ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, August 27, 2026

အငွေ့စားသူ ။။ ထေရီ(Htei Ri)

 

"အငွေ့စားသူ"

................... ထေရီ(Htei Ri)

 


•သယ်...ဟယ်..ဟယ်.....

  ငါကိုယ်တော်မြတ်

  တစ်ဇတ်ဇတ်ကယ်တုန်

  မိတ်ကပ်ရယ်အဖုံသားနဲ့

  လက်အစုံကိုမြှောက်မိုး...

  တန်ခိုးရှင်နာမ်ချဉ်း

  ဝီစကီပုလင်းတွေလျှံရင်း

  ခြင်္သေ့တွေပျံရင်း

  တဟင်းဟင်းညည်း..

  ကြက်ချင်းတိုက်အပြီး

 ကြက်ပေါင်ရင်းကြီးကိုက်မြည်း

  ရိုက်ဟီးတဲ့ဗိန်းမောင်း

  နားဝင်ချိုညောင်းပါ့...

  စားလို့ကောင်း

  သောက်လို့ကောင်း

  ခြောက်လို့တောင်း..ဟောက်လို့တောင်း

  အိတ်လည်းဖောင်း..ဘိုက်လည်းဖောင်း...


•စင်ပေါ်ကနတ်ရုပ်

  မျက်မှောင်ကိုကုတ်

  ငုတ်တုတ်ထိုင်

  ဘုတ်လိုမှိုင်ရင်း

  ဒင့်း........ကြည့်မရ

  အစစ်က..ငါ

  သူကမှလူညာ

  ပျူငှါသူတစ်သိုက်ကြား

  အမိုက်ပွါးအောင်

  ရိုက်စားလုပ်လို့ကောင်း

  အရေခွံအမျိုးမျိုးပြောင်း

  အမျိုးမျိုးတောင်း....


•ငါ့မှာတော့ဝမ်းဟောင်းလောင်းနဲ့

  ခြေညောင်းလက်ညောင်းခေါင်းညောင်း

  စီးကရက်မီးခိုးနံ့တလှောင်းလှောင်းမိ

  ပုလင်းကိုစောင်းငဲ့ကြည့်

  ဂွိ...ကနဲမျိုချ

  မထိရမတို့ရ

  မြင်သာမြင်ရမကြင်ရ

  အငွေ့ပျပျသာစားရတယ်.......။ ။


2.20


Thursday, May 28, 2026

တရားရှိတဲ့နေရာ


တရားဘယ်မှာရှိလဲတော့မသိဘူး ...


ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ

လက္ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ်

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

Monday, March 2, 2026

တခါတခါ ဓာတ်ပုံတွေက စကားလုံးထောင်ပေါင်းများစွာရေးဖွဲ့ထားတာထက်ကိုပိုပြီး နင့်နင့်သည်းသည်းခံစားရတယ်


တခါတခါ ဓာတ်ပုံတွေက စကားလုံးထောင်ပေါင်းများစွာရေးဖွဲ့ထားတာထက်ကိုပိုပြီး နင့်နင့်သည်းသည်းခံစားရတယ်


အတော်ကြေကွဲရတယ်

အသည်းနာရတယ်

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

Thursday, January 29, 2026

ညို - ငွေတာရီ (၆.၂.၁၉၂၅ - ၁၉.၃. ၁၉၅၉)

 

ညို ...

ကိုးခွင်တိုင်းလည်း ဆိုင်း၍ညို
မိုးပြင်ဝိုင်းလည်း မှိုင်း၍ညို 
ပတ်ဝန်းကျင် မျှော်ကာကြည့် မှိုင်းရီရီ့ညို

သို့ကတဲ ချစ်သဲက မငြင်ငြို
ဘာကိုမှ မှုမထား

ညိုရုံကပါဘု
ဘုံဘဝ အဇဋာက
မိုးဒေဝါ ကိုယ်တိုင်ဆင်းစေတာ့
သက်နှင်းမောင် နေခြည်လဲ့မှာလ
ခိုတဲ့ကာ တမေဝံ့မှာပေါ့
ရွံ့ရမှာလား ။ ။
.
.
ငွေတာရီ (၆.၂.၁၉၂၅ - ၁၉.၃. ၁၉၅၉)
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ






Friday, January 2, 2026

နွေဦးကာလ မြူထသောခါ ဘာသာစကား ပီဒီအနွေဦးကာလ မြူထသောခါ - ညောင်ရမ်းခေတ် စာဆို ဝန်ကြီးပဒေသရာဇာ

နွေဦးကာလ၊ မြူထသောခါ

ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ

ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်

ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်

ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။


ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ

စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရည်

မယားငယ်ဆွေ၊ ထန်းရည်သိမ်းဆည်း

သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်

ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။


ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ

ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ

ပုတတ်ကယ်ယုန်ခါ၊ တောမှာရှိကြ

ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ

မနေထွက်လာကြသည်တည့်လေး။


ဝမ်းသာအားရ၊ မယားကတစ်သွယ်

ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်

လင်ကတစ်သွယ်၊ ယုန်ငယ်ကစ

တောသတ္တဝါ၊ တွေ့တိုင်းကိုသာ

အိတ်မှာသာယူ၍ ချသည်နှင့်လေး။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်

တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်

ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး

အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်

မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။


နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ

သမီးနှင့်သား၊ များလို့မဝင်သာ

ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်

သူ့ထက်ငါလေ၊ စားတော့မည်စေ

စားပေသာလှ အုန်းခွက်ကယ်နှင့်လေး။


ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်။

ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။
 


Tuesday, August 12, 2025

ညိုစိမ့်



ကိုယ့်အတွက်တော့ မာလေယာလမ်ကားလေးတွေက

မပြင်းမရှ အရသာနဲ့ပေါ့ပါးစိမ့်ဝင်သွားတဲ့ ပေါ့စိမ့်တခွက်လို


ညိုတိုတိုအသားအရေလေးတွေက တစိမ့်စိမ့်ကြည့် 

ကြည်နူးနှစ်သက်မိစေသလို အကြည့်ခံတယ်ဆိုရလေမလား



ပေါ့စိမ့်ဆိုတာက

ချိုကျလို 

ကျစိမ့်လို 

ထိသိလိုက်ချိန်ကတည်းက ပြင်းပြင်းရှရှ 

ဘယ်လိုအရသာ ဘယ်ပုံသက်ရောက်တာ တခုတ်တရညွှန်းဆိုဖွဲ့လိုမရ


အလေးမထား သတိမထားဖြစ်ရင် 

ရုတ်တရက်လည်းမပေါ်လွင် သာမန်ကာလျှန်ကာ 


ဖြည်းဖြည်းထိ 

တစိမ့်စိမ့်ကြည့် 


တစက်ချင်းတပေါက်ချင်း 

ဇိဝှာအထွက်ညင်ညင်သာသာလေး လျှောက်လှမ်းသွားတာကို

တွေးသိခံစားကြည့်ရင် 


ခံစားမိတတ်သွားရင်


ပေါ့စိမ့်ကို သဘောကျသွားလိမ့်မယ်

ညိုစိမ့်ကိုသဘောကျသွားလိမ့်မယ်

.

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ



ချစ်တဲ့စိတ်နဲ့

ဆိုပါစို့ 

ကိုယ်ချစ်ခင်သူ လေးစားအားကျသူတယောက် 

အပြစ်လုပ်မိသည်ပေါ့


ချစ်တဲ့စိတ်နဲ့ဖြည့်တွေးပေးတာကတဖက်

အပြစ်မှန်းသိမြင်လို့ ထိမ်းကြောင်းပြုပြင်ပေးတာကတဖက်

ဒီလိုပဲဖြစ်သင့်တယ်မို့လား 


တပါးသူတွေကအမှန်အတိုင်းဝေဖန်အပြစ်တင်လာမှုတွေကို

ချစ်တဲ့စိတ်နဲ့ကွယ်ကာပေးသည့်တိုင်


ကိုယ်ကိုယ်တိုင်က အမှားနဲ့တသားတည်းရပ်တည်တာမျိုး

အမှားကိုလက္ခံတာမျိုး 

အမှန်တခုလိုသဘောကျနှစ်ခြိုက်စွာကျင့်သုံးနေတာမျိုးက 

မဖြစ်သင့်ဘူးမို့လား

.

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ



 

ဘာလဲဟဲ့ အမှန်တရား


 ကျွန်တော်သတင်းသမား                                                   


တနေ့.....

ဒုက္ခသည်စခန်းတခု 

အစာငတ်၍သေလုစဲစဲကလေးတယောက်

                                                                           

စားဖို့စောင့်နေသော 

လင်းတများ

                                               

စားတာကိုသတင်းယူမယ့် 

ကျွန်တော်

                                

ကလေးကို အစာကျွေးသင့်သလား                                        

ကိုယ့်အလုပ်ကို လုပ်သင့်သလား

                                             

ပြီးသွားပြီ ယခု ကလေးမရှိတော့ဘူး                               

ကျွန်တော်လည်း မရှိတော့ဘူး။

.

.

.

ဖိုးတာကြီး . Inde

Monday, October 30, 2023

ထန်းရွက်ပုတီး

 

🌿ထန်းရွက်ပုတီး🌿


မလေးငယ်ငယ် အသက်မကြီးသေးသမို့  

ထန်းရွက်ပုတီးလေး ဆွဲပါ့မယ်။


ထန်းရွက်နူကို အချောသပ်လို့  

တောအရပ်မို့ ဆင်ဖို့ကွယ်။


ရွေးချယ်စီကာ တနည်းမှုန်းလို့  

ပုတီးကုံးလေး သီခဲ့တယ်။


ထန်းရွက်ပုတီးဝတ်ယင် အမြင်လှသပေါ့

ယဉ်စစနဲ့ ကြော့ဆင်းကြွယ်။


စိန်ကျောက်ရွှေလို အဖိုးတန်မရပေမယ့်  

အရိုးခံအလှနဲ့ ရွာရပ်အလယ်။


မလေးငယ်ငယ် အသက်မကြီးသေးသမို့  

ထန်းရွက်ပုတီးလေး ဆွဲပါ့မယ်။

ဆွဲမယ် ပွဲလယ်။ ။


မုံရွာ ဝင်းဖေ

ရှုမဝမဂ္ဂဇင်း (၁၉၈၁ အောက်တိုဘာလ)

Wednesday, October 11, 2023

ကျီးဖြူ ကျီးမည်း




ကျီးဖြူ ကျီးမည်း

----------------------

ကျီးဖြူ ကျီးမည်း တကောင်တည်း

ကျီးမည်း သည်မှာနေ၊

ကျီးဖြူအိမ် ဘယ်မှာဆောက် ၊

ဟောသည်မှာဆောက် ။

အာလောက်လောက် အာလောက်လောက် ။


..


ငယ်ငယ်က သင်ခဲ့ရတဲ့ အဲ့ဒီကဗျာလို

အခွင့်သာတော့ဖြူလိုက် 

မသာပြန်တော့အတိတ်မေ့သယောင် ရွှေပျောက်သယောင်


အဲ့သလို

တကောင်တည်းနဲ့ ဖြူလိုက်မည်းလိုက်လုပ်နေတတ်တဲ့

ဖောက်ပြန်ရေးသမားယောင်ဝါးဝါးတွေကို သတိထားကြဗျို့


သန်းထွန်းလေး ☆ အင်းတဲရွာ

Thursday, December 29, 2022

စစ်ခွေးနိဂုံး၂၃

စစ်ခွေးနိဂုံး၂၃
တွေးဆရည်မျှော် တပေါင်းမကျော်
ကလစ်ကျည်ဆန် ဘယ်ရင်မှန်
ကပ်ပြီးတေ့ပစ် ၂၁

နှစ်စမြန်မာရွှင်လန်းစွာနဲ့
အားမာန်ပြည့်အင် ခရီးနှင်လိမ့်

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး