ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label မြိုင်ရာဇာတွတ်ပီ. Show all posts
Showing posts with label မြိုင်ရာဇာတွတ်ပီ. Show all posts

Thursday, August 13, 2026

ဝါးရုံပင်သရဲ စာအုပ်နှင့်အတွေးစ

 

ဝါးရုံပင်သရဲ စာအုပ်နှင့်အတွေးစ

((;ဆရာ‌ဆွေမင်း (ဓနုဖြူ) ရဲ့သရဲတ‌စ္ဆေအပေါ်သဘောထား နဲ့

ဆတွတ်ရဲ့ စရိုက်သဘာဝကိုချဉ်းကပ်ကြည့်ခြင်း))

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဝါရုံပင်သရဲဆိုတဲ့စာအုပ်က ဆရာ့ရဲ့အစောပိုင်းလက်ရာတွေထဲက အကောင်းဆုံးတွေထဲကတအုပ်လို့ ဆိုရင်လွန်မယ်မထင်ဘူး


ခံစားမှုရသသဘောတွေဖယ်ထားအုံး ဇာတ်လမ်းအယူအဆနဲ့ ဆရာတွတ်ရဲ့စိတ်နေစိတ်ထား စရိုက်သဘာဝကို အပြည့်အဝခြယ်မှုန်းနိုင်တာကြောင့်အတော့်ကို သဘောကျစရာကောင်းတယ်


ဒီလိုဆိုလိုက်တော့ ဆရာဆွေမင်း (ဓနုဖြူ) ဖန်တီးထားတဲ့ ဆတွတ်က နောက်ပိုင်းစာအုပ်တွေနဲ့ဘာများခြားနားလို့လည်း အတူတူပဲမဟုတ်လားလို့ မေးစရာရှိမယ်


ကွာတယ်ဗျ 


ဒီစာအုပ်နဲ့ပတ်သက်တာလေးပဲ ကောက်နှုတ်ရရင် ဆရာဆွေမင်း (ဓနုဖြူ) က သရဲတ‌စ္ဆေယုံဟန်မတူဘူး ဒါကြောင့် ဒီသဘောနဲ့ ဆက်စပ်တဲ့ဇာတ်လမ်းတွေဆိုရင် ကြောင်းကျိုးနည်းကျ ဖြေရှင်းအဖြေရှာပြပြီး စာဖတ်သူကို အသိပညာပေးတတ်တယ်


မြိုင်ရာဇာတွတ်ပီက ဒီသဘောကိုလက်တွေဖြေရှင်းပြတဲ့ သူရဲ့ဇာတ်ကောင်ပေါ့ 


ဒီတော့ ဆတွတ်က သရဲတစ္ဆေမယုံဘူး မိရိုးဖလာအရ ငယ်စဉ်ကတည်းက လှန့်ထားကြတော့ အရိုးစွဲနေတဲ့ ဗီဇစိတ်အရ လန့်တော့လန့်တတ်တယ် ဒါပေမယ့် မကြောက်ဖူး အဲ လန့်တဲ့ကြားက စူးစမ်းချင်စိတ် ထက်သန်တယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်တယ်


ဒီစာအုပ်အစပိုင်းတွေမှာဆိုရင် အကြောင်းတစုံတရာမရှိဘဲ ဝါးရုံပင်ကြီးလှုပ်ရမ်းတာ မီးထတောက်တာတွေက အတော်ကိုထိတ်လန့်စရာ


သာမာန်လူပြောသူပြောသာမက ရွာရဲ့ဂုဏ်သိက္ခာအမြင့်ဆုံး မုသာဝါဒအပြင် အပိုဆာဒါးလုံးဝမဆိုတတ်တဲ့ ရွာ့ဆရာတော်ကိုယ်တိုင် ကြုံဆုံခဲ့သည်အထိ ဇာတ်အရှိန်ကိုအမြင့်ဆုံးအထိမြှင့်တင်ခဲ့တော့ ငြင်းဖွယ်မရှိ တကယ့်သရဲတစ္ဆေအစစ်တကောင် ခြောက်လှန့်တာလို့ မုချယုံကြည်ရမလိုလိုအထိဖြစ်လာတယ်


ဒီမှာ ကြုံဆုံခဲ့တဲ့ ဆရာတော်ရဲ့သဘောထားထင်မြင်ချက်ကို‌မေးမြန်လျှောက်ထားကြရာမှာ ဆရာတော်နှုတ်ဆိတ်နေတာလေးကလည်း ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဘာသာရေးအပေါ် အလေးထားမှုသိပ်ပေါ်လွင်တယ်


တကယ်လို့ ဆရာတော်က မဟုတ်ပါဘူး မကြုံခဲ့ပါဘူးလို့‌ဆိုရင် ‌တပည့်ကျောင်းသားတွေလည်းပါတာမို့ အခြားအကြောင်းတခုကြောင့်ဖြစ်တာပါလို့ သက်သေမပြနိုင်ဘဲ ဇွတ်မယုံနဲ့မဟုတ်ဘူးပြောနေရင် မုသားဆိုရာလည်းကျသလို ဟုတ်တယ်ကြုံခဲ့တယ်လို့ မိန့်တော်မူရင်လည်း စာပေတတ်‌ေမြာက်ခြင်းရဲ့ အရည်အသွေးဖြစ်တဲ့ ကျိုးကြောင်းဆင်ခြင်မျှော်မြင်တတ်ခြင်းဆိုတဲ့ သဘောမပါသလိုဖြစ်သွားနိုင်တယ်ဟုတ် 


တနည်းအားဖြင့် ဒါက နောင်အခါ ဆရာတွတ်က သရဲခြောက်တာမဟုတ်ပဲ အခြားတစုံတရာကြောင့်ဖြစ်တာပါလို့ ဖြေရှင်းသွားနိုင်ချိန်မှာ ဆရာတော်အဖို့ သိက္ခာကျစရာဖြစ်လာနိုင်တယ်မဟုတ်လား


တနည်းအားဖြင့် တာပေါ်ရေကျော်သလိုဖြစ်သွားမယ်


သာမန်အားဖြင့်ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ဒါကသိပ်ကြီးတဲ့ ပြဿနာကြီးဆီကို ဦးတည်သွားနိုင်တယ်ဗျ အနည်းဆုံးအားဖြင့် စာပေစိစစ်ရေးတွေဘာတွေကို ခဏဖယ်ထား 


ခံစားသူအချို့နဲ့ မိရိုးဖလာ ဘာသာဝင်တို့စိတ်မှာ

သာမန်မုဆိုးတဦးကတောင်မှ ရွာ့အထင်ကရကိုးကွယ်စည်းကပ်ရာ ဆရာတော်ထက် ပိုပြီးတော်တဲ့တတ်တဲ့သဘောဆိုရင် သဘာဝအရတော့ဖြစ်နိုင်ပေမယ့် ယဉ်ကျေးမှုခံစားချက်အရဆိုရင် စာဖတ်သူတချို့မှာတမျိုးကြီး ဖြစ်သွားနိုင်တယ်ဟုတ်


ဘယ်လိုလဲဆိုတော့

သူ့ဇာတ်ကောင်ကို သိပ်တော်သလိုလို ညွှန်းသလိုမျိုးကြီး ဇွတ်ဟီးရိုးလိုလိုကြီး 

ပြီးတော့ ဘာသာရေးဆရာတို့အပေါ်လည်း အရိုသေတန်သလိုလို လေးစားမှုမပြသလိုလို ဖြစ်သွားနိုင်တယ်မဟုတ်လား


ဒီ အစွန်းနှစ်ဘက်ကို ဆရာဆွေမင်း(ဓနုဖြူ) က ဝေါဟာရမပါပဲ အမူအရာနဲ့ ငြင်သာစွာကျော်ဖြတ်ပြီး လွတ်အောင်ရှောင်သွားတာ သိပ်သဘောကျမိတယ်


ဘယ်လိုလဲဆိုတော့ အားလုံးက ဆရာတော်သရဲခြောက်တာခံရတာဟုတ်ပါရဲ့လားလို့ ဝိုင်းဝန်းလျှောက်ထားမေးမြန်းချိန်မှာ ဆရာတော်က ဆိတ်ဆိတ်‌သာနေတော်မူတယ်လို့ ဆရာဆွေမင်း(ဓနုဖြူ)က ရေးသားထားတယ်


တနည်းအားဖြင့် အချို့သောမေးခွန်းတွေအတွက် မဖြေခြင်းကိုက အဖြေအစစ်ဖြစ်ကြောင်း သတိထားဖို့သွန်သင်ပြနေသလိုပါပဲ

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးတွက်တတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး


Tuesday, August 11, 2026

တက်တက်စင်အောင်လွဲတဲ့ ဆတွတ်ရဲ့ စုံထောက်ဇာတ်လမ်း


 တက်တက်စင်အောင်လွဲတဲ့ ဆတွတ်ရဲ့ စုံထောက်ဇာတ်လမ်း

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ မြိုင်ရာဇာတွတ်ပီဇာတ်လမ်းတွေက 

တောတွင်းသဘာဝတွေ 

ကျေးလက်အငွေ့အသက်တွေ 

လူ့စိတ်သဘာဝတွေ

မေတ္တာဘွဲ့တွေ 

တ‌ပြည်ရပ်ခြား ဗဟုသုတတွေ 

ပရလောကဖြစ်ရပ်ဆန်းတွေ

စိတ္တဇဆန်ဆန်ရူးသွပ်မှုတွေ

စိတ်ဓာတ်ခွန်အားပေးတာတွေအပြင်

ရံခါမှာ စုံထောက်ဆန်ဆန်တွေလည်း ပါဝင်တတ်တာ အားလုံးအသိ


မုဆိုးတယောက်ရဲ့ ပကတိအလုပ်ကိုက သားကောင်တွေရဲ့ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေကိုခြေရာကောက်လို့ လိုက်လံတိုက်ခိုက်ရတာဆိုတော့ကား စုံထောက်တယောက်လို ပတ်ဝန်းကျင်အခြေအနေကို အသေးစိတ်မှတ်သားလေ့လာ ဆင်ခြင်ထောက်ဆပြီး ချဉ်းကပ်ရတာပဲမို့ သဘာဝခြင်းတူတယ်လို့လည်း ဆိုနိုင်တယ်ပေါ့


ဒီအတွေးနဲ့ ဒီ မင်းသားငပြူး ရသေ့တာတေ နှင်းဆီဒိန်းဒေါင် ဆိုတဲ့စာအုပ်ကို ဆရာက ဆရာတွတ်ရဲ့စုံထောက်ဉာဏ်ကို လွတ်လွတ်လပ်လပ်အသုံးချစေလို ထောက်လှမ်းစေခဲ့တာမို့ ဖတ်ရတာ အတော်ကိုအရသာရှိတယ်


သဲလွန်စတွေကိုထောက်ဆလို့ တရားခံကို တဖြည်းဖြည်းချည်းကပ်လို့ လက်ရမိဖို့လပ်တကမ်းအရောက်


ဒါပေမယ့်ပေါ့ ဆတွတ်ရဲ့ထုံစံအတိုင်းလို့ဆိုရလေမလား ဇာတ်အဆုံးမှာ မြှုပ်ကွက်လေးတခုကြောင့် တက်တက်စင်အောင်လွဲရ‌တော့ ဖြစ်ရလေဆတွတ်ရယ်လို့သာ ရေရွတ်မိတော့တယ် 


အဲ့ဒီဝှက်ဖဲလေးကို ဆရာဆွေမင်း (ဓနုဖြူ) က ဆရာလေးကိုကြည်နိုင် ဆီ သွားဝှက်ထားတာကိုက အတော့်ကို သဘာဝကျကျလုံခြုံစေပြီး ဆတွတ်ကို လမ်းလွဲသွားစေတာလို့ဆိုရမယ်


တနည်းအားဖြင့် မဟောသဓ ရဲ့ အဆိုအမိန့်ကို လက်ကိုင်ထားတယ်လို့လည်းဆိုနိုင်တယ်


လျှို့ဝှက်ချက်ဆိုတာ 

ကိစ္စမပြီးမြောက်သည်အထိ မည်သူ့ကိုမျှ မသိစေအပ်ဘူးတဲ့


ဟုတ်သားပဲဗျ တခြားတယောက်သိသွားပြီဆိုတာနဲ့ ဘယ့်နှယ်လျှို့ဝှက်ချက်ဖြစ်တော့မတုန်း 


ကြားထဲက အဲ့သည်လူကထပ်ဆင့်ပွားရင် လူတိုင်းသိတဲ့ ငပေါလျှို့ဝှက်ချက်ကြီး ဖြစ်သွားတော့မပေါ့

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးတွက်တတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး


Friday, May 15, 2026

ကြုံတိုင်းသားတို့ပြောတဲ့ နိုင်ငံရပ်ခြားအကြောင်း



ဆတွတ် ။ ။ အာဖရိကကသိပ်ဝေးသကိုး ကျွန်ုပ်အထင် လေယာဉ်ပျံနဲ့ ကမ္ဘာကြီးကို ခုနှစ်ပတ်ပတ်ပြီးမှ ရောက်တယ်ထင်တာပဲ 😁
((မုဆိုးနားနီးတံငါ တံငါနားနီးမုဆိုး))

ဗိုက်ကလေး ။ ။အာဖရိကဆိုတာအဝေးကြီးဗျ ရှမ်းပြည်ဟိုဘက်ကို ကျော်သွားရသေးတာ 😎
((အာဖရိကတိရစ္ဆာန်ကြီးများ))
စောကြီး ။ ။ ဘော့စနီးယားဆိုတာ ကြုံတိုင်းနဲ့သိပ်ဝေးလှတာမဟုတ်ဘူး ရှမ်းပြည်ဟိုဘက်နားလေးတင် 😊
((ကျားရေးတဲ့ဖူးစာ))
.



ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို Doh Khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးတွက်တတပ်တအားပါဝင်နိုင်ပါတယ်

လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

လှူမျှဝေ၍ ဆိုသည့်ဇာတ်လမ်းနှင့် စကားပြောပြဿနာ

လှူမျှဝေ၍ ဆိုသည့်ဇာတ်လမ်းနှင့် စကားပြောပြဿနာ

ပထမဆုံးအနေနဲ့ ဒီစာအုပ်လေးက တဆင့်ချင်းတည်လို့ ဇာတ်ကိုတဖြည်းဖြည်းအရှိန်တင်သွားတာ အတော်ကောင်းတယ် ချိတ်ဆက်မှုတွေကလည်း အတော့်ကိုသဘာဝကျတယ်


ဒါပေမယ့် စကားတခွန်းမှာပြဿနာဖြစ်နေတယ်

ဘယ်လိုလဲဆိုတော့ နီလာဆိုတဲ့ကျောက်ဖြစ်ပေါ်လာပုံ ပါးစပ်ရာဇဝင်လေးကို ပြောပြပုံလေးမှာပါ


ဒီပုံလေးက အခြားစာအုပ်တွေမှာလည်း ဆရာသုံးနေကျပါ

ဘယ်လိုလဲဆိုတော့ ပတ္တမြားကျောက်နီတွေသာထွက်တဲ့ မိုးကုတ်မြေမှာ တနေ့တော့အပြာရောင်ကျောက်လေးရလာတယ် 


ဒါကိုသက်တန်းနုသေးလို့သာ ပြာနေတာဖြစ်လောက်တယ် ‌တနေ့နေ့နီလာမှာပဲ နီလာမှာပဲလို့ မျှော်လင့်တောင်းတလို့စောင့်ကြည့်ရင်းက အဆိုပါအ‌ပြာရောင်ကျောက်ကလေးကို နီလာလို့ အမည်သမုတ်လိုက်ကြတယ်ဆိုတာပေါ့


ဒီဇာတ်လမ်းလေးကို ပထမရွာမှာ ဆရာလေးကိုကြည်နိုင်က ပြောပြတယ် ‌နောက်မြို့ပြကျောက်ဝိုင်းရောက်တော့ ကျောက်ဆရာတယောက်ကထပ်ပြောတယ် 


ဒါကလက်တွေ့ဘဝမှာတော့ပြဿနာမဟုတ်ပေမယ့် စာအုပ်မှာကျ အကြောင်းအရာတခုတည်းကို နှစ်နေရာဆိုတော့ စာမျက်ပုတ် အပ်ကြောင်းထပ်တဲ့သဘောဖြစ်သွားတယ်လို့ ယူဆမိတယ်


ဒါက ဆရာဆွေမင်း (ဓနုဖြူ) ဆုံးပါးပြီးနောက် မြိုင်ရာဇာတွတ်ပီဇာတ်လမ်းတွေကို ဆက်လက်အသက်သွင်းပေးနေတဲ့ ဆရာ့ရဲ့ဇနီး ဒေါ်မို့မို့ဆန်းရဲ့ တခုတည်းသောအားနည်းချက်လို့ထင်တယ်


သူမက ပေးချင်တဲ့ အသိပညာပိုင်းနဲ့ အချက်အလက်ဆိုင်ရာမှာ ဘယ်သူကပြောမလဲဆိုတဲ့ ဇာတ်ကောင်ရွေးချယ်မှုနဲ့ ဘယ်သူပြောသင့်လဲဆိုတဲ့ ပြောစကားခွဲဝေမှုအပိုင်းမှာ ပြဿနာလေးမကြာမကြာတွေ့ရတယ်


ဒါကြောင့်ပဲ ပြောစကားက တော်တော်ကောင်းပေမယ့် ဇာတ်ရုပ်နဲ့မလိုက်တော့ မကိုက်တော့ သူပြောရမယ့်စကားမဟုတ်တော့ သို့တည်းမဟုတ် ထပ်နေတော့ လေးနက်သင့်သလောက်မလေးနက်တော့ဘဲ ပေါ့သွားသလိုလို ဇွတ်အတင်းဆရာကြီးလုပ်နေသလိုလိုကြီး ဖြစ်ဖြစ်သွားတယ်


အထက်ပါ နီလာကျောက်လေးအကြောင်းကတော့ ဆရာလေးကိုကြည်နိုင်ဖြစ်ဖြစ် ကျောက်ဆရာဖြစ်ဖြစ် ဘယ်သူပြောပြောရပါတယ် ဒါကပြဿနာမဟုတ်ပါဘူး နှစ်ခါဖြစ်နေတာက စာမျက်နှာပုတ်သွားစေတယ်လို့ ယူဆမိတာ


ပြီးတော့ ဆရာလေးက ကျောက်ကိုတွေပြီး အရည်အသွေးကိုပြောနိုင်တာ ဈေးတန်းကိုမှန်းဆနိုင်တာက နည်းနည်းညွှန်းလွန်းသလိုဖြစ်နေတယ်လို့ ယူဆမိတယ် ဒါမျိုးဆုံးဖြတ်ဖို့က စာတွေ့နဲ့ သို့တည်းမဟုတ် ဒီလောကမှာကျင်လည်ဖူးသူဖြစ်ရင်တောင် တော်ရုံလုပ်သက်လောက်မဖြစ်နိုင်ဘဲကို

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးတွက်တတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ
 


Sunday, May 10, 2026

ဆရာတွတ်ရဲ့ လက်စွဲတော်နှစ်လုံးပြူးသေနတ်ရဲ့ရာဇဝင်


 

ဆရာတွတ်ရဲ့ လက်စွဲတော်နှစ်လုံးပြူးသေနတ်ရဲ့ရာဇဝင်
ဆရာဆွေမင်း (ဓနုဖြူ) က ဆရာတွတ်ရဲ့လက်စွဲတော်သေနတ်အကြောင်းကို တကူးတကစာဖွဲ့ထားတဲ့ စာအုပ်မရှိဘူးလို့ထင်တယ် 

အဖေ့အမွေနှလုံးပြူးကိုလက်ဆွဲလို့တောဝင်တယ် ဆိုတာလောက်ပဲ စာအုပ်အများစုမှာဆိုတယ် 
_______________________________

ဒီတော့ ဘွိုင်းကောက်တက္ကသိုလ်ကျောင်းသား ရေနံမြေသပိတ်တပ်သား ဂဠုန်တပ်သား ဘီအိုင်အေတတ်သားတဖြစ်လဲ အဖေဒဲ့ပီက ဒီသေနတ်ကို ဘယ်ကရလဲ စဉ်းစားစရာထပ်ဖြစ်လာတယ်

ဆယ်ကျော်သက်အရွယ်ကတည်းက ဘုရင့်တပ်သား နှစ်အိုးစားအကျပ်ဖြစ်လာတဲ့ အသက်ခုနှစ်ဆယ်ကျော်အရွယ်အထိ ပြည်ချစ်စိတ်ပြင်းထန်စွာနဲ့ ဘီအိုင်အေတပ်သားအဖြစ်ပါဝင်လို့ ကိုလိုနီနယ်ချဲ့တွေကို တက်တက်ကြွကြွတွန်းလှန်တိုက်ခိုက်ခဲ့‌တဲ့ သူ့အဖေပေါက်ပီ ဆီကရတာလားဆိုတော့ မဟုတ်ပြန်

သူတို့နှစ်ယောက်လုံးက တပ်သားဟောင်းများဖြစ်သည့်တိုင် တပ်ကနောက်ဆုံးထွက်ခွာလာချိန်မှာ လက်နက်ယူမလာကြဘူး အပ်နှံထားခဲ့ပုံပဲ ဒါကသဘာဝကျပါတယ် သေနတ်ဆိုတာ တိုင်းပြည်ကာကွယ်ဖို့အတွက်သာမို့ ထွက်ခဲ့ပြီး သာမန်ပြည်သားတယောက် သယ်မလာတာဖြစ်သင့်တယ်ဟုတ်
_______________________________

ဒါဆိုရင် ဒီသေနတ်က ဘယ်ကရောက်လာတာလဲ ...?

ဒီလိုဗျ အဖေဒဲ့ပီရဲ့ ဘဝနှောင်းပိုင်းကာလမှာ ရွာပြန်ချိန် မုဆိုးလုပ်ဖို့ရွေးချယ်လိုက်ချိန်မှာ ကွယ်လွန်သွားတဲ့ သူကြီးဟောင်း ဦးသာအောင်ရဲ့သေနတ်ကို သူ့ဇနီးဒေါ်စိန်မှုံ ဆီကနေ ဝယ်ယူခဲ့တယ်လို့ဆိုတယ်

ဗမာဘုရင့်တပ်သားဟောင်း ဦးသာအောင်က ထိုသေနတ်ကိုဘယ်လိုရခဲ့လဲဆိုတော့ နယ်ချဲ့တို့အထက်မြန်မာပြည်ကိုသိမ်းပိုက်လို့ ဘုရင်ကိုဖမ်းစီးသွားချိန် ပါတော်မူပြီးချိန်မှာ တပ်ဖျောက်ကာ ကြုံတိုင်းရွာမှာလာခိုချိန် သူ့သူငယ်ချင်းက အင်္ဂလိပ်စစ်ဗိုလ်ကို သတ်လိုက်တယ်

ကာလအတန်ကြာမှာထိုသူငယ်ချင်းက သူချစ်ရသူကို ခူးဆွတ်သွားချိန်မှာ မုန်းစိတ်ပွားလို့ သတင်းပေးလိုက်တယ် ဒီအတွက် ဆုလာဘ်အနေနဲ့ သူကြီးရာထူးနဲ့ နှလုံးပြူးသေနတ် ရရှိလာခဲ့တာပါ

_______________________________

ဦးသာအောင် အင်္ဂလိပ်တွေကို လက်ထောက်ချအဖမ်းခိုင်းလိုက်တဲ့ သူငယ်ချင်းကဘယ်သူထင်လဲ

ဆရာတွတ်ရဲ့အဖိုး ဦးပေါက်ပီဗျ
_______________________________

ဒီတော့ ဆရာတွတ်ရဲ့သေနတ်က နယ်နယ်ရဟုတ်ရိုးလားဗျာ
သာမန်အမဲပစ်သေနတ်ဆိုတာထက်ပိုတဲ့ လေးနက်တဲ့အဓိပ္ပာယ်တွေရှိတယ်

အဘိုးရဲ့ ဇနီးမယား သားနဲ့ နှစ် ၅၀ လောက်ကွဲကွာရခြင်းရဲ့ ပြယုဒ်

အဖမဲ့သားအဖြစ် နှစ်ကာလရှည်ကြာစွာဖြတ်သန်းခဲ့ရတာတွေကို သင်ပုန်းချေခွင့်လွှတ်ခဲ့တဲ့ အဖေ့စိတ်ထားကိုကိုယ်စားပြုရာ သင်္ကေတလို့လည်း ဆိုနိုင်တယ်မဟုတ်ပါလား
ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်

လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ


Friday, May 1, 2026

ဆရာဆွေမင်း (ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီ စာအုပ်တွေထဲက တအုပ်တည်းသာရှိတဲ့ အထူးခြားဆုံးဇာတ်လမ်း


 ဆရာဆွေမင်း (ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီ စာအုပ်တွေထဲက တအုပ်တည်းသာရှိတဲ့ အထူးခြားဆုံးဇာတ်လမ်း

.

ဆရာတွတ်တို့ ဆရာတပည့်နှစ်ယောက် တောတက်အမဲလိုက်တာ မဆန်းဘူးမို့လား မုဆိုးကိုး


အဲ.. ခရီးထွက်တယ်ဆိုရင်တော့ နည်းနည်းထူးနေပြီဟုတ် ဆယ်အုပ်တအုပ်လောက်ကိုး


ဒီထဲကမှ ရေလမ်းခရီးပင်လယ်ပြင်ကိုထွက်တယ်ဆိုရင် တော်တော့်ကိုထူး‌နေပြီပေါ့ အုပ်သုံးဆယ်မှ တအုပ်လောက်တွေ့ရတာမဟုတ်လား


အဖော်အဖြစ် စောကြီးလည်းပါတယ်ဆိုရင် 

တွေ့တတ်တာပဲအဆန်းမှမဟုတ်တာလိုဆိုမှာပေါ့


မသေးမျှင်ပါတယ်ဆိုရင်တော့ သူလည်းပါတတ်တာပဲလို့တွေးမိတိုင်စေ နည်းနည်းဆန်းနေပြီလို့ တွေးနေလောက်တယ်ဟုတ်


အမြဲမယားအနားကမခွာတဲ့ အာနိုးလှမိုးကြီးပါ ခရီးစဉ်ကိုလိုက်ပါတယ်ဆိုရင် 😯 အတော့်ကိုထူးနေပဟလို့ ရေရွတ်ရင်း အံ့ဩနေလောက်တယ် 


နေအုံး နေအုံး ဒီလောက်နဲ့အံ့ဩနေရင် ငွေမရရင် ပါးစပ်တောင်ဟပြီးလေမထုတ်တတ်တဲ့ ပီဘိစီးပွားရေးသမားတရုတ်ကလေးအတီးပါ ဒီခရီးစဉ်မှာဆရာတွတ်တို့နဲ့အတူ လိုက်ပါခရီးထွက်ခဲ့တယ်လို့ပြောလိုက်ရင် 😁 လဲပါသေသွားလောက်တယ် 


ဆရာဆွေမင်း (ဓနုဖြူ) ရေဆွဲခဲ့သမျှထဲက 

အုပ်ငါးဆယ်မှာတအုပ် 

မဟုတ်သေးဘူး အုပ်ရာတအုပ် 

မဟုတ်သေးဘူး မဟုတ်သေးဘူး 

ဆရာရေးဆွဲခဲ့သမျှထဲ ဒီလူတွေနဲ့အတူ ဒီလိုပင်လယ်ဖြတ်သန်းခရီးသွားတာ ဒီတအုပ်သာရှိတာပါ


ဒါ့ကြောင့်ဒီစာအုပ်ကိုညွှန်းတာပါ 

အမည်က "သန္တာကျွန်း" တဲ့

.

.

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို ဒို့ခေတ်ယူကျုချန်နယ်မှာ အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Thursday, April 16, 2026

တွက်နည်းမတူတဲ့ပုစ္ဆာတပုဒ်


 တွက်နည်းမတူတဲ့ပုစ္ဆာတပုဒ်

YouTube မှာနားစဉ်ရန်နှိုပ်ပါ

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ မေတ္တာနှောင်ကြိုး ၊ အသည်းလိုက်မုဆိုး ၊ သွေးစုပ်သတ္တဝါဆန်းများ စတဲ့စာအုပ်တွေမှာ သဏ္ဍာန်တူပုစ္ဆာတပုဒ်ကို မတူညီတဲ့ဖြေရှင်းမှုတွေကို ချပြထားတာစိတ်ဝင်စားစရာကောင်းတယ်

ပြဿနာက ရင်သွေးနဲ့ပတ်သက်တာပါ

ဒီလိုဆိုလိုက်ရင်ပဲ ဇာတ်လမ်းပုံစံတခုကို ချက်ချင်းတွေးထင်မိပါလိမ့်မယ် 


ဟုတ်ပါတယ် သင်တို့တွေးထင်ထားသလိုပါပဲ မွေးစားမိဖနဲ့ မိဖအရင်းကြား လွန်းဆွဲခြင်းပြဿနာပေါ့ 


မြန်မာဗွီဒီယိုဇာတ်လမ်းတွေမှာတော့ ဒီပြဿနာဖြစ်လာရင် မေတ္တာပိုသူကဆင်းရဲသူဖြစ်မြဲတွေ့ရပြီး ကောင်းစွာနေထိုင်နိုင်ဖို့ ရင်နာနာနဲ့စွန့်လွှတ်လိုက်တာမျိုးသာ အများအားဖြင့် တွေ့ရတတ်တယ်ဟုတ်

__________________________


မြိုင်ရာဇာတွတ်ပီ ကျွန်ုပ် နှင့် မေတ္တာနှောင်ကြိုး

ဒီစာအုပ်မှာတော့ ဖြေရှင်းရသူက ဆရာတွတ်တို့မိသားစုကိုယ်တိုင်ဖြစ်ပြီး တွေ့နေကျဇာတ်လမ်းတွေအတိုင်း ပိုချမ်းသာသူတို့စီမှာ သက်သောင့်သက်သာဖြတ်သန်းနိုင်စေဖို့ ရွေးချယ်ပေးလိုက်ကြတယ်


အနစ်နာခံလိုက်တယ်ပေါ့

__________________________


ဒီစာနှစ်အုပ်ကတော့ ထူးခြားတယ်

__________________________


မြိုင်ရာဇာတွတ်ပီ ကျွန်ုပ် နှင့် သွေစုပ်သတ္တဝါဆန်းများ

ဒီစာအုပ်မှာတော့ ပြဿနာအရင်းခံက အရွယ်ရောက်ပြီးမိန်းမပျိုဆိုတော့ လူငယ်တယောက်ရဲ့ စဉ်းစားပုံရှုမြင်ပုံ ထောက်ဆတွေးခေါ်ပုံမို့ 


ဖြေရှင်းပုံခြားနားတယ် ဆန်းသစ်တယ်  


မွေးစားဖခင်ကပိုချမ်းသာပြီး ဖခင်ရင်းကချို့တဲ့တော့ သူမကိုပိုလိုအပ်နေတဲ့ရပ်ဝန်းကို ရွေးချယ်ပါရစေလို့ဆိုတယ်


အနစ်နာခံတာမဟုတ်ဖူးနော် ပိုလိုအပ်နေတဲ့ရပ်ဝန်းအတွက် သက်သာစွာနေထိုင်ခွင့်ကိုစွန့်လွှတ်တာပါ

__________________________


မြိုင်ရာဇာတွတ်ပီ ကျွန်ုပ် နှင့် အသည်းလိုက်မှဆိုး

__________________________


ဒီစာအုပ်မှာ မွေးစားသူက ဆင်းရဲတော့ ချမ်းသာတဲ့မိဖရင်းစီပေးအပ်လို့ တရပ်တကျေးထွက်သွားမယ်အလုပ်မှာ အကြောင်းကြောင်းကြောင့် ချမ်းသာလာချိန် ထွက်မသွားဖြစ်တော့ဘဲ ရင်သွေးဟာ ဘယ်သူ့အပိုင်ရယ်လို့မဟုတ်ဘဲ နှစ်ဦးစလုံးစီမှာ လှည့်လည်နေထိုင်ရင်း ချမ်းမြေ့စွာနေထိုင်သွားပါတယ်

__________________________


အပေါ်နှစ်အုပ်မှာ ဖြေရှင်းနည်းတွေက တဖက်ဖက်ကအမြဲနစ်နာနေတဲ့ ဇွတ်အတင်းအနစ်နာခံနေတာတွေကို ဘဝင်မကျခဲ့လေသမျှ ဒီစာအုပ်နဲ့မှပဲ သဘောကျသွားတော့တယ်

__________________________


ခုခေတ်စားနေတဲ့ သီအိုရီတခုလိုပေါ့ 

သူနိုင်ကိုယ်ရှုံး သူကောင်းဖို့ ကိုယ်ကနာ သူပေါ်ဖို့ကိုယ်နစ်ဆိုတာတွေကနေတဆင့်တက်လို့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို အားလုံးအတွက်အဆင်ပြေတဲ့ ကောင်းမွန်တဲ့ရလဒ်ကိုဖော်ဆောင်နိုင်တဲ့ ဖြေရှင်းနည်းအစစ်အမှန်လို့လည်း ယုံကြည်မိတာကြောင့်ပါ

__________________________

__________________________


ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို ဒို့ခေတ်ယူကျုချန်နယ်မှာ အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Monday, April 6, 2026

မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်အဏ္ဏဝါဒေဝီစာအုပ်မှ ပြင်သင့်တဲ့နှစ်နေရာ


 မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်အဏ္ဏဝါဒေဝီစာအုပ်မှ ပြင်သင့်တဲ့နှစ်နေရာ

.

အဆိုပါစာအုပ်က ဇာတ်လမ်းချိတ်ဆက်မှုအရည်အသွေးအတော်မြင့်မားပြီး ပုံမှန်အားဖြင့် ဆရာတွတ်တို့နဲ့လားလားမှသက်ဆိုင်စရာမရှိတဲ့ ပင်လယ်ဓားပြတွေပါဝင်တာမို့ မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းတွေထဲမတော့ ရှားရှားပါးပါးနဲ့ တွေ့ရခဲတဲ့ (ကိုယ့်အထင်ဒီတအုပ်ပဲရှိလိမ့်မယ်ထင်တယ်)ပင်လယ်ဓားပြတွေပါဝင်တဲ့ဇာတ်လမ်းလို့ဆိုရမှာပါ


ခုပြင်သင့်တယ်ဆိုတာက မုန်တိုင်းတို့ ပင်လယ်ဓားပြဖြစ်ကြတော့ နောက်လိုက်အဖြစ် ဇော်ဒိန်ဆိုတဲ့ ကချင်လူငယ်လေးကို အကူအဖြစ်ခေါ်ခဲ့တယ်လို့ပထမဆိုတယ်


ပင်လယ်ခရီးကြမ်းမှာ အကူခေါ်တယ်ဆိုတော့ အသက်ကအနည်းဆုံးဆယ်နှစ်ဝန်းကျင်လောက်ဖြစ်မယ်လို့ ယူဆရမှာပေါ့ ဒီထက်ငယ်နေရင် ခိုင်းရတာထက်ဝန်တာပိုရုံသက်သက်ဖြစ်နေမယ်မဟုတ်လား


နောက်တော့ ပင်လယ်ဓားပြကြီးမှာ သမီးကလေးမွေးတယ် ထိုသမီးလေးနဲ့ ဇော်ဒိန်တို့ရည်ငံသွားကြတယ်ပေါ့ ဒီနေရာမှာ အသက်မတိမ်းမယိမ်းမို့ဆိုတဲ့စကားလုံးလေးသုံးထားတာတမျိုးကြီးဖြစ်နေတယ် အမှန်တော့ သုံးလေးနှစ်တင်မဟုတ်ဘူးလေ ဆယ်နှစ်ဝန်းကျင်ကွာတာမဟုတ်လား ဒီတော့ မတိမ်းမယိမ်းဆိုတဲ့စကားက အနည်းငယ်ဘဝင်မကျစရာ


ဇော်ဒိန်က မုန်တိုင်းကြီးတို့ပင်လယ်ဓါးပြစလုပ်ကတည်းက ပါခဲ့တာမျိုးမဟုတ်ဘဲ သမီးလေးမွေးပြီးနောက်များအကြာမှ အကြောင်းကြောင်းကြောင့် ရောက်လာတယ်ဆိုရင်ပိုကောင်းလေမလားလို့ ဒါကပထမအချက်


ဒုတိယအချက်က ဇော်ဒိန်ကသူလျှိုလုပ်တဲ့ကိစ္စ


မုန်တိုင်းကြီးကိုယ်တိုင်က သူ့သမီး အဏ္ဏဝါဒေဝီနဲ့ ဘဝင်မကျသည့်တိုင် သဘောတူစေ့စပ်ပေးပြီးမှ ဇော်ဒိန်က ဘာကြောင့်သစ္စာဖောက်နေဖို့လိုအုံးမှာလဲ


တကယ်လို့ မုန်တိုင်းကြီးက သဘောမတူလို့ ညှင်းပမ်းနှိုပ်စက်လို့ဆိုရင် ဒါမှမဟုတ် ဇော်ဒိန်က ငယ်စဉ်ကတည်းကပင်လယ်ဓါးပြလုပ်ခဲ့တာမဟုတ်ဘဲ အရွယ်ရောက်ပြီးမှရောက်လာတာမျိုးဆိုရင်တော့ အပြင်လောကနဲ့ကွာခြားမှုကိုသိလို့ ပင်လယ်ဓါးပြအလုပ်ကိုမနှစ်မြိုနိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် တင်မင်ကိုဖြိုခွဲဖို့ ဝင်ရောက်လာတာမျိုးဆိုရင်ပိုကောင်းလေမလားလို့ပါ


ခုက ဇော်ဒိန်က သစ္စာဖောက်မယ်သာဖောက်ရတာ သစ္စာဖောက်ရလောက်အောင် နှိုးစွနိုင်မယ့် လုံလောက်တဲ့

အကြောင်းအရင်းမရှိဘူး သိပ်မခိုင်မာလှဘူး လို့ယူဆမိတယ်


ဘဝင်ကျချင်ရင်တော့ ဒီလိုတွေးလို့တော့ရတာပေါ့ လူ့စိတ်ပဲဟာ ရုတ်ချည်းပြောင်းလဲတတ်တာသဘာဝပဲကိုး

.

.

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Saturday, April 4, 2026

သင်သိပါသလား ...? ဆရာတွတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက်ငယ်တယ်ဆိုတာ


 သင်သိပါသလား ...?

ဆရာတွတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက်ငယ်တယ်ဆိုတာ 

လူထုခေါင်ဆောင်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေမှာမွေးပါတယ်


ဆရာတွတ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးအပြီးနဲ့ လွတ်လပ်ရေး‌မရခင်စပ်ကြားမှာမွေးတယ်လို့ အဖေဒဲ့ပီရဲ့ ဘဝမှတ်တမ်းစာအုပ်မှာဆိုထားပါတယ်


ပြီးတော့လွတ်လပ်ရေးရချိန်မှာ ဆရာတွတ်ဟာ နှစ်လနီးပါးအရွယ်ရှိနေပါပြီလို့ ထပ်ဆင့်ဆိုထားပြန်တော့ လွတ်လပ်ရေးရတာက ၁၉၄၈ ဇန်နဝါရီလ ၄ရက်နေ့ဆိုတော့ ရှေ့ကို ၂လဆုတ်ကြည့်ရင် နိုဝင်ဘာလထဲပေါ့ နီးပါးလို့ဆိုထားတာမို့ ၁၀ ရက်ဝန်းကျင်ဖြစ်လောက်ဖွယ်ပေါ့ဗျာ


ဒီတော့ ဆရာတွတ်ရဲ့မွေးနေ့က ၁၀.၁၁.၁၉၄၇ လို့အကြမ်းဖျင်းယူဆရပြီး လူထုခေါင်းဆောင်က ၁၉.၆.၁၉၄၅ မှာမွေးတာဆိုတော့


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆရာတွတ်ထက် ၂ နှစ် ၄ လနဲ့ ၂၁ ရက်ဝန်းကျင်လောက် ကြီးတယ်လို့ဆိုရမှာပါ

ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Saturday, March 28, 2026

ညွှန်းလွန်းတော့ ပေါ့

 

ညွှန်းလွန်းတော့ ပေါ့

.

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ နတ်ရဲတောင်လျှို့ဝှက်ချက်ဆိုတဲ့ စာအုပ်က ဇာတ်သွားကကျယ်ပြန့်ပြီး အတော့်ကိုသဘောကျစရာကောင်းတယ် ချိတ်ဆက်သွားတာတွေကလည်း အတော်သဘာဝကျတယ် 


ဒါပေမယ့် စိတ်မှာစနိုးစနောင့်ဖြစ်တာလေးတနေရာရှိပါတယ်

အခန်းတခုလုံးစာမဟုတ်ဘဲ ပုံစံတူစကားတခွန်းတည်းကိုပဲ စာမျက်နှာသိပ်မခြားဘဲ မတူညီတဲ့ဇာတ်ကောင်နဲ့ သုံးချိန်တိုင်တိုင် ခပ်စိတ်စိတ်အသုံးပြုထားတာကိုပါ


ဆင်းရဲပေမယ့်လိမ်မပြောတတ်ပါဘူး ဆိုတဲ့စကားပါ

ဒီတော့ချမ်းသာသူတွေကကောလို့ ပြန်တွေးမိရင်း 


အဲ့ဒီခေတ်ကစာအုပ်ဇာတ်လမ်းတွေမှာ ဒီနည်းတူပြောစကားတွေက အတော်ခေတ်စားပုံရတယ် ပြဿနာတရပ်ဖြစ်လာရင် မှန်သူမှားသူဆိုတာထက် အားနည်းသူဖက်ကရပ်တည်တယ်ဆိုတဲ့ ကရုဏာစိတ်ကြောင့်လည်းဖြစ်နိုင်တယ်


ဒါမှမဟုတ် ငွေရှိသူ အာဏာရှိသူတို့ရဲ့ တရားလွန်ဖိနှိုပ်မှုတွေ မရှိခိုးနိုးမလှစုန်းယိုးဆိုသလို ယိုးစွပ်မှုတွေ လူ့ဘောင်လောကမှာသိပ်များလွန်းလို့ မခံစားနိုင်သည့်အဆုံး ဇာတ်ကောင်တွေကနေ ကိုယ်စားရင်ဖွင့်ရင်း အထူးတလည်မှတ်သားမိအောင် ထပ်ဆင့်တပ်ဆင့်ညွှန်းဆိုမိသွားတာလေလားလို့တွေးမိတယ်


ကိုယ့်အတွက်တော့ သတိထားမှမှားတတ်တာမျိုးလို 

တခါဆို ဆိုသလောက် လေးလေးနက်နက်ပြောရင် အတော်မှတ်လောက်သားလောက်ဖြစ်မယ့် တွေးချိန်ချင့်စရာများစွာပါတဲ့စကားက 


အချို့ဆောင်ပုဒ်တွေလို တွေ့ဖန်များတော့ မလေးချင်တော့သလိုလို 

များလွန်းတော့ပေါသွားသလိုလို 

ညွှန်းလွန်းတော့ မျက်ရည်ခံထိုးသလိုလို ကရုဏာကိုဇွတ်ရယူဖို့ကြိုးစားသလိုလိုကြီးခံစားရတယ်

.

.

.

အဆိုပါ စာအုပ်တွေကို Doh Khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ‌ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



Monday, March 16, 2026

NUG မှာ သူကြီးဘစီလိုအပ်နေသလား ...? 😁

 



NUG မှာ သူကြီးဘစီလိုအပ်နေသလား ...? 😁

____________


တို့ရွာထဲမှာလူများစွာ ချမ်းသာကိုယ်စိတ်အမြဲပါစေ... စာအုပ်နှင့် အတွေးစ

အကြီးအကဲတယောက်မှာ ဩဇာနဲ့အရှိန်အဝါဆိုတာ တကယ်လိုအပ်ပါလားလို့တွေးမိစေတာက ဒီစာအုပ်ဖတ်အပြီးပါ


အဆိုပါစာအုပ်မှာ အတီးဝက်သားပေါ်ရောင်းတဲ့ကိစ္စ ဖြေရှင်းဖို့ ဆရာတွတ်ရောက်သွားချိန်မှာ သူကြိုတင်စဉ်းစားခဲ့တဲ့

ထင်မြင်ချက်နဲ့ ခံစားချက်တွေရောထွေးလို့ အများပြောသမျှသံယောင်လျှောက်လိုက်နေမိကာ ပြဿနာရဲ့လိုရင်း ဖြေရှင်းတဲ့ဆီမရောက်ဘဲ အော်ကြီးဟစ်ကျယ်သာ ခွန်းတုံ့စကားဆိုရင်း စကားသာများပြီး အရာမရောက်ဖြစ်နေတယ်


ဒီအချိန်မှာ သူကြီးဘစီ လှည်းကလေးနဲ့ရောက်ချလာလို့

တယောက်တပေါက် ပွက်လောရိုက်အောင်ငြင်ခုံနေမှုကို ကျွတ်ကျွတ်ညံနေတဲ့ ဘေးတီးစကားသံတွေကို ငြှိမ်းဖို့ ပထမဆုံး ဟောက်သင့်သူကိုဟောက် ငေါက်သင့်သူကိုအရင်ငေါက်လိုက်တယ် 


ပြီးတော့ ပြဿနာရဲ့ မူလဇစ်မြစ်က ပါဝင်ပတ်သက်သူတွေကို တယောက်ချင်းခေါ်လို့ ရေရာတိကျတဲ့ အဖြေရသည်အထိ စစ်မေးတယ်


ထိုထွက်ဆိုချက်တွေကို ယာယီအတည်ပြုချက်အဖြစ်မှတ်ယူလို့ ထပ်ဆင့်စုံစမ်းမှုတွေကနေ ခြားနားတဲ့အဖြေတွေ

ရလာခဲ့ရင် ထွက်ဆိုခဲ့တဲ့စကားတွေအတွက် တာဝန်ယူရမယ် ပြစ်မှုထင်ရှားရင် ကြီးလေးတဲ့အပြစ်ဒဏ်ခံရမယ်လို့ကြိမ်းတယ် ပြောဆိုသတိပေးတယ်ပေါ့


ဒါပါပဲ 


ဆရာတွတ်ခမျာ အတီးနဲ့ လူပျိုကြီးအကြား လုံးလည်ချာလိုက်လို့ တမနက်လုံး မေးရိုးထောင်သည်အထိ အသံပြာသည်အထိ ဘယ်လိုရှင်းရှင်းမရတဲ့ပြဿနာက သူကြီးရှင်းတော့ လှည်းပေါ်ကတောင်ဆင်းစရာမလိုဘူး မိနစ်ပိုင်း‌တောင်မကြာဘူး


မကြည်ပြာကိစ္စ ရှင်းလင်းပွဲ အစအဆုံးတော့စောင့်မကြည့်ဖြစ်ပါဘူး ဒါပေမယ့်တွေ့ရသလောက် ရှင်းမှပိုရှုပ်နေသလေသလား NUG မှာ သူကြီဘစီ လိုနေသလားလို့ပါ 😄

အဆိုပါ စာအုပ်တွေကို Doh Khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

ဒါမှမဟုတ်

စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Monday, March 2, 2026

လူ့ပြိတ္တာများ ( the lord of the ring - ဆင်သေချောက်ရတနာ)


 လူ့ပြိတ္တာများ ( the lord of the ring - ဆင်သေချောက်ရတနာ) 

.

ကမ္ဘာကျော် the lord of the ring ဆိုတဲ့ကားထဲက စမီဂေါဆိုတဲ့ မှင်စာလိုလိုသရဲလိုလိုသတ္တဝါလေးကို သိကြမယ်ထင်တယ် 


သူက လက်စွပ်လေးအပေါ် စွဲလမ်းတပ်မက်လွန်းတဲ့စိတ်အစဉ်ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်ကာ လူသားစင်စစ်ကနေ အရုပ်ဆိုးအကျည်းတန်တဲ့ ထိုပုံစံပြောင်းသွားတာပါ


ထိုကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းအပေါ် လွန်လွန်ကဲကဲစွဲလန်းတတ်သူကို ဗမာတို့က သေရင်ပြိတ္တာဖြစ်လိမ့်မယ်လို့ဆိုကြတယ်မဟုတ်လား သူကတော့ လက်ရှိဘဝမှာတင်ကို အဆင်းသဏ္ဍာန်ပါပြောင်းလဲသွားပုံမျိုးပါ


ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဆင်သေချောက်ရတနာဆိုတဲ့ စာအုပ်က ဒီသဘောနဲ့အတော်နီးစပ်တယ်


ရတနာတခုပိုင်ဆိုင်ရချိန်မှာ ဖြစ်ပေါ်လာတဲ့စိတ်သဘာဝ ပြောင်းလဲလာတဲ့အဆင်းသဏ္ဍာန်အသွင်အပြင်ကို တဆင့်ချင်းပြသွားတာ သိပ်ပြည့်စုံတယ် 


အများပြောကြသလိုပေါ့ ငွေကလူကို ဖျက်စီးတတ်တယ်

လူတွေက ငွေရှိရင်ပြောင်းလဲသွားတတ်တယ်တဲ့


အမှန်တော့ ငွေက လူကိုဖျက်စီးတာ ပျက်စီးစေတာထက် ပုထုဇဉ်လူသားတို့မှာ တိမ်မြှုပ်နေတဲ့ ပကတိစိတ်ထားတွေကို ပေါ်လွင်စေတာဆိုရင် ပိုမှန်ပါလိမ့်မယ်


ဒီစာအုပ်မှာဆိုရင်ကြည့်လေ သာမန်အားဖြင့် သဘောကောင်းတယ် ဣိဿာမစ္ဆရိယမရှိဘူးလို့ထင်ရတဲ့ ဆရာတွတ်တို့မိသားစုဟာ ဆင်သေချောက်ထဲက ပတ္တမြားလေးတလုံး အမှတ်မထင်ရရှိလာအပြီးမှာ ထိုအရာလေးက သူ့တို့စိတ်ကို အစဉ်ကိုစိုးမိုးလို့ လူတိုင်းကို ကိုယ့်ပိုင်ဆိုင်မှုကို လုယူမလား ခိုးယူလေမလားရယ်လို့ သံသယစိတ်နဲ့ မအိပ်နိုင်မစားနိုင်အချိန်တိုင်းတထိတ်ထိတ်ဖြစ်လို့ ပိန်းချုံးကျလာသတဲ့


ဗုဒ္ဓစာပေထဲက ပြိတ္တာရဲ့ ဂုဏ်အင်ကိုစမ်းစစ်ကြည့်ရင် ကိုယ် စားလို့ဝတ်လို့ သုံးဆောင်လို့မရတာကို စွန့်လည်းမစွန့်လွှတ်နိုင်တော့ တကြောင့်ကျကျ သူတပါးရယူသွားမှာကိုလည်းမလိုလားတော့ ဟောက်ရင်းခြောက်ရင်းမာန်ဖီရင်း ကိုယ့်အတွက်ဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့အရာအတွက် ဒုက္ခခံနေရတာမျိုးတွေလည်းပါဝင်ပါတယ်


ဒီအရည်အသွေးကိုသာ ပဓာနထားရင် တမလွန်ဘဝ သေမှရယ်မဟုတ်ဘဲ လက်ရှိဘဝ ပကတိအချိန်မှာပဲ အရှင်လတ်လတ် ပြိတ္တာဖြစ်နိုင်တယ်လို့ ဆိုရမယ်ထင်တယ်


ထူးတော့လည်းမဆန်းပါဘူး ကျွန်တော်တို့အားလုံးမှာ ဖြစ်တတ်တဲ့ ဖြစ်လာမယ့် စိတ်သဘောပါပဲ မဖြစ်သေးတာပဲရှိမှာပါ ပုထုဇဉ်တွေကိုး


ဒီအခါမှာ ကိုယ့်ကိုယ်ကို သတိမထားမိချင်မှထားမိနိုင်ပေမယ့်

ပတ်ဝန်းကျင်အမြင်မှာတော့ အများအမြင်မှာတော့ the lord of the ring ဆိုတဲ့ကားထဲက စမီဂေါ လို ဆင်သေချောက်ရတနာထဲက ဆရာတွတ်တို့မိသားစုလို ဖြစ်နေဖြစ်နေမှာဆိုတာ သတိကပ်ဆင်ခြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

.

.

အဆိုပါ စာအုပ်တွေကို ဒို့ခေတ်ယူကျုချန်နယ်မှာ အမောင်နွားကျောင်းသားဖတ်ပြတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ်


လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော


စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Sunday, March 1, 2026

မြိုင်ရာဇာတွတ်ပီ - လူမှုယဉ်ကျေးမှု ဘာသာရေးအငွေ့အသက်တို့ စိမ့်ဝင်ခြင်း

 

မြိုင်ရာဇာတွတ်ပီ - လူမှုယဉ်ကျေးမှု ဘာသာရေးအငွေ့အသက်တို့ စိမ့်ဝင်ခြင်း

.

ပထမတော့ ဆရာဆွေမင်း (ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီကို မုဆိုးအလုပ် လုပ်ကိုင်စေရာမှာ ဘာခံစားချက် ဘာအတွေးအမြင်မှ မရှိဘဲ မုဆိုးမို့လို့ သားသတ်ရမှာပဲ ဒါသူ့အလုပ်ပဲရယ်လို့ သဘောထားရှင်းလင်းခဲ့ပါတယ်


ဒါကို ဆရာ့ရဲ့အစောပိုင်းလက်ရာဖြစ်တဲ့ ဝါးရုံပင်သရဲ မှာတွေ့နိုင်ပါတယ် အဲ့စာအုပ်မှာ ဆရာ့ရဲ့အတွေးအမြင် ဇာတ်ကောင်တည်ဆောက်ပုံက အတော်ရှင်းလင်းတယ်


ပရိတ်သတ်ဖတ်ပျော်စေဖို့ ဟာသခွင်လေးတွေချိတ်ဆက်ရာမှာလည်း သဘာဝတကျရှိလှတယ် 


ဒီမှာ ပေါ်လွင်နေတာက ဦးတွတ်ပီတို့ ဗိုက်ကလေးတို့က ဟာသဇာတ်ကောင်မဟုတ်ဘူးဆိုတာပဲ တမင်ပေါနေတာ ဘယ်အကွက်မှာမှမရှိဘူး လုပ်ရင်းလွဲနေလို့ ရယ်ရတာတော့ တကဏ္ဍပေါ့


ပြီးတော့ ဆရာတွတ်က ပရလောကကို လုံးဝမယုံကြည်တဲ့ စိတ်မြန်လက်မြန်ရှိတဲ့ နှိုင်းချင့်စဉ်းစားတတ်တဲ့သဘောတွေ သေသေချာချာလေးကို ရှိတယ်

_____________________________


နောက်ပိုင်းမှာတော့ ဆရာတွတ်ရဲ့ သက်မွေးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာ ဘာသာရေးအငွေ့အသက် စိမ့်ဝင်လာတာကိုတွေ့ရတယ် 


ဘယ်လိုလဲဆိုတော့ သူ့အလုပ်နဲ့ပတ်သက်လို့ အရင်လို ကိုယ့်အလုပ်ကိုယ်လုပ်တာပဲရယ်လို့ သဘောမရှင်းတော့ပဲ သက်မွေးအလုပ်မို့သာလုပ်ရပေးမယ့် အလုံးစုံ ကြေနပ်ပျော်ရွှင်နှစ်ခြိုက်ခြင်းမရှိတော့ဘဲ အသတ်ခံတိရစ္ဆာန်တွေအပေါ် ကရုဏာသဘော မျှတစေလိုတဲ့စိတ်ထားသဘောလေးတွေ ရောယှက်လာတယ်


ပြီးတော့ တဖက်က ကမ္ဘာဦးလုပ်ငန်းအဖြစ် သူ့သက်မွေးအလုပ်ကို ဂုဏ်ယူမှုလည်း ရှိနေပြန်တယ်


ဒီအကြောင်းကို နောက်ပိုင်းစာအုပ်အတော်များများမှာ တွေ့နိုင်ပါတယ်


ဘယ်လို့လဲဆိုတော့ အပျော်တမ်းအမဲပစ်သမားတွေတွေ့တိုင်း ကိုယ့်စိတ်ကျေနပ်ပျော်ရွှင်ဖို့ကို သူတပါးအသက်ကို သတ်ဖြတ်ခြင်းနဲ့ဖြည့်စည်းတယ်ဆိုတာ ဘယ်လိုမှနားမလည်နိုင်ဘူးတဲ့


သူ့အတွက်က သူ့အလုပ်မို့သာလုပ်ခြင်းဖြစ်ပြီး သူတပါးအသက်ကို ပျော်ချင်ရုံသက်သက် ကစားတာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်


ဒီသဘောတွေက ဆရာတွတ်ကို ကျွန်တော်တို့ရဲ့ လူမှုယဉ်ကျေးမှု ဘာသာရေးအငွေ့အသက်လေးစိမ့်ဝင့်သွားတဲ့သဘောလေများလားလို့ တွေးမိတယ် 

_____________________________


ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ငယ်စဉ်ကအထိတောင် နေ့စဉ်သူများအသက်သတ်ခြင်းနဲ့အသက်မွေးတဲ့ မုဆိုးမပြောနဲ့ ရံဖန်ရံခါသားသတ်သူတွေတောင် ရပ်ထဲရွာထဲတယ်လူရာမဝင်လှဘူး ခွဲခြားဆက်ဆံမှုသဘောရှိတယ် 


သူတို့ကလည်း မတတ်သာလို့သာလုပ်ရတာ ဖြစ်နိုင်ရင်မလုပ်ခြင်ဘူး မလုပ်လိုဘူး ဒီအလုပ်ကို နိမ့်ကျတယ်လို့ ထိုသူတို့ကိုယ်တိုင်က ယူဆတာကိုး


ဒီသဘော ဒီအယူအဆရှိတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့အဓိကဇာတ်လိုက်ရဲ့ သက်မွေးအလုပ်က မုဆိုးဖြစ်နေတော့ကား သူ့ဇာတ်ကောင်ကို ဟီးရိုးကြီးစတိုင်သွားလုပ်လို့မရတာ သဘောပေါက်ကြမယ်ထင်တယ် 


ပြီးတော့ဆရာရေးဆွဲတာက ကာတွန်းဆိုတော့ ယေဘုယသဘောအားဖြင့် ကလေးပရိတ်သတ်ကို ရည်ရွယ်ထိုးဖောက်ရတာမဟုတ်လား


ဒါကြောင့်မုဆိုးဘဝနဲ့သားကောင်တွေရဲ့သဘာဝကို သိရှိနားလည်စေဖို့သဘောကို လိုရင်ထားပြီး ဒီအလုပ်ကို ဂုဏ်ယူစရာ အားကျစရာရယ်လို့မဖြစ်ရအောင် သူ့ဇာတ်ကောင်တွေကလည်း ရုပ်ရည်အသွင်အပြင်အားဖြင့်၄င်း ဇာတ်လမ်းအယူအဆအားဖြင့်၄င်း ဟာသသဘော အလွဲသဘောလေးတွေရောယှက်ထားတယ်လို့ထင်တယ်

_____________________________


အဓိကဇာတ်ကောင် ဦးတွတ်ပီက ဘာကြောင့်မုဆိုးလုပ်ရလဲဆိုရင် မုဆိုးမျိုးရိုးကဆင်းသက်လာလို့ပဲလို့ အလွယ်ယူရမှာပဲ ပြီးတော့ လုပ်စားစရာလယ်ယာမြေမရှိတော့ ရွေးချယ်ခွင့်မရှိတာလည်းတပိုင်းပေါ့ 


ဗိုက်ကလေဆိုရင်ကြည့်ပေါ့ ရုပ်ရည်သွင်ပြင်အားဖြင့် သာမန်ထက် အရုပ်ဆိုး အရပ်ပုပြီး ဗိုက်ပူတာကိုး ပြီးတော့အစောပိုင်းမှာ မုဆိုးနောက်လိုက်သက်သက်ထက်ဘာမှမပိုပါဘူး 


မသေးမျှင်ဆိုရင်လည်း သားစိမ်းငါးစိမ်းဖျက် အရပ်တကာလည်ရောင်းရသူ မုဆိုးမယားပီပီ နှုတ်ကြမ်းကိုယ်ကြမ်း မိန်းမကြီးတယောက်သာပါပဲ


သဘောကလူ့အသိုင်းအဝိုင်းမှာ လူစဉ်မမီဘောင်မဝင်တဲ့သူတွေနဲ့ မြေမရှိယာမရှိသူတွေ သက်မွေးအလုပ်အတွက် ရွေးချယ်စရာမရှိသူတွေသာ ဒီအလုပ်ကိုလုပ်တဲ့သဘောမဟုတ်လား

_____________________________ 


နောက်ပိုင်းမှာတော့ မုဆိုးဇာတ်ကောင်ကို ပရိတ်သတ်နားလည်းလက်ခံနိုင်လာပြီးကာလမှာတော့ ဗိုက်ကလေးရဲ့စရိုက်သဘာဝက နှစ်လိုဖွယ် သဘောကျစရာ အရည်အချင်းတွေနဲ့ သာမန်မုဆိုးနောက်လိုက်သက်သက်မဟုတ်တော့တာ သူ့အကြောင်းသီးသန့်ပြုစုထားတဲ့ဆောင်းပါးမှာ ရေးပြီးဆိုတော့ ဇာချဲ့ပြာလဲ့မနေတော့ပါဘူး


ထို့သာမကသေးဘဲ ဦးတွတ်ပီတို့မျိုးရိုးကလည်း သာမန်တောသားမုဆိုးရိုးရိုးမဟုတ်တော့ဘဲ အဖိုးပေါက်ပီတို့ အဖေဒဲ့ပီတို့ဘဝမှတ်တမ်းထွက်လာချိန်မှာ လုံးဝခြားနားသွားတယ်


အမှန်တော့ ထိုနှစ်အုပ်ထွက်လာတာက ဆရာ့ရဲ့အစောပိုင်းထွက်ခဲ့သမျှ စာအုပ်တွေ မြောင်းထဲရောက်ရမလိုပါပဲ ဘာကြောင့်လဲဆိုတော့ ဇာတ်ကောင်ရဲ့မျိုးရိုးစဉ်ဆက်ကို တသီးတဘာသာ တည်ဆောက်လိုက်သလိုဖြစ်သွားတာကိုး


ကိုယ်တော့ဖြင့် ဆရာဆွေမင်း (ဓနုဖြူ) က ထိုဇာတ်လမ်းတွေကို တွေးဖွဲ့မိချိန်မှာ သူ့ဇာတ်ကောင် မြိုင်ရာဇာတွတ်ပီနဲ့ ဘယ်လိုချိတ်ဆက်ရမလဲ သီးခြားဇာတ်ကောင်မွေးပြီး ချိတ်ဆက်မယ်ဆိုရင် မူလဇာတ်ကောင်တွေရဲ့ မျိုးရိုးအစဉ်အတွက် ပြဿနာမရှိတာကို တွေးမိလိမ့်မယ်ထင်တယ်


ဒါတောင်မှ ဆရာက ရှေ့အစဉ်ပျက်ချင်ပျက်ပါစေတော့ ဦးတွတ်ပီရဲ့ဘဘိုးတွေအဖြစ်ချိတ်ဆက်လိုက်တာက ဒီဇာတ်လမ်းတွေအပေါ် ဆရာ့ရဲ့ ယုံကြည်မှုကို မှန်းဆကြည့်ပေါ့


သဘောက ဆရာဆွေမင်း (ဓနုဖြူ) က ဘယ်လောက်ပဲအားထုတ်ခဲ့ရသည်ဖြစ်ပါစေ ပိုကောင်းလာဖို့ ပိုပြည့်စုံလာဖို့အတွက်ဆိုရင် လက်လွှတ်ပြစ်လိုက်ဖို့ ဝန်မလေးဘူးဆိုတဲ့ စိတ်ဓာတ်ပြတ်သားမှုရှိသူလို့ ဆိုချင်တာပါ 

_____________________________


အဆိုပါ စာအုပ်တွေကို အမောင်နွားကျောင်းသားဖတ်ပြတဲ့ ဒို့ခေတ်ယူကျုချန်နယ်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်ပါတယ် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော


စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Saturday, February 28, 2026

လူပျိုကြီးစောတင်မောင် ၏ စရိုက်လက္ခဏာပျက်စီးခြင်း

 

လူပျိုကြီးစောတင်မောင် ၏ စရိုက်လက္ခဏာပျက်စီးခြင်း

ခေါင်းစဉ်က နည်းနည်းတော့ထိလွယ်ရှလွယ်ဖြစ်လိမ့်မယ်ထင်တယ် 


ဒီလိုဗျ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဒီမြိုင်ရာဇာတွတ်ပီ ဇာတ်လမ်း ဇာတ်ကောင်ငြိမ်ပြီးကာလမှာ ဇာတ်ကောင်တွေက ကိုယ်ပိုင်စရိုက်လက္ခဏာ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အယူအဆတွေနဲ့ရှင်သန်လှုပ်ရှားနေကြတာမျိုးပါ


ဗိုက်ကလေး‌တို့ စောကြီးတို့က လူငယ်ပီပီ 

လူပျိုလူလွတ်ပီပီ 

သားကြွေးမှုမယားကြွေးမှု အပူအပင်မရှိသူတွေပီပီ 

အားရင်‌ ရွားရိုးကိုးပေါက် သဝေထိုးရင်း 

သွားလာပျော်ပါး သောက်စားရင်း 

မဒီကညာလေးတွေကိုနောက်ပိုးရင်း 

ရပ်ရေးရွာရေးဆိုလည်း အိမ်မပြန်တမ်း တက်တက်ကြွကြွလိုက်လုပ်ပေးနေရင်းသာအချိန်ကုန်ကြတယ် 


တခါတခါကြုံကြိုက်လို့ နာယူတတ်ပေမယ့် ပညာရှာဖို့ရယ်လို့ စာအုပ်ရှာဖတ်တာ သိနားလည်သူတွေဆီ တကူးတကသွားရောက်လို့ အသိပညာစည်းပူးတာမျိုးရယ်လို့ မလုပ်ပါဘူး မလုပ်ကြဘူးပေါ့ 


ဒါကြောင့် စာတအုပ်ထဲမှာ ရွာစာကြည့်တိုက်ကို ဒီနှစ်ယောက်ရောက်နေတော့ ဆရာတွတ်အံ့ဩနေတာ

နောက်မှ စာကြည့်တိုက်မှာ ကောင်မလေးတယောက်ရောက်နေလို့ဆိုတာသိရမှ ဒါကြောင့်ပဲလို့ မှတ်ချက်ချသွားတာကိုး


ထားပါတော့ 

ခုပြောလိုတာက စောကြီးရဲ့ကဏ္ဍပါ

_____________________________________


ဇာတ်ရုပ်ငြိမ်ပြီးကာလမှာ စောကြီးရဲ့ယေဘုယအချက်အလက်က 


လူပျိုကြီး

အမေအိုကြီးရှိပြီး နှမမေသိန်းလုပ်စာထိုင်စားနေသူ

ဒါပေမယ့်အိမ်အလုပ်မလုပ်ပေမယ့် ရပ်ရေးရွာရေးတွေမှာတော့ အားကိုးရတယ်

ပြီးတော့အလွန်အင်မတန်နောက်ပိုးသန်သူပေါ့

_____________________________________


ဒီမှာ သူကဆရာတွတ်ရဲ့တပည့်မဟုတ်တာ မိသားစုဝင်မဟုတ်တာ သတိထားဖို့လိုတယ် 


ဒီတော့သဘာဝကျဖို့ဆိုရင် ဆရာတွတ်ဘေးမှာ အမြဲရှိနေလို့မရဘူး ဆရာတွတ်တို့သွားရာနောက် ‌အကြောင်းမရှိဘဲအမြဲလိုက်နေလို့မရဘူး 


ဗိုက်ကလေးတောင်မှ တအိမ်တည်းနေပေမယ့် တခါတခါ အိမ်ပြန်မအိပ်တာတို့ လျှောက်သွားနေတာတို့ကြောင့် အရေးအကြောင်းဆိုရင် သူ့အရင်ရှာရတာတလုပ် မဟုတ်လား


သဘောက မိသားစုဝင်ဖြစ်လင့်ကစား ဗိုက်ကလေးတောင်မှ သူ့ဝသီ သူစရိုက် သူ့အကြောင်းကိစ္စနဲ့သူ သွားလာလှုပ်ရှားနေတာပါ


ဒီတော့ ဆရာက စောကြီးကို ဦးတွတ်ပီတို့နဲ့ ခရီးအတူလိုက်စေချင်ရင် အကြောင်းကိစ္စခိုင်ခိုင်မာမာ ရှာပေးရတယ် 

ဖွန်ကြောင်ဖို့ပဲဖြစ်ဖြစ်

ရွာကမဖြစ်မ‌နေ ရှောင်ရမယ့်အကြောင်းမျိုးပဲဖြစ်ဖြစ်ပေါ့  


ဒီသဘောကို မာယာပင်လယ်မှာတွေ့ရပါလိမ့်မယ်

_____________________________________

_____________________________________


ပြောလိုတာက မြန်မာဗီဒီယိုကားထဲက ဇာတ်ပို့လို 

ဘာအလုပ် လုပ်လို့လုပ်မှန်းမသိ 

ဘယ်လိုစရိုက်သဘာဝရှိမှန်းမသိ 


ကိုယ်ပိုင်ဆန္ဒရည်ရွယ်ချက်မရှိဘဲ ဇာတ်လိုက်ဘေးမှာအချိန်ပြည့်ရှိနေပြီး ဇာတ်လိုက်ကိစ္စကိုသာလိုက်လုပ်ပေး ဇာတ်လိုက်ပြောသမျှဖော်လိုလိုက်နေတာမျိုး မဟုတ်ဘူးလို့ ဆိုလိုတာပါ


ဒါကြောင့်ပဲ ဆရာ့စာအုပ်တွေက သဘာဝကျနေတာ

_____________________________________


ဒါပေမယ့် နောက်ပိုင်းစာအုပ်တွေမှာ 

စောကြီးက ဆရာတွတ်ရဲ့ တပည့်လိုလို 

ဆရာတွတ်အိမ်မှာရေနွေးသောက်ရင်း မေးရင်းမြန်းရင်း ဟုတ်ပဟုတ်ပ ထောက်ခံရင်း အသိပညာစည်းပူးနေတာမျိုး 

အကြောင်းကိစ္စမယ်မယ်ရရမရှိဘဲ ဆရာတွတ်တို့သွားရာ လျှောက်လိုက်နေတာမျိုးတွေများလာတယ် 


ဒါက စောကြီးရဲ့ အကျင့်စရိုက်ပိုကောင်းလာစေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် 


တနည်းအားဖြင့် ဆရာဆွေမင်း (ဓနုဖြူ) တည်ဆောက်ထားတဲ့ လူပျိုကြီးစောတင်မောင်ရဲ့ စရိုက်လက္ခဏာပျက်စီးသွားတာလို့လဲ ဆိုနိုင်ပါလိမ့်မယ်

အဆိုပါ စာအုပ်တွေကို အမောင်နွားကျောင်းသားဖတ်ပြတဲ့ ဒို့ခေတ်ယူကျုချန်နယ်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်သလို


စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့


ယူကျုမှာကြည့်ရင် လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


Sunday, November 23, 2025

ဆရာတွတ်နဲ့မသေးမျှင်တို့ရဲ့ဖူးစာဇာတ်လမ်း မူကွဲ

 

ဆရာတွတ်နဲ့မသေးမျှင်တို့ရဲ့ဖူးစာဇာတ်လမ်း မူကွဲ

စာအုပ်စာပေနဲ့ခိုင်ခိုင်ခံ့ခံ့ရှိတာက ရေဆေးငါးသဏ္ဍာန် မျှစ်စို့ကြီးအလား ဝဝလှလှ ကျောင်းနေဖက် ကုန်းဘောင်သူပျိုဖြူကြီးကို သဘောအကျကြီးကျလို့ ဒေသတွင်းလက်ဝှေ့ပွဲမှာ ယောက္ဖလောင်းဗိုက်ကလေးကိုအနိုင်ထိုးဖို့ ဝေဝါးတွေဝေနေတဲ့ "ကြိုးဝိုင်းထဲကအချစ်" ဆိုတဲ့စာအုပ်ပါ


ဒီစာအုပ်ကို ကိုယ်ငယ်ငယ်က ဖတ်ကောင်းဖတ်ခဲ့ဖူးမယ်ထင်တယ် ဒါပေမယ့်စိတ်ထဲစွဲနေအောင်အထိ မှတ်မှတ်သားသားမရှိခဲ့ဘူးဗျ နောက်ပိုင်း "ဒို့ခေတ်တော်လှန်ယူကျုချန်နယ်က အမောင်နွားကျောင်းသား" ဖတ်ပြမှသာ ပြန်အမှတ်ရမိတာ

ကိုယ်စွဲနေတဲ့ ဆရာတွတ်တို့ရဲ့ဖူးစာရေးဇာတ်လမ်းလေးက ဒီလိုစာတအုပ်အနေနဲ့ ခိုင်ခိုင်ခံ့ခံ့ထွက်ခဲ့ဟန်မတူဘဲ တတိုင်းမွှေးလိုစာဆောင်မှာ အခန်းတိုအဖြစ်ပါဝင်ခဲ့တယ်လို့ထင်တယ်


ကိုယ့်ရှေ့မှာတင်ခဲ့ဖူးတဲ့ ဆရာတွတ်ဇာတ်လမ်းထဲက ပြင်စေချင်တဲ့အခန်းလေးတွေဆိုတဲ့ status မှာ Myat Thu ဆိုတဲ့တယောက်ကတော့ ရွှေသွေးမှာဖတ်ခဲ့ဖူးတယ်လို့ဆိုတယ် 


ထားပါတော့ ...

ဒါပေမယ့်ဘာကြောင့်လဲမသိဘူး အဲ့ဒီဇာတ်လမ်းလေးကိုပဲ မူသေအဖြစ်စွဲနေမိတာ ဒီကနေ့ထိအောင်ပဲ


ဘယ်လောက်တောင်လဲဆိုရင် ရှေ့ခပ်စောစောက ဗိုက်ကလေးအကြောင်းရေးရာမှာ အဲ့ဒါကိုကိုင်ပြီး ရေးတာဆိုတော့ ဝိဝါဒကွဲစရာအချက်တွေအတော်လေးပါသွားတယ်

အဲ့ဒီကိုယ်စွဲနေတဲ့ ဆရာတွတ်တို့ရဲ့ ဖူးစာရေးဇာတ်လမ်းလေးက ဇာတ်လမ်း‌ကိုတော့ အပြည့်အစုံမမှတ်မိပါဘူး အကြောင်းအရာအားဖြင့်တော့ ဒီလိုဗျ

ဆရာတွတ်က မြင်းတစီးနဲ့တဖက်ရွာက ချစ်သူကိုခိုးဖို့အသွားမှာ (သူ့ချစ်သူက ချောချောလေးဗျ 😁) ညမှောင်ရီ လှည်းတစီးကိုဖြတ်အကျော် 


အဆိုပါလှည်းပေါ်မှာ မိခင်အိုကြီးနဲ့ သမီးပျိုလေးတယောက် 

သူတို့က လူသူပြတ်ရာမှာ လှည်းဝင်ရိုးကျိုးဒုက္ခရောက်နေတာကိုး 


ဒါကိုတွေ့လို့ကူညီလိုက်ရာက

အဆိုပါမိန်းမပျိုလေးမသေးမျှင်နဲ့ ဖူစာဆုံဖို့ရယ်ဖြစ်လာတာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Monday, November 17, 2025

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ကွန့်မြူးတဲ့ဆန်းသစ်မှုများ


 ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ကွန့်မြူးတဲ့ဆန်းသစ်မှုများ

.

ဆရာက အများအားဖြင့် ဇာတ်လမ်းအရင်ရေးဖွဲ့လို့ နောက်မှကာတွန်းရေးဆွဲတာတာလို့ဆိုတယ်


ဒီမှာကိုယ်တိုင်စေစားရေးဖွဲ့တာလည်းရှိသလို အခြားပြည်တွင်းပြည်ပစာရေးဆရာတွေရဲ့ စာအုပ်တွေကိုမှီငြမ်းပြုထားတာ‌တွေလည်းအများအပြား


copy ကူးတာမဟုတ်ဘူးနော်

မူလဇာတ်လမ်းကို သူ့ဇာတ်ကောင်နဲ့ချိတ်ဆက်လို့ရအောင် ပြန်လည်ရေးဖွဲ့တာမျိုးပါ


ဒီတော့ဇာတ်လမ်းရဲ့ကျောရိုးက မှီငြမ်းဆိုပေမယ့်

ခြားနားတဲ့ ဇာတ်လမ်းတခုလိုဖြစ်သွားတာ ဆရာ့ရဲ့ ကွန်းမြူးတဲ့စိတ်ကူးနဲ့ ကျွမ်းကျင်မှုကြောင့်ပါ


ဆရာဆန်းသစ်ထားတဲ့ စာအုပ်များစွာထဲက ဇာတ်လမ်းတွေကိုအသာထား စကားစုလေးတခုကို ဘာသာပြန်ထားတာလေးပမာပြရင်ကိုဘဲ ဆရာ့ရဲ့ကွန့်မြူးဆန်းသစ်မှုကို မြင်သာပါလိမ့်မယ်


ဘာလဲဆိုတော့ ရန်ပုံငွေပြောက်ဆုံးမှုဆိုတဲ့ စာအုပ်မှာ 

မြို့က ‌ဆောက်လုပ်ရေးကန်ထရိုက်တာ မောင်မောင်ဇာရဲ့ ကုမ္မဏီအမည်ပါ 


ဘယ်လိုပေးထားလဲဆိုတော့ Black Sky တဲ့

ဒါကိုပုံမှန်ဘာသာပြန်ရိုးပြန်စဉ်အတိုင်းဆိုရင် ကောင်းကင်မဲကြီးလို့သာ ဖြစ်စရာရှိတာကို 


ဒါကိုဆရာက ကဗျာဆန်ဆန် ဘာသာပြန်ပြထားတာသိပ်လှတယ်

** ပြိုမှာလေလားမိုးရဲ့ ** တဲ့လေ 😁


ဒါကြောင့်ပဲ ဘာသာပြန်စာ‌အရေးများတဲ့ ဆရာမြသန်းတင့်ကိုဝေဖန်ကြတော့ စာရေးဆရာတယောက်က (ဆရာအောင်သင်းလို့ထင်တယ်) ဆရာမြဘက်ကနေ ဖြေရှင်းထားတာလေးရှိတယ်


ဘာသာပြန်တယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး

သက်ဆိုင်ရာဘာသာကိုသာမက မိခင်ဘာသာစကားကိုပါ ကျွမ်းကျင်နှံ့စပ်မှုရှိမှ ပြေပြစ်ကောင်းမွန်နိုင်တာမျိုးတဲ့

နိုင်ငံခြားကားတွေကြည့်ရင်တွေ့မှာပါ တချို့ပြန်ထားတာ စကားလုံးမပြေပြစ်ပဲသိပ်ထောင့်တော့ ကြည့်ရတာဘယ်လိုမှ အာရုံမလာဘူး


အချို့များကျတော့လည်း သူတို့ပြောတဲ့ဟုတ်ချင်မှဟုတ်မယ် ဒါပေမယ့်စိတ်ကူးအတွေးလေးတွေချဲ့ထွင်‌လို့ ပြန်ထားတာသဘောကျစရာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


မယ့်သည်းချာ နှင့် Animation


 မယ့်သည်းချာ နှင့် Animation 

.

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ စာအုပ်တွေမှာ ခေါင်းစဉ်ကိုက ကျွန်ုပ်နှင့် ဆိုတဲ့ စာသားလေးပါတယ်


သဘောက သူနဲ့ဆက်ယှက်လာတဲ့ဖြစ်စဉ်လေးတွေ တွေ့ကြုံကြားသိရတာတွေကို ဦးတွတ်ပီ'က ပြန်ပြောပြနေတဲ့သဘောပေါ့


ဒီတော့ အများစုက လူသားအခြေခံ လူမှုရေးရာပြဿနာအဖြာဖြာကိုပဲ ဇာတ်လမ်းရေးဖွဲ့ထားတာပါ 


သူကိုယ်တိုင်ဖြေရှင်းခဲ့တာ တွေ့ကြုံခဲ့တာပါမယ် ဒါမှမဟုတ် ဗိုက်ကလေး'က တခြားဇာတ်ကောင်က သူတို့ကြုံတွေ့တာကိုပြောလို့ သူကပြန်ပြောပြတဲ့ ပုံစံပေါ့


ဒါပေမယ့် ဒီ မယ့်သည်းချာ'ဆိုတဲ့စာအုပ်က ထူးထူးခြားခြားပဲ စာအုပ်နောက်ပိုင်းမှာ သာလိကာလေးတကောင်ရဲ့ တွေ့ကြုံခံစားရတာတွေကို ဇာတ်လမ်းဖွဲ့ထားတာ ကိုယ်စားရင်ဖွင့်ထားတာ


လူတယောက်ရဲ့အမြင်အသိမျိုးမဟုတ်ဘဲ တိရစ္ဆာန်တကောင်ရဲ့ အိမ်မွေးငှက်ကလေးရဲ့ သူ့သဘာဝနဲ့ဆန့်ကျင်လို့ ရှင်သန်ခဲ့ရာက 


အများသူငှာငှက်တွေလို ကာယ မကြံ့ခိုင်တာတွေ ပျံဝဲစဉ်အခက်တွေ့တာတွေ အစားအသောက်ကသီတာတွေဖွဲ့သည်သွားတာများ ကိုယ်တိုင်ကြုံဆုံရသည့်အလား ဆရာက ပုံဖော်သွားတာ သိပ်သဘာဝကျတယ်


ပြီးတော့ လူ့ရပ်ရွာ လူ့အသိုင်းအဝိုင်းမှာ ကြင်လည်လာသူဆိုတော့ လူ့မနောကိုကျေလို့ အကြပ်အတည်းက လွတ်အောင်ကြိုးစားပုံကလည်း နှစ်သက်စရာ


ဘုရားဇာတ်တော်တွေမှာ ဒီလိုတိရိစ္ဆာန်ဇာတ်ကောင်တွေပါပေမယ့် မြန်မာ့အနုပညာလောက ဖန်တီးမှုတွေမှာတော့ ဒီလို တိရစ္ဆာန်ကိုတည်လို့ရေးဖွဲ့တာ ရှားတယ်


အထင်အရှားအားဖြင့်တော့ 

လယ်တီဆရာတော် ရဲ့ နွားမေတ္တာစာလို


ဂီတစာဆိုမောင်ကြေးမုံရဲ့ သားသတ်ကုန်းကို ဆွဲခေါ်ခံရတဲ့ နွားတကောင်ရဲ့ နာကျင်မှု ခံစားရေးဖွဲ့ထားတာလောက်ပဲတွေ့ဖူးတယ်


ကမ္ဘာမှာ Animation ကားတွေ လှိုင်လှိုင်ထွက်လာတော့ ကိုယ်‌ တောင့်တမိတယ် 


နာမည်ကျော် Angry bird ဆိုတဲ့ကားအပြင် အတော်များများက ဇာတ်ကောင်တွေက တိရစ္ဆာန်ဆိုပေမယ့် အတွေးအခေါ်က လူသားဆန်တယ်


location ပြောင်း ဇာတ်ကောင်ပုံသဏ္ဍာန်ပြောင်းထားတာကလွဲလို့ လူဘုံဘဝ လူလောကကပြဿနာနဲ့အလားတူတွေကိုပဲ အခြေတည်ရိုက်ကူကြတာများတယ်


မကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်

ပုံဖော်တဲ့ပညာရှင်တွေရဲ့ အစွမ်းကအံ့မခန်းပါ 


လူသားသရုပ်ဆောင်တွေထက်တောင် ခံစားမှုကို ပိုင်ပိုင်နိုင်နိုင်ဖော်ပြနိုင်တာ သဘောကျစရာ 


Zootopia ဆိုရင်သိပ်ကြိုက်တာ


ဒါပေမယ့် ဆရာရဲ့ မယ့်သည်းချာဆိုတဲ့စာအုပ်လောက်

သဘာဝနဲ့မနီးစပ်တယ်လို့တော့မခံစားရဘူး


ဇာတ်ဌာန်ခြင်းမတူတာလည်းပါမှာပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


မြိုင်ရာဇာတွတ်ပီဇာတ်လမ်းထဲက ပြင်သင့်တဲ့ဇာတ်ဝင်ခန်းတခု

 


မြိုင်ရာဇာတွတ်ပီဇာတ်လမ်းထဲက ပြင်သင့်တဲ့ဇာတ်ဝင်ခန်းတခု

.

ခေါင်းစဉ်ကိုကြည့်ပြီး ဒီကောင်ကြောင်ပဟလို့ တွေးမိကြလိမ့်မယ်ထင်တယ် 😄


ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ စာအုပ်ကိုတောင် ဟိုဟာလိုတယ်ဒီဟာလိုတယ်နဲ့ စဆရကကြီးလား ဘာလားညာလား နွားရှေ့ထွန်ကျူးရအောင် ဒီကောင်ဘာကောင်လဲပေါ့


ကိုယ်ပြင်စေလိုတဲ့ ကဏ္ဍလေးကလည်း တအုပ်လုံးစာအတွက်မဟုတ်ဘဲ အခန်းလေးတခန်းကိုသာပါ အဲ့ဒီအခန်းက မပါသင့်ဘူးလို့ဆိုတာမဟုတ်ဘူးနော် ပုံစံလေးအနည်းငယ်ပြောင်းသင့်တယ်လို့ ယူဆတာပါ


အားနွဲ့သူပါကွယ် စာအုပ်ထဲက အခန်းကလေးတခန်း


ပြင်စေချင်တဲ့နေရာလေးက

မိတ်ဆွေရဲ့အကူအညီတောင်းမှုအရ အမျိုးသမီးပုံစံပြုမူနေထိုင်နေတဲ့ကောင်လေး ရွာကိုလိုက်ပါနေထိုင်စဉ်ကာလ ချောင်းမှာရေချိုးနေတဲ့ ပုဆွဲမိရဲ့မောင်လေး ရေနစ်ပါလေရော


ဒီမှာ ရွာသားတွေကဘယ်သူမှလိုက်မဆယ်ရဲလို့ ထိုကောင်လေးကလိုက်ဆယ်ရတယ်ပေါ့ 


ဒါလေးက ဇာတ်သဘောအရသူ့ကို ပို့ချင်တာမို့ အထူးရည်ညွှန်းရေးသားလိုက်တာလို့ပဲယုံကြည်မိတယ် 


အမှန်တော့ ဆရာ့စာအုပ်အများစုကိုအခြေခံရရင် ကြုံတိုင်းသားတွေက ငယ်စဉ်ကတည်းက ချောင်းထဲမြောင်းထဲကန်ထဲချိုးနေကျဆိုတော့ ယောက်ျားသားတွေထားအုံး အမျိုးသမီးတွေကပါ ရေကောင်းကောင်းကူးတတ်သူတွေချည်းပါ


ကလေးကလည်း မကူးတတ်လို့နစ်တာမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ရေချိုးနေရင် ကြွက်တက်လို့သာဖြစ်သွားတာကိုး


ပြီးတော့အဲ့ဒီနေရာမှာ ရွာသူရွာသားအများအပြားအပြင် အာနိုးလှမိုးတို့ ဗိုက်ကလေးတို့ ဆရာတွတ်တို့သာမက သူတို့ထက်ရေကူးပို့ကျွမ်းတယ်လို့ စာအုပ်အများစုမှာဆိုထားတဲ့ စောကြီးလည်းရှိနေတယ်


ဒါကို ဘယ်သူမှ ဆင်းမဆယ်ဝံ့ ဆယ်ရဲသူမရှိလို့ အဲ့ဒီတယောက်ကဆင်းဆယ်ရတယ်ဆိုတာ တမင်ဟီးရိုးဇာတ်ကြီးသွင်းလိုက်သလိုခံစားရတယ်


တဆက်တည်းမှာပဲ ဒီစာအုပ်က ဆရာဆွေမင်း (ဓနုဖြူ) ရေးသားတာမှဟုတ်ပါလေစလို့လည်း သံသယဝင်မိတယ်


ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုအထူးညွှန်းဆိုချင်တာမျိုးရှိရင် ဆရာက အကြောင်းတရားခိုင်မာအောင် နေရာ အခြေအနေကို ဟာကွက်ထောက်ကွက်မရှိအောင် သေသေချာချာစိတ်ကူးစေစားတတ်တာမို့ပါ


ဒီလိုဆိုရင် ဆရာဆိုရင် ဘယ်လိုရေးဖွဲ့နိုင်လဲ စဉ်းစားကြည့်ရအောင်


ရိုးရိုးလေးပဲတွေးကြည့်ရရင်

လမ်းလျှောက်လာရင်း ချောင်းနားအရောက်မှာ ကလေးတယောက်ရေနစ်နေတာတွေ့တယ် ပတ်ဝန်းကျင်ကြည့်လိုက်တော့လည်း ဘယ်သူမှမရှိတော့ စွန့်စွန့်စားစား အသက်ကိုပဓါနမထားပဲ ကယ်တင်လိုက်တယ် 


ဒါဆိုရင် ဗိုက်ကလေးတို့ စောကြီးတို့ရဲ့ဌာန်ကို မပျက်စီးစေဘဲ ပိုပြီးသင့်လျှော်စေမလားလို့ ယူဆမိတယ်


ဒါ့ကြောင့်ဒီအခန်းလေးကို ပြင်စေချင်တာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



မြိုင်ရာဇာတွတ်ပီ


 

Saturday, November 15, 2025

မြိုင်ရာဇာတွတ်ပီ ကို ခြေရာကောက်ကြည့်ခြင်း

မြိုင်ရာဇာတွတ်ပီ

.

.


ဘိုးဘေးဘီဘင်တို့အကြောင်း

.

အဖိုးဦးပေါက်ပီဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အဝမြို့ ကင်မွန်းခြုံရွာဇာတိ ပစ္စည်းဥစ္စာပြည့်စုံပုံလည်းရတယ်


ငယ်စဉ်ကတည်းကမိဖများဆုံးပါးသွားလို့ အဖိုးရဲ့စောင့်ရှောက်မှုနဲ့နေခဲ့ရ 


ဒီတော့အဘိုးပေါက်ပီရဲ့ အဘိုးဆိုတော့ ဦးတွတ်ပီရဲ့ ဘီ တော်တာပေါ့နော နာမည်ကိုတော့အထင်အရှားပြမထားပါဘူး


ဒါက ဦးတွတ်ပီတို့မျိုးရိုးမှာ မှတ်တမ်းရှိတဲ့အစောဆုံးသူပါ


ဦးတွတ်ပီရဲ့အဘွားဖြစ်တဲ့ အဘွားနှင်းရဲ့အမေ ဒေါ်ရွှေတင်ကတော့ မျိုးရိုးထဲက အမည်မှတ်တမ်းကျန်ခဲ့တဲ့အစောဆုံးသူပါ


အဘိုးပေါက်ပီဟာအသက် ၁၆ နှစ်ကတည်းက ဘုရင့်တပ်သားဖြစ်လာပြီး

နှစ်အိုးစားအကြပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ဘဝကျရောက်ချိန်မှာ တပ်ဖြောက်ကာ ကြုံတိုင်းရွာသို့ရောက်ရှိနေရာက


ပစ္စည်းဥစ္စာ လယ်ယာအတန်သင့်ပြည့်စုံ၍ ကုန်စုံဆိုင်ကိုဦးစီးလုပ်ကိုင်ပြီး မိခင်ကြီးဒေါ်ရွှေတင်ကိုလုပ်ကျွေးနေတဲ့ ကြုံတိုင်းရွာသူ မနှင်း နှင့်ဖူးစာဆုံ 


ထိုစဉ်က ပေါက်ပီရဲ့အသက်ဟာ၂၁ နှစ်ကျော်ဖြစ်ပြီး မနှင်းက အသက်ဆယ်နှစ်ကျော်ကြီးတယ်လို့ဆိုပါတယ်


သူငယ်ချင်းဖြစ်သူရဲ့အချွန်နဲ့မမှုနဲ့ ဝရမ်းပြေးဘဝတကျွန်းကျနေရာက ထွက်ပြေးလို့ ထိုင်းနိုင်ငံမှာသောင်တင်‌နေရင်း


နောက်ပိုင်း အသက်၇၀ကျော်လာချိန်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် BIA တပ်သားတယောက်အဖြစ် ထိုင်းနိုင်ငံမှာကတည်းက လိုက်ပါလို့ပြည်‌တော်ပြန်ဝင်လာသူ


ငယ်ငယ်ကစိတ်မြန်လက်မြန်ရှိတတ်ပေမယ့် ကြမ်းတမ်းသူတယောက်လို့မဆိုနိုင်ဘူး အနေအထိုင်တည်ပုံလည်းရတယ်


ဖြတ်သန်းခဲ့ရတဲ့ခက်ခဲခါးသီးလွန်းတဲ့ဘဝအတွေ့အကြုံကြောင့် ဒီအချိန်ဒီအသက်အရွယ်မှာတော့ ပေါက်ပီရဲ့ လူမှုဟန်ပန်ဟာခြားနားသွားတယ်


ပျော်ပျော်နေတတ်တယ်

နှုတ်ကြမ်းလာတယ်

လေကြီးတယ် 


ဘယ်လောက်တောင်လည်းဆိုရင် သားဒဲ့ပီကိုယ်တိုင် မြင်ပြင်းကပ်မိသည်အထိ 😄


ဒီလေကြီးတာက သားဒဲ့ပီမှာငုပ်နေပြီး မြေးတွတ်ပီမှာမှ ကြွားဝါတတ်ခြင်းအဖြစ် တဖန်ပြန်ပေါ်လာပုံပဲ


တနည်းအားဖြင့် ဦးတွတ်ပီက ဘမျိုးဘိုးတူလို့ဆိုနိုင်မယ်ထင်တယ်


အဘိုးက ဘဝအတွေ့အကြုံအရ နှုတ်ကြမ်းသွာသည့်တိုင် စိတ်တော့ကြမ်းတမ်းခက်ထော်သွားပုံမရှိဘူး ဘာကြောင့်လည်းဆိုတော့ ရွာပြန်ရောက်ချိန် သူ့ကိုသားတကွဲမယာတကွဲဖြစ်ဘဝပျက်‌အောင်ချောက်တွန်းခဲ့တဲ့ သူငယ်ချင်းသာအောင်‌နဲ့ပတ်သက်ပြီး တုံ့ပြန်ရန်မူတာမျိုးမှမရှိတာကိုး

.

.

အဖေအမေ

.

ကုန်းဘောင်ရွာဇာတိ မဗေထုံ 

ကြုံတိုင်းရွာ ဒဲ့ပီတို့ရဲ့ နှစ်အိမ်ကျော်သို့ပြောင်းလာသူ 


အမိအဖများကဝမ်းရောဂါကြောင့် ဆုံးပါးသွား၍ ဒဲ့ပီရဲ့အမေမနှင်းက ကြည့်ရှုစောင့်ရှောက်ထားကာ မြနှစ် ဟု အမည်ပေးထား


ဒီတော့ အဖေကသာ ကြုံတိုင်းဇာတိဖြစ်ပြီး အမေက မသေးမျှင်နည်းတူ ကုန်းဘောင်ရွာဇာတိလို့ဆိုရမှာပေါ့


အဖေဒဲ့ပီထက် အမေမြနှစ်က အသက်အတော်အတန်ငယ်ပုံလည်းရတယ်


အဖိုးအဖွားကော အဖေအမေကောက သက်တူရွယ်တူဖူးစာဆုံကြတာမဟုတ်တာတော့ ထူးခြားချက်ပဲ 


ကိုယ်တွေငယ်ငယ်ကခေတ်စားခဲ့တဲ့ မျိုးဆက်ခြာနားတဲ့ ဖူးစာစုံတွဲတွေရဲ့လွှမ်းမိုးမှုကြောင့်လားတော့ မဆိုနိုင်ဘူး


မနဲ့မောင် တို့ 

ဦးနဲ့ခလေးတို့ပေါ့ 😁


အမေမြနှစ်ရဲ့ မိဖတွေကစောလျှင်စွာ ဆုံးပါးသွားပြီး 

အဖေဒဲ့ပီရဲ့မိဘနှစ်ပါးလုံးဆုံးပါးချိန်အထိ အဖေနဲ့အမေကအိမ်ထောင်မကျသေးဘူးဆိုတော့ကား ဦးတွတ်ပီက အဖိုးအဖွာတို့ကို မြင်ဖူးစရာမရှိဘူးပေါ့


အဖိုးကောအဖေကောနှစ်ဦးစလုံးက ဥပ‌စ္ဆေတကကံနဲ့ ဆုံးပါးခဲ့ရတယ်လို့ ဆိုမယ်ဆိုရင် ဆိုနိုင်ပါတယ် 


အဖေကဆင်နင်းခံရတာ

အဘိုးကတော့ စစ်အတွင်းကျည်သင့်ရာက အနာရင်းပြီးသေတာကိုး


အဖိုးကောအဖေကောက ဘဝတလျှောက်လုံးယုံကြည်ရာအတိုင်းပဲ ဖြတ်သန်းခဲ့ကြတာဆိုတော့ မိဘနဲ့ဇနီးမယားအပေါ် တာဝန်ကျေတယ်လို့တော့မယူဆနိုင်ဘူး


အဖေဒဲ့ပီဆိုရင် ဇနီးကိုနိုင်စားပုံလည်းရတယ် 

ဒီဝဋ်တွေ ဆရာတွတ်ကပြန်ဆပ်ရပုံပဲ 😁


အဖိုးကောအဖေကော ဦးတွတ်ပီကော အရက် ဆေးလိပ် ကွမ်း ခုံမင်နှစ်ခြိုက်ခြင်းမရှိဘူး

.

.

ကြုံတိုင်းရွာရဲ့တည်နေရာ

.

ကြုံတိုင်းရွာက မြိုင်သာမြို့နယ်အတွင်းကဖြစ်ပြီး မြိုင်သာမြို့ကပြည်မြို့နဲ့နီးတယ်လို့ဆိုပါတယ်

.

အထက်ပါအချက်အလက်အားလုံးကတော့ အဖိုးပေါက်ပီနဲ့ အဖေဒဲ့ပီရဲ့ ဘဝမှတ်တမ်းကနေ ကောက်နှုတ်ထားတာဖြစ်လို့ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ အစောပိုင်းလက်ရာတွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် ဘဝဖြတ်သန်းမှု အချို့ကွဲလွဲနိုင်ပေမယ့် အမည်တွေကိုတော့ အတည်ယူလို့ရနိုင်ပါတယ်

.

.

ဒါပေမယ့် ဒါကိုပဲ မုချမူသေအဖြစ်ကိုင်ထားလို့တော့ မဖြစ်ချေဘူးပေါ့


ဘာကြောင့်လည်းဆိုတော့ ဒါကိုသာအမှန်လို့ တရားသေမှတ်ယူလိုက်ရင် တချို့စာအုပ်တွေကိုပယ်ရမလိုဖြစ်နေတာမို့ပါ

.

.

.

ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ အစောပိုင်းလက်ရာတွေထဲက ဘဘိုးတို့အကြောင်း

.

ရိုးရိုးတောသူ‌တောင်သား မုဆိုးမျိုးရိုးကဆင်းသက်လာတယ်လို့ ဆရာဆွေမင်းက အစောပိုင်းစာအုပ်တွေမှာ တောက်လျှောက်ဆိုခဲ့တယ်


အဖေဒဲ့ပီကတော့ အင်္ဂလိပ်ခေတ်ကိုဖြတ်သန်းလာသူအားလျှော်စွာ စကားပြောရင် အင်္ဂလိပ်စကားလေးညှပ်ညှပ်ပြောတတ်တဲ့ဝသီရှိတယ်လို့ဆိုပေမယ့် အတန်းပညာအားဖြင့် တိတိကျကျဆိုမထားပါဘူး


အဘိုးပေါက်ပီနဲ့ အဖေဒဲ့ပီရဲ့ဘဝဇာတ်လမ်းထွက်လာချိန်မှာ တချို့အချက်တွေက ပယ်မှကိုဖြစ်မယ့်သဘောရောက်သွားတဲ့အထိ ထိုစာအုပ်တွေက ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့မို့ ပရိတ်သတ်တိုကြား လွှမ်းမိုးမှုအားကြီးခဲ့ပါတယ်


အစောပိုင်းစာအုပ်တွေမှာ အဖိုးအဖေတို့ကမုဆိုးစစ်စစ်ကြီးတွေဖြစ်ပေမယ့် အဆိုပါဘဝမှတ်တမ်းမှာတော့ အဖိုးက မုဆိုးကိုမဖြစ်လိုက်တာပါ 


အဖေကလည်း ဘဝနှောင်းပိုင်းမှသာ မုဆိုးအလုပ်နဲ့အသက်မွေးဝမ်းပြုလာခဲ့တဲ့ ခေတ်ပညာတတ်တယောက်မဟုတ်လား

.


.

သံယောဇဉ်ဇာတ်လမ်းတပုဒ်'ဆိုတဲ့ စာအုပ်အဖွင့်မှာတော့ ဆရာဆွေမင်း (ဓနုဖြူ)က သူပင်တိုင်အသုံးပြုတဲ့ဇာတ်ကောင်တွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားတယ် 

.

ဒီမှာဆရာတွတ်ရဲ့ကိုယ်အကျဉ်းကတော့

အသက်က ၄၅နှစ်ခန့်

မုဆိုးမျိုးရိုးကဆင်းသက်လာသူ

မြန်မာ့စိတ်နေစိတ်ထားလူမှုစရိုက်ကိုမြတ်နိုးသူ

ရိုးသားဖြောင့်မတ်သူ

အတည်ပေါက်လုပ်တတ်ပေမယ့် တလွဲတချော်ဖြစ်တတ်လို့ ဒီနေ့ကံမကောင်းပါလားဆိုတဲ့စကားကို အမြဲလက်ကိုင်ထားနေရသူတဲ့

.

.

.

ဒီမှာထပ်ဖြည့်ရရင်

ငယ်စဉ်ကရိုးရာလက်ဝှေ့အားစားသမား

စိတ်ထက်၍ဟောဟောဒိုင်းဒိုင်းလုပ်တတ်ပြောတတ်သော်လည်း ကြင်နာတတ်သူ

စာဖတ်သူ 

နည်းနာခံယူတတ်သူ

မယားဆူပူသမျှခွန်းတုံ့မပြန်တတ်သူ

ကြွားကြွားဝါဝါပြုတတ်သူ


အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်စရာမရှိလို့လုပ်နေရပေမယ့် သဘောကျလှခြင်းမရှိသည့်တိုင် ကမ္ဘာဦးအစကတည်းက လူသားတို့စတင်လုပ်ခဲ့အလုပ်မို့ 


မုဆိုးဖြစ်ရခြင်းအတွက် ရံခါမှာဂုဏ်ယူနေတတ်သူ

  

သူ့အသက်သတ်ရခြင်းလုပ်ငန်းဖြစ်ပေမယ့် တတ်နိုင်သမျှ မျှမျှတတဖြစ်လိုပြီ သားကောင်ကိုလည်းအခွင့်အရေးပေးလိုသူ

သက်မွေးအလုပ်နဲ့ဆန့်ကျင်စွာပဲ ပကတိနှလုံးသားက သနားကြင်နာတတ်သူ 


ရံခါမှာ စာဖတ်သူတို့နားလည်ဖို့ခက်လောက်အောင် နှလုံးသားဆန္ဒအတိုင်းပြုမူလုပ်ဆောင်တတ်မှုကြောင့် အများနဲ့တယောက်ဆိုသလို ဖြစ်ဖြစ်နေတတ်သူ  


သရဲတစ္ဆေကိုမယုံကြည်သူ


မကြောက်တတ်သူလို့ဆိုနိုင်သော်လည်း ရုတ်တရက်ထိတ်လန့်စရာများကြုံလာခဲ့ရင် လူသားအားလျှော်စွာလန့်တတ်သူ


ဒါက ဆရာဆွေမင်း (ဓနုဖြူ) ရေးဆွဲတဲ့ မြိုင်ရာဇာတွတ်ပီဆိုတဲ့ဇာတ်ကောင်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စိတ်နေစိတ်ထားအပြည့်အစုံနီးပါးပါပဲ

.

.

ဝိဝါဒကွဲစရာအချို့

.

အသက်

.

အစောပိုင်းမှာ ၄၅ နှစ်ဝန်းကျင်လို့ဆိုထားပေမယ့် နောက်ပိုင်းတွေမှာ သူကြီးဘစီရဲ့ အတိုင်ပင်ခံတယောက်လို 

သူကြီးနဲ့အတူ ရပ်ရွာအရေးတွေမှာ ဖြေရှင်းပေးတတ်သူအဖြစ်ရှိနေပြီး


ရွာသူရွာသားတို့ရဲ့အထူးတလည်အလေးထားခြင်းခံရတာကိုကြည့်ခြင်းအားဖြင့် အသက် ၅၀ ဝန်းကျင်ဖြစ်သင့်တယ်လို့ သဘောကျမိတယ်


တောင်တော်သခင်မဆိုတဲ့စာအုပ်မှာထင်တယ် သားကောင်ထမ်းလိုပြန်လာကြရင်း မောဟိုက်လာလို့နားကြရအောင်ပြောတော့ ဗိုက်ကလေးက ဘယ်လိုဖြစ်တာလဲဆရာတွတ်ရ အရင်ဒီခရီးလမ်းလောက်တော့ အေးဆေးဟုတ်တာလို့ပြောတော့ ငါလည်းငယ်မှမငယ်တော့ဘဲကွတဲ့


အသက်ကတော့ ထားပါတော့ ကြီးလာတတ်တဲ့သဘောရှိတာကိုး 

.

.

စိတ်နေစိတ်ထား

.

အစောပိုင်းလက်ရာတွေမှာတော့ မုဆိုးဖြစ်သည့်အားလျှော်စွာ စိတ်မြန်လက်မြန်ရှိတတ်ပြီး စိတ်ထက်သူလို့ဆိုနိုင်ပေမယ့် နောက်ပိုင်းဇာတ်ကောင်ကတော့ ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ် စဉ်းစားဆင်ခြင်မှုကို ပိုအလေးပေးလာတယ်လို့ဆိုရမယ်ထင်တယ်

.

.

.

ရှေ့ကောနောက်ကော မကွဲလွဲပဲတသဘောတည်းရှိတယ်လို့ဆိုရမယ့်အချက်တွေကတော့

.

.

ပုံပန်းသဏ္ဍာန် 

မြန်မာလူမျိုးတို့စံအရဆိုရင် အရပ်အမောင်းကောင်းသူဖြစ်ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ထိုးခဲ့တာမို့ ခန္ဓာကိုယ်တောင့်တင်းခိုင်မာသူလို့ဆိုရမယ်


ဟောလီးဝုဒ်မင်းသား ယူဖရိုင်းနား (Yul Brynner) လို ဂတုံးပါလို့ ခဏခဏဆိုတတ်တော့ ဆရာဆွေမင်း (ဓနုဖြူ)ကိုယ်တိုင်က အဲ့ဒီမင်းသားကို နှစ်သက်ပုံလည်းရတယ်


ဒီတော့ဂတုံး 


ဝမ်းဗိုက်အနည်းငယ်ပူပုံလည်းရတယ်

ဗိုက်ကလေးလောက်တော့မဆိုးဘူးပေါ့

.

.

ဝတ်စားဆင်ယင်မှု

ဦးထုတ်ဆောင်းပေမယ့် အင်မတန်သေးငယ်နေတယ်

နှာအနည်းငယ်ပွတယ်လို့လည်း အချို့စာအုပ်တွေမှာဆိုတယ်

အိင်္ကျီက လည်ကတုံးစွပ်ချ စပိုစ့်ရှပ်

နိုင်ငံခြားသွားအထူးအပိုင်းတွေကလွဲလို့ ပုဆိုးပဲဝတ်ပြီး ထူးခြားတာက အမြဲကတောင်းကျိုက်ထားတာပဲ


ပြီးတော့ တွတ်ပီဖိနပ်ရယ်လို့တောင် အမည်တွင်သည်အထိလွှမ်းမိုးမှုကြီးခဲ့တဲ့ တောစီးလည်ရှည်ဖိနပ်

.

.

.

လက်ဝှေ့အားကစားကိုနှစ်သက်တာ

မြန်မာ့စိတ်နေစိတ်ထားလူမှုစရိုက်ကိုမြတ်နိုးကျင့်သုံးတာ

သရဲတစ္ဆေကို အယုံအကြည်မရှိတာ 

ကြွားဝါတတ်တာ

မသိနားမလည်တာတွေအတွက် ဆရာလေးကိုကြည်နိုင်တို့လို ဆိုင်ရာတတ်သိနားလည်သူတွေဆီကနေ လိုလိုချင်ချင်နည်းနာခံယူတတ်တာ


အတည်ပေါက်လုပ်တတ်ပေမယ့် တလွဲတချော်ဖြစ်တတ်လို့ ဒီနေ့ကံမကောင်းပါလားဆိုတဲ့စကားကို အမြဲလက်ကိုင်ထားနေရတာ 


စာနာမှုကိုအခြေခံလို့ နှလုံးသားကတောင်းဆိုသည့်အတိုင်း မှန်သည်လုပ်သင့်သည်လို့ယုံကြည်ရာအတွက်ဆိုရင် အများနဲ့တယောက်ဖြစ်သွားပါစေ ယုံကြည်တဲ့အတိုင်းပဲ ပြုမူလုပ်ဆောင်တတ်တာ


ဒါတွေကတော့ ရှေ့မူကောနောက်မူမှာပါ လုံးဝမပြောင်းလဲတဲ့ ဦးတွတ်ပီရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံပန်းသဏ္ဍာန်ဟန်ပန်ပဲ စိတ်နေစိတ်ထားတွေပါ

.

.

နောက်ဆုံးအနေနဲ့

ဦးတွတ်ပီရဲ့ ဘဝဇာတ်လမ်းကိုဖတ်ရှုပြီး အသိပညာဗဟုသုတရစရာများစွာထဲက

စိတ်ဝင်စားစရာတခုကိုဆွဲထုတ်လို့ ဒီဆောင်းပါးလေးကို ရပ်နားပါရစေ

.

.

ဘာလဲဆိုတော့ ဆရာတွတ်က ကြင်နာတတ်သူဖြစ်ပေမယ့် သူလုံးဝမနှစ်သက်တဲ့ မလုပ်လိုတဲ့ မုဆိုးတယောက်အဖြစ် ဘာကြောင့်အသက်မွေးရလဲဆိုတာပါပဲ


အကြောင်းတရားကို ပြောပြရင်အနည်းငယ်ထူးဆန်းနေမယ်ထင်တယ် 

အမုန်းတရားကြောင့်ဗျ 


ဖခင်ကိုနင်းခြေသတ်သွားတဲ့ဆင်ကြီးကို ဂလဲ့စားချေလိုတဲ့အမုန်းတရားကြောင့် ဒီမုဆိုးအလုပ်ကို သက်မွေးအလုပ်အဖြစ် မရည်ရွယ်ဘဲ‌ရွေးချယ်မိလျှက်သားဖြစ်သွားတာ

.

.

ဆရာတွတ်ရဲ့ဘဝဇာတ်လမ်းကိုတွေးမိလေတိုင်း ကိုယ်တော့ဖြင့်ဒီသဘောဖြစ်ရပ်လေးက အမြဲဆိုသလိုလို တရစ်ဝဲဝဲတွေးနေမိစေတယ်


အမုန်းတရားက ကိုယ့်ရဲ့ပကတိနှလုံးသားနဲ့ဆန့်ကျင်တဲ့လမ်းတခုဆီကိုခေါ်ဆောင်သွားတတ်ပြီး သိမြင်ချိန်မှာ ပြင်ဆင်နိုင်ခွင့်မရှိဘဲ ကိုယ်နဲ့တသားတည်းလိုဖြစ်ပြီး လက်ခံလိုက်ရတာမျိုးရှိတတ်တာပါလားလို့ပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ
 


သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး