးချိတ်ဆက်လို့ ဒါယိကာမ ရယ်လို့ ပြုပြင်အသုံးပြုကြတယ်


နှစ်မျိုးလုံးကို ဒါယကာဆိုပြီးခေါ်တယ်ဆိုရင်တော့ ဒါယကာ နဲ့ ဒါယကာမ ရယ်လို့ လိင်ခွဲခြားမှုပြတဲ့စကားလုံးထပ်ဖြည့်ဖို့လိုနိုင်ပေမယ့် မူလပါဠိမှာက လိင်ကွဲပြားမှုကို ဒါယကာ (ယောက်ျား) နဲ့ ဒါယိကာ (မိန်းမ) ဆိုပြီး ကွဲပြားတဲ့အသုံးရှိပြီးမို့မှားစရာမှာမရှိဘဲ ဘာ့ကြောင့် ဒါယကာဆိုတာကိုတော့ ဒါယကာထီးရယ်လို့လုပ်မနေဘဲ တိုက်ရိုက်မွေးယူပြီး ဒါယိကာဆိုတာကိုမှ မ ထထည့်လို့ထပ်ကွန့်ကြလဲ ဘဝင်မကျနိုင်အောင်ပါပဲ


ပြီးတော့ အလှူမဏ္ဍပ်တွေမှာ အလှူ့ဒါယကာ အလှူ့ဒါယိကာမဆိုပြီး ရှေ့မှာ အလှူ့ဆိုတဲ့ဝေါဟာရထပ်တပ်လို့ ကဗျည်းထိုးတတ်ကြတယ်မို့လား


တကယ်တော့ ဒါယကာဆိုတာကိုက အလှူ့ရှင်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပြီးမို့ အလှူ့ဒါယကာဆိုတဲ့ စကားလုံးကိုဖြည်လိုက်ရင် အလှူ့အလှူရှင်ယောက်ျားရယ်လို့ စကားလုံးထပ်လိုမပြေမပြစ်ဖြစ်သွားတယ်မဟုတ်လား ဒါကြောင့်ထပ်ဖြည့်စရာမလိုဘူးလို့ယူဆမိတယ်


ဒါယကာဘယ်သူ ဒါယိကာဘယ်သူဆိုပြီး ရိုးရိုးလေးပဲ ကဗျည်းထိုးတာက ပိုပြီးလေးနက်လှပစေလိမ့်မယ်လို့ လည်းထင်ပါတယ်

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, March 24, 2026

‌ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ ၊ ဪ ( ကျွန်ုပ် ၊ ၎င်း ) ။ ဒီစာလုံးတွေကို အသံထွက်ပြီးဘယ်လိုဖတ်ရလဲ ဘယ်လိုသင်ခဲ့ဖူးလဲ ပြန်တွေးကြည့်ရအောင်


 ‌ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ ၊ ဪ ( ကျွန်ုပ် ၊ ၎င်း )

ဒီစာလုံးတွေကို အသံထွက်ပြီးဘယ်လိုဖတ်ရလဲ ဘယ်လိုသင်ခဲ့ဖူးလဲ ပြန်တွေးကြည့်ရအောင်


ကကြီးတို့ ခခွေးတို့လိုမဟုတ်ဘဲ

ရှေ့မှာ အက္ခရာ ဆိုတဲ့ဝေါဟာရလေးခံခံပြီး အသံထွက်ဖတ်ခဲ့ကြတယ်ဟုတ်


အက္ခရာ ဧ

အက္ခရာ ၌ စသည်ဖြင့်ပေါ့


ဒီလိုရွတ်ဆိုကြတော့ သူ့ရဲ့အသံထွက်ကိုက အက္ခရာ ဧ ၊၌ လို့မှတ်ယူမိမှာပဲပေါ့ 


ဒီမှာပုဒ်တိုင်းရဲ့ရှေ့မှာ အက္ခရာဆိုတဲ့ဝေါဟာရက ဘာကြောင့်ပါနေရတာလဲ အက္ခရာဆိုတာ အဆိုပါစာလုံးတိုင်းရဲ့ စာလုံးပေါင်းလား အက္ခရာရဲ့အဓိပ္ပာယ်ကဘာလဲ စဉ်းစားစရာဖြစ်လာတယ်


👉 အဘိဓါန်မှာတော့ အသံကိုကိုယ်စားပြုရေးသားသောသင်္ကေတတွေကို အက္ခရာလို့ခေါ်တယ်လို့ဆိုတယ်


ဥပမာ A ဒီလှည်းဦးထောက်သဏ္ဍာန်အက္ခရာလေးက ‌အေဆိုတဲ့အသံအတွက် ရိုမန်တို့ ကိုယ်စားပြုဖန်တီးထားတဲ့ သင်္ကေတပေါ့


ဒီနည်းတူ ဝ ကို အောက်ခြေမဆက်တဲ့ (ဂ) ဒီအက္ခရာလေးက ဂ ဆိုတဲ့အသံအတွက် ဗမာတို့ဖန်တီးထားတဲ့သင်္ကေတပါ


က ကြီးဆိုတဲ့ ဝလုံးနှစ်လုံးပူးရက်အောက်ခြေဖက်ကမဆက်တဲ့ ဒီသဏ္ဍာန်လေး က ဆိုတဲ့အသံကို ကိုယ်စားပြုရေးသားတဲ့သင်္ကေတအက္ခရာပေါ့


သူတို့ကိုတော့ အက္ခရာ / ကကြီး ၊ ခခွေး ၊ ဂငယ် မဖတ်ဘဲ 

ဒီအက္ခရာတွေကိုမှ အက္ခရာ‌ / ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ လို့ဖတ်ကြတာတယ်လည်း ဘဝင်မကျချင်ဘူး


အမှန်တော့ သူတို့လိုပဲ (ဧ) ဒီအက္ခရာလေးက အေးဆိုတဲ့အသံအတွက် ဖန်တီးတားတဲ့ သင်္ကေတပါ


ဒီတော့ အသံထွက်ဖတ်ချင်ရင် 

❌ အက္ခရာ‌ / ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ ၊ ဪ 

စသည်ဖြင့် ရွတ်ဆိုဖတ်ပြတာထက်


✔️ ဒီအက္ခရာ ဒီသင်္ကေတလေးက / ဧ လို့ခေါ်တယ် ၌ လို့ခေါ်တယ် ဤ လို့ခေါ်တယ် စသည်ဖြင့်သင်ပြသင့်တယ်လို့ထင်တယ်


____________________________________



အတိုချုံ့သင်္ကေတတွေဖြစ်တဲ့ ကျွန်ုပ် ၊ ၎င်း တို့ဆိုရင်လည်း 


❌ကကြီးယပင့်ဝဆွဲနငယ်တချောင်ငင်သတ်ပသတ် ကျွန်ုပ်

❌လေးငသတ်ဝစ္စနှစ်လုံးပေါက် ၎င်း စသည်ဖြင့်ချဲ့ဖတ်နေရင်မှားတယ်


သူတို့က အတိုချုံ့ထားတဲ့သင်္ကေတသက်သက်မို့ အသံတိုက်ရိုက်ထွက်ရမှာပါ 


မဖြစ်မနေ သင်ပြပြောဆိုရမယ်ဆိုရင်တော့ 

✔️ ဒီက္ခရာလေးကတော့ ကျွန်ုပ် ၊ ၎င်း စသည်ဖြင့်သာ ပြောဆိုသင်ပြသင့်တယ်လို့ ယူဆမိပါကြောင်း

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Tuesday, March 17, 2026

အသက (အသီးသီးအသကအသက)

 

ဒီဝေါဟာရလေးက သူ့ချည်းသက်သက်က အသုံးရှိဟန်မတူဘူး ရထားတွဲလိုပေါ့ သူ့ကိုသုံးချင်ရင် ရှေ့ကတွဲစပ်ခေါ်ယူပေးမယ့် စကားစုလေးကို အရင်းလှမ်းမျှော်တောင့်တရတယ် 


အသီးသီး အသကအသက တဲ့


သူကထိုအသီးသီးဆိုတဲ့ စကားစုလေးက ခေါ်ငင်မှပဲ လှုပ်ရှုားသက်ဝင်နိုင်ပုံပဲ ဘာကြောင့်လဲဆိုတော့ အခြားပုဒ်တွေနဲ့ တွဲတာမတွေ့ရလို့ပါ


ဒီတော့ သူကသီးခြားအဓိပ္ပာယ်ဆောင်နေတာမျိုးမဟုတ်ဘဲ တွဲကူပံ့ပိုးပေးတဲ့ ပြေပြစ်အောင်လှပအောင် ရွတ်ဖတ်ရသံသာအောင် တန်ဆာဆင်တဲ့ ဝေါဟာရသက်သက်ပဲလို့ ဆိုရမယ်ထင်တယ်


မြန်မာအဘိဓာန်မှာရှာကြည့်သလောက်တော့ သူ့ရဲ့အဓိပ္ပာယ်နဲ့ သူ့ရဲ့ဖြစ်တည်မှုဖွင့်ဆိုချက်ကို မတွေ့ရတော့ ဒီအဆိုမှန်နိုင်ကောင်းတယ်


ပါဠိကနေလာတာများလားတော့ မသေချာဘူး


ဒီတော့မဖြစ်မ‌နေ သူ့ကိုဖွင့်ဆိုချင်ရင်တော့ တွဲဖက် အသီးသီးဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုပဲယူရမှာမို့ တဦးချင်းစီ တခုချင်းစီ ပဲပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Tuesday, March 10, 2026

ဥက္ကဋ္ဌ

ဥက္ကဋ္ဌ

ဒီစကားလုံးလေးက မြင်တွေ့နေကျဆိုပေမယ့် ရေးထုံးမှားတတ်တယ်


ရှေ့ဆုံးက ဥ နော် ဉ လေးမဟုတ်သလို့ ကျွန်‌တော်တို့တခါတခါနောက်သလို့ ငှ ငှက္ကဋ္ဌလည်းမဟုတ်ဘူး 


ပြီးတော့ ကနှစ်လုံးဆင့် အဲ့နောက်က ဌဝမ်းဘဲမဟုတ်ဘူးနော် ဌ ဝမ်းဘဲလိုမဟုတ်ဘဲ ငအောက်မှာ လည်ရစ်လေးပါတာ သတိထားမိလား ဋ္ဌ သူက ဋ နဲ့ ဌ နှစ်လုံးဆင့်ထားတဲ့သဘောပါ


ဒီတော့ဖြည်လိုက်ရင်

ဥက် ကဋ် ဌ (အုပ်ကထ) ပေါ့ဗျာ


ပါဠိကနေတိုက်ရိုက်မွေးယူထားတာပါ

မြန်မာလိုဆိုရင်တော့ 

အဖွဲ့အစည်းတခုရဲ့ အကြီးအအကဲ ၊ အကြီး အမှူးပါတဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Sunday, March 8, 2026

သဏ္ဍာန် နဲ့ သဏ္ဌာန်

 

သဏ္ဍာန် နဲ့ သဏ္ဌာန်

ဒီစကားစုလေး‌မှာ ဏအောက်က အက္ခရာလေးက ဘာဖြစ်မလဲစဉ်းစားဖူးကြလားဗျ ဘယ်ဟာကမှန်မလဲဆိုတာကောပေါ့


ဏ္ဍ မှာက ဏအောက်က ဍရင်ကောက်ဖြစ်ပြီး

ဏ္ဌ မှာတော့ ဏ အောက် ဌဝမ်းဘဲပါ

ဋတလျင်းချိတ်မပါဘူးပေါ့ 


ဖြည်လိုက်ရင်တော့ 

သဏ်ဍာန် နဲ့ သဏ်ဌာန်ပေါ့ဗျာ 

ဒါပေမယ့်ဖတ်ရင် သဏ် ကိုအသံဝက်နဲ့ 

(သတန် နဲ့ သထန် ပေါ့)


မြန်မာအဘိဓာန်မှာတော့ ဏ္ဍ ရေးထုံးသာရှိပြီး ဏ္ဌ ရေးထုံးမပါဝင်ဝာာတွေ့ရတယ် App ဆိုတော့ ကျန်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ g board မှာတော့ စာဆင့်နှစ်ခုစလုံးကို ထည့်သွင်းပေးထားတယ်


မြန်မာလိုဆိုရင်တော့ ပုံပန်း အသွင်အပြင်တဲ့


ဒီနေရာမှာ တချို့က ဏ္ဌ ဒီရေးထုံးကိုပိုသဘောကျကြတာတွေ့ရတယ် 


နှစ်ဖက်စလုံးက ပါဠိ သဏ္ဍာန / သဏ္ဌာန ကနေလာတယ်လို့ ကိုယ်စီအခိုင်အမာဆိုကြပြန်ပါတယ်  


ဒီတော့ဂွပဲ 


တခုမှန်ရင်တခုမှားရတော့မယ်မဟုတ်လား

နှစ်မျိုးစလုံးကလည်း အသုံးတွင်နေပြန်တော့ ကိုယ့်မူနဲ့ကိုယ် အမှန်ဖြစ်နေကြတော့ အဘိဓာန်ပဲလွှင့်ပစ်ရမလိုလို အများသုံးပဲလိုက်ရမလိုလိုရယ်


ဒီလိုစိတ်ထဲကလိကလိဖြစ်နေသမျှ ai ကိုမေးကြည့်မှပဲ ဘဝင်တကျရှိသွားတော့တယ် 


သူကမျက်စိနဲ့မြင်ရတဲ့ အပြင်ပန်းဆိုရင် ဏ္ဍ နဲ့ရေးပြီး

စိတ်အတွင်းပိုင်းမှာဖြစ်ပေါ်တာဆိုရင် ဏ္ဌ နဲ့ရေးပါတယ်တဲ့

(ပုံသဏ္ဍာန် နဲ့ အတွင်းသဏ္ဌာန်ပေါ့ဗျာ)


ဒီတော့ တခုစီကသီးခြားအဓိပ္ပာယ်ဖော်ဆောင်တဲ့သဘောမို့ နှစ်ခုစလုံးကို အမှန်ပေးလို့ရတာမို့ ကျေနပ်သွားတာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ 



Monday, February 23, 2026

✔️ ပဋ္ဌာန်း - ❌ ပဌာန်း

 


ပဋ္ဌာန်း - ပဌာန်း
အဘိဓာန်မှာတော့ အကြောင်းတရား ၂၄ ပါး (၂၄ ပစ္စည်း) ကို အကျယ်ဟောကြားသော ‌ဗုဒ္ဓဒေသနာတရပ် လို့ဖွင့်ပါတယ်

ထားပါတော့ 

ခုပြောလိုတာက အဓိပ္ပာယ်ကိုမဟုတ်ပါဘူး
ရေးထုံးကိုပါ

ဒီမှာ ပဋ္ဌာန်း ဆိုတဲ့ရေးထုံးမှာ
ပစောက်နောက်က င အောက်ကခြေထောက်လေးက တဆက်တည်းမဟုတ်ဘဲ လည်ပင်းလေးခံနေတာသတိထားမိကြမယ်ထင်တယ်

နောက်ထပ်ရေးထုံး ပဌာန်း ကတော့ ပစောက်နောက်က ငလေးက ခြေထောက်တဆက်တည်းဖြစ်နေတယ်ပေါ့ တနည်းအားဖြင့် ဌ ဝမ်းဘဲပေါ့ဗျာ

ဒီလိုရေးထုံးနှစ်မျိုးကွဲနေတယ်

အလှသက်သက်ရေးတာ ‌ရေးဟန်သာကွဲပြီး တသံတည်းထွက်တယ် ဘာမှမထူးပါဘူးလို့လည်းထင်နိုင်ပေမယ့် အမှန်တော့ တော်တော်ကွာပါတယ်

ပထမ လည်ပင်းပါတဲ့ ပဋ္ဌာန်းဆိုတာက ယူနီကုတ်မှာ ရေးဖို့ဆိုရင် လည်ပင်းပါတဲ့ အက္ခရာလေးက သီးသန့်မပါတော့

ပ စောက်ရေး ပြီးတော့ ဋ တလျင်းချိတ်ရေး ပြီးတော့ စာဆင့်တဲ့ အပေါင်းလက္ခဏာလေးရေးပြီး ဌ ဝမ်းဘဲ ပြီးတော့ ရေးချ နငယ်သတ် ဝစ္စနှစ်လုံးပေါက်ပေါ့

သဘောက အဆိုပါလည်ပင်းလေးက ဋတလျင်းချိတ်နဲ့ ဌဝမ်းဘဲ နှစ်လုံးဆင့်ထားတဲ့ ချုံ့ထားတဲ့ သင်္ကေတပေါ့ဗျာ

ဒီတော့ ဒါကိုဖြည်လိုက်ရင် ပဋ် ဌာန်း လို့ဖြစ်သွားမှာပါ

နောက် လည်ပင်းမပါတဲ့ရေးထုံးကတော့ အထူးတလည် ရှင်းပြနေဖို့လိုမယ်မထင်ပါဘူး ပဌာန်း ပဲပေါ့

ဒီစကားလုံးလေးက ပါဠိ ပဋ္ဌာန ကနေ မြန်မာမှုပြုယူထားတယ်လို့ဆိုပါတယ်

ဒီတော့ ဒီရေးထုံးနှစ်ခုကိုယှဉ်လိုက်ရင် ကိုယ်တော့
လည်ပင်းလေးပါတဲ့ ပဋ္ဌာန်းဆိုတဲ့ ရေးထုံးလေးကိုပဲ သဘောကျမိတယ် 

အရပ်သုံးမှာတော့ ဒီရေးထုံးနှစ်ခုလုံး အလျဉ်းသင့်သလိုသုံးကြပေမယ့် အဘိဓာန်မှာတော့ ဒီလည်ပင်းပါတဲ့ရေးထုံးကလေးကိုသာ ပြဌာန်းထားတယ်ဗျ

အသံအားဖြင့်တော့ စာသံအတိုင်း
ပဋ် ဌာန်း (ပတ် ထာန်း) လို့ထွက်မလား
ဖတ်ရိုးဖတ်စဉ်အတိုင်း (ပ ထာန်း ) လို့ပဲထွက်မလားဆိုတာတော့ တကိစ္စပေါ့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

Thursday, February 12, 2026

လက်ျာ (လက်ယာ = လက္ယာ)


 လက်ျာ (လက်ယာ = လက္ယာ)

.

ဒီစာလုံးပေါင်းသတ်ပုံလေးက မြန်မာ့လွတ်လပ်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာကိုအကြောင်းပြုပြီး ငယ်ငယ်လေးကတည်းက တရင်းတနှီးရှိနေခဲ့ပေမယ့် ဘာကြောင့် ဒီအသံထွက်ရလဲ စဉ်းစားမရအောင်ပါပဲ


ကဲရှင်းကြည့်ရအောင်

ပထမဆုံးအနေနဲ့ ယပင့် (ျ) နဲ့ ရရစ် (ြ ) သဘောကို စောကြောကြည့်ဖို့လိုတယ်


ယပင့်က (ျ) ယပက်လက်ကို ကိုယ်စားပြုတာဖြစ်ပြီး

ရရစ်က (ြ) ရကောက်ကိုကိုယ်စားပြုတာပါ


မြန်မာသတ်ပုံမှာ 

တခါတလေ အက္ခရာဖျောက်ပြီးရေးတတ်တာတွေရှိတယ်


ဥပမာ သကျ (သက်ကျ) ယောက်ျား (ယောက်ကျား) စကြဝဠာ (စက်ကြဝဠာ) တို့ပေါ့


ဒါပေမယ့် အဆိုပါသတ်ပုံတွေက အက္ခရာတူ စာလုံးဆင့်ကိုဖြောက်တာဖြစ်ပြီး ဒါကတမျိုးဖြစ်နေပြန်တော့ အဲ့ဒီထုံးကိုယူပြီးရှင်းလို့လည်း မဖြစ်ပြန်ဘူး မတူတာကြီးကို ဒီလိုပေါ့ကွာလို့ဇွတ်ညှိပြောပြန်ရင်လည်း စကားအရတော့နိုင်ကောင်းနိုင်သွားမယ် ကိုယ့်အဖြေအတွက် ကိုယ်ကိုယ်တိုင်တောင်ဘဝင်တကျရှိလှမှာတော့မဟုတ်ဘူး 


အဲ့ဒီတော့ စကားလုံးကလည်းအသုံးတွင်ပြီးမို့  

အဖြေရှိပြီးပုစ္ဆာအတွက် တွက်နည်းပြန်ရှာရမလိုဖြစ်နေတယ် 


ထားတော့ 


ယပင့်က (ျ) ယပက်လက်ကိုကိုယ်စားပြုတာဆိုတော့ အသွင်ယူထားတဲ့ ယပင် (ျ) နဲ့ မရေးဘဲ အမှန်ရေးရင် 


- လက္ယာ - ဒီလိုဖြစ်ရမှာပေါ့


ဒါပေမယ့် ဗမာစာရေးထုံးမှာ ယက်လက်က စာဆင့်ရိုးထုံးစံကမရှိပြန်ဘူး 

ပြီးတော့ အဘိဓါန်မှာလည်း ဒီစကားလုံးမပါဘူး 

(စာလုံးဆင့်ထုံးနဲ့ပတ်သက်ပြီး ရေးခဲ့ပြီးမို့ ပြန်မရေးတော့ပါဘူး)


ဒီတော့ စာဆင့်လို့ကလည်းမရပြန် ဆန်းဆန်းသစ်သစ်ချုံ့ကလည်းချုံ့လိုပြန်ဆိုတော့ ဒီရေးထုံး ဒီစကားစုသတ်ပုံလေးပေါ်လာတယ်လို့ ထင်ရတာပါပဲ 


တနည်း ခေတ်ကာလအရပေါ်လာတဲ့ ဗန်းစကားပေါ့

ကျွန်တော်တို့ တခါတခါနောက်ပြီးရေးတဲ့ 

ဆြာ (ဆရာ) ဆိုတဲ့ ဝေါဟာရလိုပေါ့


တွေးကြည့်တာပါ 

မုချအမှန်လို့တော့ မဆိုလိုပါဘူး

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


ယောက်ျား (ယောက်ကျား) - ယောင်္ကျား (ယောင်ကျား)

 


ယောက်ျား (ယောက်ကျား) - ယောင်္ကျား (ယောင်ကျား)
.
တချို့က ဒီအသုံးလေးမှာထွေးနေတတ်ကြတယ်
အလွယ်လုပ်တာလို့မဆိုနိုင်ဘူး ဘာကြောင့်လည်းဆိုတော့ အမှားရေးဖို့က ပိုတောင်ကြာပြီး ခက်ခဲတာကိုး 

လျှန်းလို့မှားတဲ့ သတ်ပုံလေးလို့ဆိုရမယ်ထင်တယ်

အမှန်ကသတိလေးကပ်ပြီး သတ်ပုံလေးကို နှုတ်ကရွတ်ဆိုကြည့်ရင်ကို အမှန်ကပေါ်ပါတယ်
ယောက်ျားဆိုတဲ့ဒီရေးထုံးက ကကြီးနှစ်လုံးဆင့်ကိုမထွေးရလေအောင် တမင်ဖျောက်ထားတာပါ
ဖြည်လိုက်ရင် ယောက်ကျား ပေါ့ဗျာ

ဒါကိုတချို့ကလျှမ်းပြီး ကင်းစီးလို့ခေါ်တဲ့ အပေါ်ကိုတင်ရတဲ့ ငသတ်သေးသေးလေးကိုသုံးလို့
ယောင်္ကျား လို့ရေးတာမျိုးတွေ့ဖူးတယ်

ဒီသတ်ပုံလေးက ယူနီကုတ်မှာ ရေးရတာနည်းနည်းလက်ဝင်တယ် ယောက်ျားလောက်မလွယ်ဘူး
သဝေထိုး ယပက်လက်ရေးချ ငသတ်ရေးပြီး စာဆင့်တဲ့အပေါင်းလက္ခဏာလေးနှိုပ်ပြီးမှ ကကြီးယပင့်ရေးချဝစ္စနှစ်လုံးပေါက်လို့ ရေးရတာကိုး

ဒါကိုဖြည်လိုက်ရင် ယောင်ကျားလို့ ဖြစ်သွားတာပေါ့ဗျာ

မှားတယ်လို့တော့မဆိုနိုင်ပါဘူး 
ယောင်တောင်တောင် ကျားတွေအတွက် ဖြစ်သင့်ပါတယ်ပေါ့ဗျာ 😁
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

Monday, February 9, 2026

ဝိညာဉ်✔️ - ဝိဉာဉ် ❌


 
ဝိညာဉ် - ဝိဉာဉ်

ဒီစကားလုံးက ပါဠိ ဝိညာဏ ကလာတာဗျ


ဒီမှာ ဝိ နောက်က ည က ညကြီးပါ

သဘောက ညလေး ( ဉ ) နှစ်လုံးဆင့်တယ်ပေါ့

ဒီတော့ ဖြည်လိုက်ရင် ဝိဉ် ဉာ ဏ (ဝိန်ညာဏ) ပေါ့ဗျာ


ဒီစကားလုံးကိုပဲ ဗမာမှုပြု ပြုပြင် မွေးစားယူလိုက်တာပါ

ဝိညာဉ် (ဝိန်ဉာဉ်) ဆိုပြီးတော့ပေါ့


တချို့ကလည်း ညကြီးနဲ့မရေးဘဲ 

ညလေးနဲ့ ဝိဉာဉ်လို့ ရေးကြတာရှိတယ် 

ဒီတော့ ရေးထုံးသာမက အသံကိုက မူလပါဠိနဲ့ လုံးဝခြားနားသွားပါတယ် 


ပါဠိ ဝိညာဏ ကနေ ဆင်းသက်လာလို့ ဝိဉာဉ်ဆိုတာထက် ဝိညာဉ်ဆိုတဲ့ရေးထုံးကို ပိုသဘောကျမိတယ် 


ဗမာအဘိဓာန်မှာလည်း ထိုအတိုင်းပဲရေးပါတယ်

အဓိပ္ပာယ်ကတော့ = စိတ် ၊ အသက် ၊ လိပ်ပြာ တဲ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Tuesday, December 9, 2025

ကသတ်နဲ့ပသတ်

 

ကသတ်နဲ့ပသတ်

________________


အမှန်တော့ စာလုံးပေါင်းသတ်ပုံဆိုတာ ဘာသာစကားရေးထုံးတို့ရဲ့အခြေခံအဆင့်ပါ တနည်းအားဖြင့်မူလတန်းအဆင့်ပေါ့ဗျာ


ခုနောက်ပိုင်း social media တွေမှာ အဆင့်မြင့်တန်းအောင်မြင်ပြီးသူတွေတောင် ဒီဘာမှမဟုတ်တဲ့ သတ်ပုံကလေးတွေ အမှားကြီးမှားကြတာတွေ့ရတယ်


အဆိုးဆုံးကတော့ တတ်နဲ့တက်ပေါ့


လုပ်တတ်ကိုင်တတ်ပြောတတ်ဆိုတတ် 

ဆိုတဲ့ကျွမ်းကျင်ပိုင်နိုင်ရာကိုပြတဲ့ တသတ် တတ်နဲ့


သစ်ပင်ပေါ်တက်အိမ်ပေါ်တက် စသည်ဖြင့် 

ကသတ် တက်က အသံထွက်က အကွာလိုက်ကြီးပါ


ဒီအကြောင်းကို ရှေ့မှာရေးခဲ့ဖူးပြီးမို့ထားပါတော့


ခုပြောလိုတာက ထက် နဲ့ ထပ်


မင်းထက်ပိုတယ်

ဒီနေရာမှာ ရေးကြတာက မင်းထပ်ပိုတယ်လို့ ပသတ်နဲ့ ရေးကြတယ်


ပသတ်က 

အပေါ်ထပ် အောက်ထပ် ဆိုတဲ့ တည်နေရာပြတာပါ

ထပ်ပြောမယ်ဆိုရင်လည်း အကြိမ်ရေပေါ့


ကသတ်ကမှ

သူ့ထက် ကိုယ့်ထက် နှိုင်းယှဥ်ပြတာပါ


......


အဆိုတော် Lလွန်းဝါရဲ့ သီချင်း 

အဖြူသက်သက် ဆိုပါတော့

ဒါကို အဖြူသပ်သပ်လို့ ရေးနေကြတာတွေ့တယ်


ကသတ်က ရည်ညွှန်းတာ


ပသတ်က ခွဲခြားတာ

အဖြူကသပ်သပ် အနီကသပ်သပ် 

ဆန်ဖိုးကသပ်သပ် ဆီဖိုးကသပ်သပ် ဒါမျိုးပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Friday, October 31, 2025

ကရုဏာ ကို ဂရုစိုက်

 

ကရုဏာ ကို ဂရုစိုက်

....

ကရုဏာဆိုတာက ပါဠိကနေတိုက်ရိုက်မွေးစားထားတဲ့ စကားလုံးဖြစ်ပြီး ဗမာလိုတော့ သနားကြင်နာခြင်းလို့ အဓိပ္ပါယ်ဖွင့်ပါတယ်


ဂရုစိုက်ဆိုတာက အရေးတယူပြုတာကိုပြောတာ


ဒီစကားလုံးနှစ်ခုက အဓိပ္ပါယ်အားဖြင့်ခြားနာသလို သုံးစွဲသူတို့အတွက်လည်း လွဲမှားစရာ နည်းနည်းမှမရှိပါဘူး


ဒါဆို‌ရင် ဘာကြောင့်အရေးတယူပြောချင်နေရလဲမေးရင် အသံထွက်ကိုလို့ ဖြေရပါလိမ့်မယ်


ရွတ်ကြည့်ပါအုံး

ပြန်တွေးကြည့်ပါအုံး 


ကရုဏာဆိုတဲ့စကားလုံးကို ကကြီးသံနဲ့ ရကောက်သံနဲ့

ကရုဏာလို့ ပီပီသသရွတ်သလား

ဂငယ်သံ ယပက်လက်အသံနဲ့ ဂယုဏာလို့ ရွတ်ဖတ်ဖြစ်သလားပေါ့


ပါဠိမှာက ရကောက်သံနဲ့ ယပက်လက်အသံက ကွဲပြားပါတယ်


ရကောက်က လျှာလေးက အပေါ်သွားရဲ့‌နောက် အလှမ်းမကမ်းကိုထောက်လို့ လေထုတ်လိုက်ချိန်မှ အလိုက်သင့်ဖွင့်ဟပေးရာက ထွက်လာတဲ့အသံဖြစ်ပြီး


ယပက်လက်ကတော့ လျှာဖျားလေးက အောက်သွားရဲ့အခြေကိုသွားကပ်လို့ လေထုတ်ရာကဖြစ်ပေါ်လာတဲ့အသံပါ


ဒီစကားလုံးလေးရဲ့အသံထွက်အမှန်က 

ဂငယ်သံနဲ့ ဂရုဏာမဟုတ်

ယပက်လက်အသံနဲ့ ဂယုဏာလည်းမဟုတ် 


ပါဠိကနေတိုက်ရိုက်မွေးစားထားတာမို့ 

ကကြီးသံ ရကောက်အသံနဲ့


ကရုဏာ ကရုဏာ ကရုဏာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Wednesday, October 1, 2025

တပ်မက် Vs တက်မက်



 တပ်မက် Vs တက်မက်

။။

ဒီစကားလုံးလေးက အားလုံးရင်းနှီးပြီးသားပါ

သတ်ပုံကို မကြည့်ဘဲ ဘယ်လိုအသံထွက်ခဲ့လည်း တိုးတိုးလေးပြန်ရွတ်ကြည့်ကြည့်


ကိုယ်တော့ဖြင့် ဘဝတလျှောက်လုံး တက်မက်'လို့ချည်း အသံထွက်ခဲ့သည်ချည်း


ဘုံစာလုံးဖြစ်တဲ့ မက် ' ဆိုတာကို ကြိယာအားဖြင့် စွဲလမ်းတာ တွယ်တာတာလို့ ဖွင့်တယ် တပ်'ဆိုတာကလည်း ထိုနည်းအတူပါပဲ


တက်'ဆိုတာကတော့ ကြိယာအားဖြင့် အပေါ်သို့တက်တာ ကြီးပွားတိုးတက်တာ ပွဲကိုတက်ရောက်ချီးမြှင့်တာ စသည်ဖြင့်ပေါ့


စာအမှန်က တပ်မက်'တဲ့

အမှားနဲ့အသားကျနေတော့ ဒီအသံထွက်ရတာတမျိုးကြီး

လွဲနေသလိုလိုမျိုးကြီးလည်းခံစားရတယ်


စကားလုံးလေးက ရှောရှောရှူရှူမဖြစ်ဘဲ တမင်လုပ်ပြီး အသံထွက်ရသလိုလည်းဖြစ်နေတယ် ကြားရရင်လည်းထိုနည်း၎င်း


ဘယ်လိုပဲဖြစ်ဖြစ် အမှန်သိပြီးပြီပဲ

ဒီအသံထွက်ကို ရင်းနှီးအောင် လက်ခံနိုင်အောင် 

သတိထားရုံရှိတာပေါ့


တက်မက်မဟုတ်ဘူး တပ်မက် တပ်မက် တပ်မက်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ




Saturday, February 15, 2025

ဝါရမိတ္တုရက်


 ဝါရမိတ္တုရက်

Https://www.youtube.com/@thantunlayinde 

~~~~~~~~~~

ဝါရမိတ္တုရက်ဆိုတာ မကောင်းပါ 

ရှေးဗမာတို့အယူအဆအရဆိုရင်

ပြဿဒါးထက်တောင်ဆိုးတဲ့ ရက်ယုတ် ရက်ညံ့ဖြစ်ပါတယ်


မြန်မာလိုနေ့နဲ့ရက်ပေါင်းလို့ ၁၃ ဂဏန်းကျတဲ့နေ့တွေကို ခေါ်ပါတယ်

ဒါ့ကြောင့်မြန်မာလတိုင်းမှာ ဆန်းတရက် ၊ ဆုတ်တရက် နှစ်ရက်ရှိစမြဲပါ


ဥပမာ တနင်္ဂနွေနေ့ ဝါရမိတ္တုကျတယ်ဆိုပါတော့ 

တနင်္ဂနွေက ၁၊ ဒီတော့ ၁၃ ဖြစ်ဖို့ ၁၂ လိုတဲ့အတွက် အဲဒီဝါရမိတ္တုရက်သည် လဆန်း၁၂ရက်သော်လည်းကောင်း လဆုတ်၁၂ရက်သော်လည်းကောင်း ဖြစ်ရမယ်

~~~~~~~~~~~~~~~~~~~~~~~


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး ☆ အင်းတဲရွာ

 ဒိဋ္ဌိ


 ဒိဋ္ဌိ

.

ဒီစာလုံးမြင်လိုက်ရင် ဒီအသံလေးကြားလိုက်ရင်ဘဲ 

အယူမှားသလိုလို မကောင်းသလိုလို စိတ်ထဲမှာချက်ခြင်းတွေးမိလိမ့်မယ်ထင်တယ်


ပထမဆုံးအနေနဲ့ ဒီစာလုံးလေးကို ဘာကြောင့် ဒိတ်ထိ' လို့သံထွက်လဲရှင်းပါရစေ

ဒိ နဲ့ နောက်က င အောက်က ခြေထောက်လေးကမဆက်ဘဲ လည်ပင်းလေးပါနေတာ

သတိပြုမိမယ်ထင်တယ် 


အဲ့ဒါလေးက ဋ နဲ့ ဌ နှစ်လုံးဆင့်ထားတဲ့သဘောပါ

(ဒိဋ် ဌိ= ဒိတ်ထိ)


ဒီအတိုင်း လက်နဲ့ဘောပင်ကိုင်ရေးရင် မခက်လှပေမယ့် ဖုန်းနဲ့ရေးရင် နည်းနည်းကသီလိမ့်မယ် 

ဒါပေမယ့် ဘာနဲ့ဘာပေါင်းထားလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်

ဋ ရေး ပြီးတော့ ္ ကလေးနှိပ် ပြီးတော့ ဌ ရေးမှ ဒီပုံသဏ္ဍန်လေးရေးလို့ရမှာပါ


ထားပါတော့


ဒီအသံထွက်အတိုင်း ရေးနည်းနှစ်နည်းရှိတယ်ဗျ 

နှစ်ခုစလုံးကလည်း အသုံးတွင်နေတာတွေ့ရတယ် တိတ္ထိ' ဆိုတဲ့ အရေးအသားပါ


မြန်မာအဘိဓါန်မှာတော့ ဒိဋ္ဌိ' ဆိုတဲ့ဒီအသုံးကို ပါဠိပါကနေ တိုက်ရိုက်မွေးစားထားတာလို့ဆိုတယ်

တိတ္ထိ' ဆိုတဲ့အအသုံးကိုတော့ ပါဠိ တိတ္ထိယ ကနေ ဆင့်ကဲမွေးယူထားတာပါတဲ့


အနက်အားဖြင့်

-------------------------

ဒိဋ္ဌိ 

..

၁။ အမြင် ၊ အယူအဆ

၂ ။ မှားသောအယူအဆကို ယူသောသူ



တိတ္ထိ  

.

အယူမှားသောသူ

--------------------------


မြန်မာအဘိဓါန်အဖွင့်အရ ဘုံအားဖြင့် အယူမှားတယ်ဆိုတဲ့ အဆိုတူညီပေမယ့်

ဒိဋ္ဌိ'အသုံးမှာ ကောင်းတယ်မကောင်းဘူးတိုက်ရိုက်မဆိုတဲ့ 

နောက်ဖွင့်ဆိုချက်တခုပါနေတာတွေ့ရတယ်


--------------------------


ပါဠိမှာတော့ အမြင် ၊ အယူအဆ လို့ဘဲ ဖွင့်ဆိုဟန်ရှိရဲ့

ဘာကြောင့်လဲဆိုတော့ သူကို မကောင်းတာကောင်းတာညွှန်းဆိုဖို့ဆိုရင်  

နောက်ထပ်တွဲဆက်ရတဲ့ ဝေါဟာရတွေရှိတာမို့ပါ


ဥပမာ

မိစ္ဆာ ဆိုတာနဲ့ပေါင်းလို့ မိစ္ဆာဒိဋ္ဌိ'ဆိုရင် အယူမှားသူ

သမ္မာ ဆိုတာနဲ့ပေါင်းလို့ သမ္မာဒိဋ္ဌိ'ဆိုရင် မှန်ကန်သောအယူရှိသူ 


-------------------------


ဒီတော့ ဒိဋ္ဌိ' ဆိုတာကို ပါဠိအရ အတွေး ၊ အမြင်လို့ဘဲ 

ရိုးရိုးလေးဖွင့်တာသင့်တော်မယ်ထင်ပါတယ်


ဗုဒ္ဓဘာသာစာပေတွေမှာ မြတ်ဗုဒ္ဓခေတ်က ဗုဒ္ဓနဲ့အပြိုင် ဒိဋ္ဌိဆရာကြီး ၆ ဦးရှိတယ်လို့ဆိုရာမှာ

ကိုယ်စီအယူအဆနဲ့ ဂိုဏ်းဂဏစုဖွဲ့လို့ သူ့အတွေးအမြင်ကို ယုံကြည်သက်ဝင်သူများစွာရှိတဲ့ 

အတွေးအခေါ်ဆရာကြီး (ဘာသာရေးဆရာကြီး) ၆ ဦးလို့ ဖွင့်ရမယ်ထင်တယ် 


ဗုဒ္ဓအပါဝင်ဆိုရင် ၇ ဦးပေါ့

မိစ္ဆာဒိဋ္ဌိဆရာကြီးလို့ နှိမ်နှိမ်ချချ ပုတ်ပုတ်ခတ်ခတ်ဖွင့်ဆိုထားတာမျိုးမဟုတ်ဘူးဗျ 


.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

_ဋ__ဌ__ဍ____ (အလွယ်မှတ်နည်း)


 _ဋ__ဌ__ဍ____ (အလွယ်မှတ်နည်း)

Https://www.youtube.com/@thantunlayinde 

..

တနေ့သ၌ ကျွန်ုပ်တို့ညီအစ်ကိုသုံးယောက် စီတန်းလို့ လမ်းလျှောက်လာစဥ်

ခါးကြားမှဖုန်းမြည်လာ၍ အသိပေးသံထည့်ထားသော

ဟေဈရ်၏ သီချင်းသံအားဆုံးသည်အထိနားစဥ်ရင်း


ဖုန်းမကိုင်ဖြစ်လိုက်ဘဲ သူမအကြောင်းအတွေးတို့စေစား

ငှက်ခြင်းအတူတူ ဒေါင်းမှဒေါင်းဖြစ်နေသောသူမအား

ကိုယ်လည်းကျီးကန်းပေသည့် တောင်ပံနဲ့ငှက်ပါပဲကွယ်လို့ မချင့်မရဲတွေးနေမိရင်း


ဆူညံဆူညံသံကြောင့် ပစ္စက္ခသို့ဆိုက်ရောက် 

အာရုံနောက်သွားရကား စနည်းနာကြည့်တော့


အငယ်ဆုံးကောင် ဋတလျင်းချိတ်က ညီလတ် ဌဝမ်းဘဲကို ခြေထောက်နဲ့လှမ်းတို့ပြီးစတယ်


_ဋ_ဌ__ 


ဒါကို ညီလတ် ဌဝမ်းဘဲက လှည့်မကြည့်ဘဲ နောက်ပြန်ခြေနဲ့ကန်တယ်

ပြီးတော့ကိုယ့်ကိုလှမ်းတိုင်ရာက ဆူညံသံထွက်လာတာပေါ့


_ဋ__ဌ__ဍ__


ဒီတော့ ကျွန်ုပ်လည်း ရည်ရွယ်ရာသို့ လမ်းလျှောက်မပျက် ခြေဦးမလှည့်ဘဲ

ခေါင်းကိုသာငဲ့လို့ အငယ်တွေကိုဆူပါတော့တယ်


မြွေရိုး မ.အ.လ လေးတွေ လမ်းအေးဆေးလျှောက်ကြ

ခရီးဖင့်အောင် နှောက်မနေကြနဲ့


ဪ..ကျုပ်နာမည်ပြောဖို့မေ့နေတယ်

ကျုပ်က ဍရင်ကောက်ကိုဗျ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး