--------------------
“ဂိုး” ဟူသော တစ်ခဲနက် အော်သံကို ကြားရလျှင်ပင် အမလေး တကာ အထိတ်တလန့် ဖြစ်သွားတတ်သော ကျွန်မ၌ သားလေး တစ်ယောက်ရှိပြီး ထိုသားလေးမှာလည်း ရှေ့တန်း တိုက်စစ်မှူး ဘောလုံးသမား တစ်ယောက် ဖြစ်နေခြင်းမှာ လောကရဲ့ လှပ ပိရိသော လှည့်စားချက် ပေပဲလား မသိ။
အားကစား ဆိုသော အရာကို ကျွန်မသည် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားရ ကောင်းမှန်းလည်း မသိ။ အာဖရိက တောနက်ထဲမှ ကပ္ပလီ တစ်ဦးသည် မြောက်ဝင်ရိုးစွန်းမှ ပိုလာ ဝက်ဝံတစ်ကောင် အကြောင်း ဘာမှ တွေးမိခြင်း မရှိနိုင်သလို၊ ကျွန်မ၏ အတွေးအကြံ လှုပ်ရှားမှု မှန်သမျှထဲ၌ အားကစား ဆိုသောကဏ္ဍ မပါရှိခဲ့ပေ။ အားကစား စိတ်ဓာတ်၊ အားကစားဖြင့် တိုင်းပြည် လူမျိုးဂုဏ်ကို မြှင့်တင်အံ့ ...အစရှိသော စကားလုံးတွေကို ကြားနေရ သော်လည်း တစ်ချက်လေးမှ ကျွန်မ (စိတ်ဝင်းစားဖို့ မဆိုထားနှင့်) အတွေးစိတ်ကူး သက်ရောက်ခြင်းတောင် မရှိခဲ့ပေ။
အဲဒီလို မိန်းမသား တစ်ဦးမှာမှ ထူးချွန်သော ဘောလုံးသမား သား တစ်ယောက်ကို ရရှိလာခြင်းမှာ အတော့်ကို ခွကျသော ကိစ္စ ဖြစ်လေသည်။
သို့သော် သား၏ အောင်မြင်မှုတွေကို ကျွန်မ အသိအမှတ် မပြုဘဲ မရတော့အောင် ဖြစ်လာ၏။ ဧည့်ခန်းကို ကြက်မွေး တစ်ချောင်းဖြင့် ကျွန်မ ရှင်းလင်း သန့်စင်ရာမှာပင် ရှိုးကေ့စ်ထဲက သား ရထားသော ဆုဖလားများ၊ တံဆိပ်များ၊ နံရံထက်မှ ဘောလုံး ပိုက်ထားသော သား၏ ဓာတ်ပုံများ၊ ဆုတံဆိပ် လက်ခံ ရယူနေသော ဓာတ်ပုံများကို ကျွန်မ အသေအချာ ကိုင်တွယ် သန့်ရှင်း ပေးရတော့သည်။
သား၏ အားကစား ဝတ်စုံများကို လျှော်ဖွပ် မီးပူတိုက်ရာ တွင်လည်း သမီးကြီးနှင့် လွှတ်ပေး မထားတော့ဘဲ ကျွန်မ ကိုယ်တိုင် ဝင်လှုပ်ရှား ဖြစ်သည်။ နံရံကပ် ဗီရိုမှာလည်း ကျွန်မနှင့် အိမ်ဦးနတ်တို့ အတွက် ဆောင်ထားသော အိမ်သုံးဆေးများကို တော်ရာချောင်တွင် ပြောင်းရွှေ့ကာ သားအတွက် အားဆေး၊ လိမ်းဆေး ပုလင်းများ ဘူးများကိုသာ စီရရီ နေရာချပေး ဖြစ်လာသည်။
ထမင်းစား စားပွဲပေါ်မှာလည်း ကျွန်မတို့၏ ထန်းလျက်ပုလင်း၊ စတုမဓူ ပုလင်းများ နေရာမှာ သားအတွက် သစ်သီးဖျော်ရည်၊ မိုင်လို၊ ဟောလစ် ဘူးများက နေရာယူ လာသည်။
တစ်ခုတော့ ဝန်ခံရပါမည်။ ကျွန်မ ဒါတွေကို လုပ်နေခြင်းမှာ သားကို ချစ်သော မိခင်မေတ္တာ အကြောင်းရင်းခံ တစ်ခုတည်း ကြောင့်ပဲ ဖြစ်၏။ သား၏ အားကစားကို ကျွန်မ အားပေး ဖြည့်စွမ်းခြင်း မဟုတ်ရေးချ မဟုတ်ပေ။ ဟို ဟာသ ပုံပြင်လေးထဲက မိန်းမကြီး ပြောသလိုပင် “ဘောလုံးလေးက တစ်လုံးတည်း၊ လူတွေက အယောက် နှစ်ဆယ်လောက် ဝိုင်းလု ကန်နေကြ ရတာကိုး။ တစ်ယောက် တစ်လုံးစီ ပေးလိုက် ပြီးရောကွယ်” ဆိုသော အဆင့်မျိုးထက် ကျွန်မ မပိုပေ။ သည်မျှပင် ကျွန်မသည် အားကစားဆိုတာနှင့် ဝေးကွာသူ ဖြစ်ပေသည်။
“စပို့တ်စ်မင်း စပရစ်” ဆိုသော စကားလုံးကို သိပါသည်။ သို့သော် ဒါကို ဆက်လက် တွေးတောဖို့ ကျွန်မ ဘယ်တုန်းကမှ မကြိုးစားခဲ့။ အားကစား ဆိုတာ လူတစ်ယောက်ရဲ့ ဘဝ ဖြစ်တည် ရှင်သန်ရေးမှာ လိုအပ်သလား။ ဘယ်လောက် အတိုင်းအတာ အထိ လိုအပ်သလဲ။ တိုင်းပြည် လူမျိုး ဂုဏ်ကို အားကစားနဲ့ မြှင့်တင်တယ် ဆိုတာ ဘယ်လိုပါလိမ့်။ ကျွန်မ မတွေးတတ်ရိုး အမှန် ဖြစ်၏။
တစ်ခါ တစ်ခါတော့ သား၏ မိခင် အနေနှင့် ကျွန်မ အစွမ်း ရှိသလောက် တွေးကြည့်မိ လေသည်။ ဂိုးပေါက်ထဲ ဘောလုံးဝင်အောင် သွင်းနိုင်တာ၊ ခရီးဝေးကြီးကို ပြေးပြီး ရှေ့ဆုံးက ပန်းဝင်သွားတာ၊ သံလုံး သံပြား ဆိုတာကို အဝေးကြီး ရောက်အောင် ပစ်နိုင်တာ၊ တုတ်ရှည်ကြီးနဲ့ ထောက်ခုန်ပြီး သစ်သားတန်း အမြင့်ကြီး လွတ်အောင် ခုန်နိုင်တာ၊ ပုံစံ အမျိုးမျိုးနဲ့ ရေကူးနိုင်တာ ... အင်း ... ဒါတွေ လုပ်နိုင်တော့ကော ဘာဖြစ်လာမှာလဲ။
“စစ်မှန်သော ပြိုင်ဆိုင်မှုသည် တိုးတက်မှုကို မွေးဖွားပေး၏” တဲ့။ “လူသားတို့၏ သန္တာန် ကိုယ်နှိုက်က ပင်လျှင် အားပြိုင်မှုကို နှစ်ခြိုက်တတ်၏” တဲ့။ ဒီအဆိုအမိန့်တွေ ကိုလည်း ကျွန်မ စောဒက မတက်ချင်ပါ။ အင်း ... ဒါပေမယ့် ရုပ်ခန္ဓာကြီးကို ရရှိလာပြီး ကတည်းက အတွင်းအပြင် အာယတနတွေနဲ့ ပြိုင်ဆိုင်ကြရပြီ ဖြစ်တဲ့ ဘဝကြီးမှာ အားပြိုင် လွန်ဆွဲမှုတွေကို ထပ်ပြီး ရှာကြဦးမှာတဲ့လား။ ထားပါတော့လေ။
ကျွန်မသည် အားကစားနှင့် ပတ်သက်လာလျှင် နလပိန်းတုံး မိန်းမသား တစ်ယောက်သာ ဖြစ်လေသည်။
အင်း ... ဒီလို မိခင်မျိုးမှာမှ ဒီလိုသား တစ်ယောက် ထွန်းပေါက်လာတယ် ဆိုတာကတော့ ...။
* * *
ရပ်ကွက်အတွင်း၊ လမ်းအတွင်း၊ အပြေးပြိုင်ပွဲ ဘောလုံးပွဲများမှာ သားလေး ဆုတွေ စရပြီ ဆိုကတည်းက ကျွန်မ ရင်ဖိုရတော့၏။
“သားရယ်၊ မတော်တဆ လဲပြုပြီး ကျိုးပဲ့ သွားမှဖြင့်”
ကျွန်မ သိသည်မှာ ဒါပဲ ဖြစ်သည်။
ကျောင်း လက်ရွေးစင်၊ ရပ်ကွက် လက်ရွေးစင်၊ မြို့နယ်၊ ခရိုင် ... စသည်ဖြင့် သားသည် အသက်အရွယ်နှင့် အမျှ တစ်စတစ်စ တက်လာ၏။ သား၏ ဝါသနာနှင့် ထူးချွန်မှုကို မည်သည့် မိခင်က ကန့်လန့်ဖြတ် နိုင်မည်လဲ။ ကျွန်မမှာ စိုးရိမ်စိတ်များကို ပွေ့ပိုက် ထားရင်းကပင် သား၏ ပျော်ရွှင်မှုကို ကြည်နူးခြင်း တစ်ဝက်၊ စိတ်မပါခြင်း တစ်ဝက်ဖြင့် ခွင့်ပြုရတော့၏။
သားတို့ အဖေက ကျွန်မကို ပြောတတ်ပါသည်။ “ဟေ့ မင်းဖတ်နေတဲ့ စာအုပ်ထဲက နတ်သျှင်နောင်ဟာ ကူလီရိုက် ကစားနည်းမှာ ချန်ပီယံ တစ်ယောက်လေကွာ။ မင်းရဲကျော်စွာ ဆိုတာကော ကျည်းသား ရိုက်ရင်းနဲ့ စစ် ထတိုက်ခဲ့တယ် မဟုတ်လား။ ယောက်ျား တစ်ယောက်ရဲ့ ကိုယ် စိတ် ကြံ့ခိုင်မှုမှာ စပို့တစ်စ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကွ”
အစ်ကိုကြီးက ကမ္ဘာကျော်၊ မြန်မာကျော် အားကစားသမား တွေကို တသီကြီး ရွတ်ပြ၏။ ဘောဘီဘိုး၊ အူဆီဘီယို၊ ပီလီ၊ မာရာဒိုနာ၊ ဘက်ဂီယို၊ ဗဟာဒူး၊ အေးမောင်ကြီး၊ လှဌေး၊ စတိုင်လ်၊ ကျော်မင်း မှသည် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ မောင်မောင်ဦး၊ ဝင်းအောင်၊ သန်းဝေ၊ ဇော်ဝင်းနိုင်။
“မိုဟာမက်အလီ ကွာ။ အို ဂျေ ဆင်ပဆင် ကွာ။ပြီးတော့ ရော့ကီ မာစီယာနို၊ မိုက်ကယ်ချန်း၊ မြအေး၊ တင်မောင်နီ၊ ဂျနီဖာတင်လေး၊ ခင်ခင်ထွေး၊ မာမာမင်း”
အစ်ကိုကြီးကို စကားပြိုင်ပြောဖို့ အင်အားလည်း မရှိ။ ဝါသနာလည်း မပါသော ကျွန်မသည် စာစောင်အချို့ကို ထုတ်ပြလိုက်၏။
မိုနီကာဆဲလက်စ် တင်းနစ်ကွင်း ထဲမှာပင် ဓားထိုးခံရခြင်း၊ စတက်ကဖီ ဂရပ်၏ ဖခင်ကြီး အခွန်ရှောင်မှုဖြင့် တရားစွဲ ခံရခြင်း၊ ဘောလုံးသမား အက်စကိုဘာ သေနတ်ပစ် ခံရခြင်း သတင်းများ ထိုစာစောင်များတွင် ပါရှိ၏။
အစ်ကိုကြီးက စာစောင်များကို ဖတ်ပြီး ကျွန်မကို ကြည့်ကာ
“မင်းဟာ နဂို ကတည်းကမှ အားကစားနဲ့ ဒုံးဝေးရတဲ့ အထဲ သားအပေါ် စိုးရိမ်စိတ်တွေက လွန်ကဲ နေတာကိုး။ မင်းအတွက် အားကစား ကြောက်စိတ် ဆိုပြီး ဖိုးဘီးယား ဝေါဟာရ အသစ်တစ်ခု ထွင်ရမလို ဖြစ်နေပြီ” ဟု ဆို၍ သား ထရိန်နင်ဆင်း နေရာသို့ ထွက်သွားတတ် လေသည်။
ကျွန်မကတော့ သား ပြန်လာလျှင် ရေချိုးဖို့ ရေနွေးတည်ရင်း၊ လိမ်းဆေးဘူးတွေ ထုတ်ရင်း၊ နွားနို့ကျိုရင်း ... သားလေး ဘေးမသီ ရန်မခ ရှိပါစေလို့ မေတ္တာပို့ ဆုတောင်း နေမိ၏။
ဆုတောင်း ဆိုလို့သာ ... ကျွန်မ သတိထားမိသည်မှာ သားလေးရဲ့ အဖွဲ့ အသင်း အနိုင်ရပါစေဟု ကျွန်မ တစ်ခါမှ ဆုမတောင်းဖူးကြောင်း အမှတ်ရ လာ၏။ တစ်ဆက်တည်း တွေးမိသည်မှာ သား၏ အောင်မြင်မှု အတွက်လည်း ကျွန်မ တစ်ခါမျှ ဂုဏ်ယူ ဝမ်းမြောက်ခြင်း မရှိခဲ့ ဟူသော အချက်ပင် ဖြစ်၏။
* * *
“အာဆင်နယ်လ် အသင်းက ခြေတက် လာတယ်။ တိုက်စစ်မှူး နှစ်ယောက် အားဖြည့် ထားတယ်နော် ဖေဖေ”
“အေးကွ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အရှိန်အဝါကို သူတို့ အတော် ကြိုးစား ပြိုင်ကြရလိမ့်မယ်။ ယူနိုက်တက် ခံစစ်ဟာ တစ်ချိန်တည်းမှာ ထိုးစစ် အကွက်ကို ဆင်ပေးနိုင်တာ”
“အခုအတိုင်း ကတော့ ပရီမီးယားလိဂ် ပွဲစဉ်မှာ ခြောက်သင်းလောက်က အပြိုင်းအရိုင်းပဲ ဖေဖေရဲ့ ...။ နိုင်တီဆစ် မှာတော့ အဖြေတွေ တစ်မျိုး ထွက်လာမယ် ထင်တယ်”
“ကြည့် ... ကြည့်ထားဟေ့၊ နောက်တန်းလူတွေကို ဖရိုဖရဲ ဖြစ်အောင် လုပ်နေတာ တွေ့လား။ ကွင်းလယ်ကို ပြန်ဆင်းအောင် ပရိယာယ် ဆင်တာပဲ။ ဂိုးရှေ့မှာ ဟင်းလင်းဖြစ် သွားတာနဲ့ နှစ်ဆင့်ပေး လောက်နဲ့ပဲ ဂိုးသွင်းမှာ တွေ့လားကွ၊ သား”
ပရီမီးယားလိဂ် ဘောလုံးပွဲများ လာသော စနေနေ့ နေ့လည်ပိုင်း ဆိုလျှင် တီဗွီရှေ့မှာ သူတို့ သားအဖ နှစ်ယောက် အသံဖြင့် ပွက်လောညံ နေတတ်သည်။ သူကိုယ်တိုင်က အားကစားသမား မဟုတ်သော်လည်း ဘောလုံးပွဲကို အသေအလဲ ကြိုက်တတ်သော ကျွန်မ၏ ခင်ပွန်းသည် တကယ့် ဝါရင့် ပရိသတ် ဖြစ်၏။ သူ၏ ဝါရင့် ပရိသတ် အမြင်သည် သားအတွက် ကြီးစွာသော အထောက်အပံ့ ဖြစ်စေသည် ဟုလည်း သူ ယုံကြည်လေသည်။
အစ်ကိုကြီးသည် သူ၏ ကိုယ်ပိုင် အသုံးစရိတ် များကို လျှော့ချကာ သားအတွက် အားကစား စာစောင်များ၊ အားကစား ပစ္စည်းများ ဝယ်ပေးခြင်း ဖြင့်လည်း တိုက်ရိုက် အားဖြည့်ပေး တတ်၏။ ထိုအခါ ဖခင်ဖြစ်သူ၏ ကိုယ်ရော စိတ်ပါ မြေတောင်မြှောက် အားပေးမှုကို ခံယူသည် ရှိသော သားသည်လည်း ပို၍ ပို၍သာ တက်ကြွ လာတော့သည်။
သူတို့ သားအဖကို ကြည့်ပြီး ကျွန်မမှာသာ ရင်တမမ။
တီဗွီ ဘောလုံးပွဲများ ကြည့်နေကြသည့် သားအဖ အတွက် ကော်ဖီသွား ချပေးစဉ် မျက်နှာ လွှဲထားသည့် ကြားမှ အမှုမဲ့ ကြည့်လိုက်မိသည့် ခဏ။ ဘောလုံးသမား တစ်ယောက် ခွေခနဲ လဲကျ။ ထမ်းစင်နှင့် ထုတ်သွားတာမျိုး မြင်လိုက်ရပြီ ဆိုလျှင်တော့ ကျွန်မ ရင်တုန်ပန်းတုန် ဖြစ်လာကာ သွေးဆေး သွားသောက် ယူရ၏။
သူတို့ သားအဖ ကတော့ ထမ်းစင်ပေါ် ပါသွားသူထံ စိတ်မရောက်။
“ပင်နယ်လ်တီ မပေးသင့်ဘူး ဖေဖေရဲ့”
“ဒါပေါ့ကွာ၊ ဟိုကောင် ဒူးရှေ့ထုတ်ပြီး ခုန်လာတာလည်း ကြည့်ဦးမှပေါ့။ ဘော်ဒီဖို့စ်နဲ့ ကစားကြတာပဲ။ တွေ့လား၊ ကက်ပတိန်က ဒိုင်လူကြီးဆီမှာ ကွန်ပလိန်း တက်နေပြီ”
“ဟော ... ကက်ပတိန်ကို အဝါကဒ် ပြလိုက်ပြီ ဖေဖေ”
“အင်း ... ဘာပဲဖြစ်ဖြစ်၊ ကြည့်ကောင်းပြီပေါ့ကွာ။ အချိန်က ဆယ့်နှစ်မိနစ်ပဲ ကျန်တော့တာကွ”
အစ်ကိုကြီးကို တစ်ခုခုပြောမှ ဖြစ်တော့မည်ဟု ကျွန်မ ဆုံးဖြတ်လိုက် ပါသည်။
* * *
“အာဇာနည် သူရဲကောင်းမိခင် ဆိုတဲ့ ဘွဲ့ကို အမေတွေဟာ မလွှဲသာလို့ ခံယူ လိုက်ရတာပါ အစ်ကိုကြီး။ ဖြစ်နိုင်ရင် အမေတွေဟာ သူတို့ရဲ့ သားတွေကို ရင်အုပ်မကွာဘဲ ထားချင်ကြတာပါ။ ဘယ်မိခင်မှ သူတို့ရဲ့သားကို စစ်မြေပြင် ရှိရာ မလွှတ်ချင် ကြပါဘူး။ အာဇာနည် သူရဲကောင်းရဲ့ မိခင်ဆိုတဲ့ ဘွဲ့ကြီးကိုလည်း သားရဲ့ အသက်သွေးနဲ့ လဲပြီး မပိုင်ဆိုင်ချင် ကြပါဘူး။ မတတ်သာလွန်းလို့ သာပါ”
ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲမှ စကားအချို့ကို ကိုးကား၍ ကျွန်မ ရေရွတ် ပြလိုက်သောအခါ သား၏ ဖေဖေသည် ကျွန်မကို အထူးအဆန်း လုပ်၍ ငေးကြည့်နေ၏။
“မင်း ဘာတွေ ပြောနေတာလဲ”
“သားဟာ အခု မြို့နယ် လက်ရွေးစင် ဖြစ်လာပြီလေ။ ပြီးတော့ ရှေ့တန်း တိုက်စစ်မှူးတဲ့။ ဘောလုံး တစ်သင်းမှာ ဒီလိုနေရာဟာ အင်မတန် အန္တရာယ် ကြီးတယ် မဟုတ်လား။ ပရိသတ် ထောင်သောင်းက သားကို လက်ခုပ် ဩဘာသံတွေနဲ့ အားပေးနေချိန်မှာ ကျွန်မကတော့ သားလေး တစ်ခုခု ထိခိုက်သွားမှာကိုပဲ တစ်ချိန်လုံး ပူပန်နေရတယ်”
စိတ်ပျက်စွာ သူ ကျွန်မကို ကြည့်ပြီး ...
“ကြုံဖူးပေါင်ကွာ၊ ကိုယ့်သားရဲ့ ထူးချွန် ကျော်ကြားမှုကို မမြင်နိုင်ဘဲ တစ်ဖက်က လှည့်တွေးနေတဲ့ မိခင်မျိုး၊ မင့်ဟာ အနိဋ္ဌာရုံ အမြင်ပဲ”
“အနိဋ္ဌာရုံ အမြင်ပဲ ပြောပြော။ အန္တရာယ်တွေ ကြားက ပေါ်ပေါက်လာတဲ့ ထူးချွန် ကျော်ကြားမှုကို ကျွန်မ အရသာ မတွေ့တာ အမှန်ပဲ။ အို ... သားအတွက် ဂုဏ်ယူတာ မယူတာတွေကို ပြောတာ မဟုတ်ဘူး။ သားအတွက် စိုးရိမ်တာ”
“ဟ မိန်းမရဲ့၊ မင့်လိုသာဆိုရင် တိုက်ပွဲတို့၊ အခက်အခဲတို့၊ ယောက်ျားကောင်းတို့ ဆိုတာတွေ ပေါ်လာစရာ မရှိတော့ဘူး။ ခက်ပါ့ကွာ။ ဒီစကားများ သားကို သွားမပြောလိုက် ပါနဲ့။ မင့် အယူအဆက သားရဲ့ တိုးတက်မှုကို နောက်ဆံတင်းအောင် လုပ်သလို ဖြစ်နေပြီ”
“သားကို ချစ်တဲ့ စိတ်နဲ့မို့ ကျွန်မ သားကို မပြောဘဲ အစ်ကိုကြီးကို ပြောပြ နေတာပေါ့။ သားကို သိပ် သိပ် မြှောက်မပေးပါနဲ့လို့”
“အံမာမင့်သားက ငါ မြှောက်ပေးစရာ မလိုဘဲ သူ့ဘာသာသူ ပါရမီ ထူးချွန်တဲ့ ဘောလုံးသမား ဖြစ်နေတာဗျား ...”
အစ်ကိုကြီးက နံရံပေါ်မှ သား ဘောလုံး ပိုက်ထားသော ဓာတ်ပုံကို တစ်ချက် လှမ်းကြည့်ပြီး ပြော၏။
“မင်း အတွေး လွဲနေတယ်၊ အတွေး ခေါင်နေတယ်။ အမှန်က သားရဲ့ တောက်ပြောင်တဲ့ အနာဂတ်အတွက် ငါတို့က တခြား အရေးကြီးတဲ့ အချက်တွေနဲ့ ဆုံးမ သတိပေးရမှာ။ တွေ့နိုင်တဲ့ အန္တရာယ်တွေကို ကြိုတွက် ပြရမှာ။ မင်းပြောတဲ့ အန္တရာယ်မျိုး မဟုတ်ဘူး”
“ဘာအန္တရာယ်တွေလဲ ... ဟင်၊ အစ်ကိုကြီး”
ကျွန်မ ပို၍ စိုးရိမ်သွား၏။
“ထူးချွန်တဲ့ အားကစားသမားတိုင်း လိုလိုမှာ တွေ့ရ၊ ကြုံရတတ်တဲ့ ဟာတွေပေါ့။ ဥပမာ တစ်ကိုယ်ကောင်း ဆန်တာမျိုး၊ ဘဝင်မြင့်တာမျိုး၊ အသင်းအဖွဲ့စိတ် မရှိဘဲ ငါမှငါဆိုတဲ့ အတ္တ ကြီးမား လာတာမျိုး။ ... အင်း နောက်တစ်ခုက လောင်းကစား ဆိုပါတော့”
ဘောလုံးလောကတွင် ရှိတတ်သော လောင်းကစားခြင်းများ၊ လာဘ် အပေးအယူများ အကြောင်း အစ်ကိုကြီးက ဆက်ရှင်းပြသည်။
“ထူးချွန် ကျော်ကြားမှုကို အသုံးချတတ်ကြတဲ့ မသမာသူတွေ ရှိတယ်။ ငွေကြေး၊ စည်းစိမ် အခွင့်အရေးတွေနဲ့ ဖြားယောင်း သွေးဆောင်ကြတယ်။ အဂတိ တရားတွေ ရှိတယ်။ ဒါတွေကို ငါတို့သား ရှောင်ရှားနိုင်အောင်၊ တောင့်ခံနိုင်အောင် သွန်သင်ဆုံးမ ရမယ်။ တကယ့် အန္တရာယ်ဆိုတာ အဲဒါတွေကွ။ အားကစားသမား ကောင်းရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့တကွ ဘဝတစ်ခုလုံး ကိုပါ ဖျက်ဆီးမယ့် ဟာတွေပေါ့။ မင်း စိုးရိမ်သင့်တာ အဲဒီအပိုင်းကွ”
ဘုရား ... ဘုရား ...။ သူ ပြောပြတော့မှပင် သားလေး၏ ရှေ့ခရီးမှာ မမြင်နိုင်သော အန္တရာယ်တွေ ရှိနေသေးကြောင်း ကျွန်မ သိလာ ရတော့သည်။
အစ်ကိုကြီးက အားကစား လောကရှိ လောင်းကစားမှု ကိစ္စများ အကြောင်း ကျွန်မကို အသေအချာ ရှင်းပြ၏။ ပရိသတ် အချင်းချင်း လောင်းကြေး၊ ပရိသတ်နှင့် အားကစားသမား၊ ဒိုင်လူကြီးနှင့် ပရိသတ်၊ အသင်းအဖွဲ့ချင်း နားလည်မှု၊ ဒိုင်လူကြီးနှင့် အားကစားသမား ... အလိုလေးလေး ရှုပ်ထွေး ပွေလီနေသော လမ်းကြောင်းတွေ ... လမ်းကြောင်းတွေ ... များလှပါကလား။
အစ်ကိုကြီးက စကားတစ်ခွန်း လေးနက်စွာ ဆို၍ အဆုံးသတ်သည်။
“တို့သားလေးဟာ အခုဆိုရင် ကိုယ့်အသင်း အတွက် ဂိုးအများဆုံး ရအောင် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ဖြစ်နေတယ်။ ဘောလုံးစကားနဲ့ ပြောရရင် ခြေလဲ ပြင်းတယ်။ ရတဲ့ အခွင့်အရေး ကိုလည်း အသုံးချတတ်တယ်။ ခေါင်းတိုက်လည်း ကောင်းတယ်။ တစ်ဖက်သင်း နောက်တန်းကိုလည်း ထိုးဖောက် မွှေနှောက်နိုင်တယ်။ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ အရည်အသွေးတွေ အတော်များများနဲ့ ပြည့်စုံတယ်ပေါ့ကွ။ အင်း ... တို့များ သူ့ကို သတိပေး ဆုံးမရမှာက တိုက်စစ်မှူး တစ်ယောက် အနေနဲ့ အားကစား လောကရဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ၊ အဖျက်အဆီးတွေကို ဘယ်လို ကာကွယ်၊ ဘယ်လို ဖျက်ထုတ်ရမယ် ဆိုတဲ့ ခံစစ်ပဲ”
အစ်ကိုကြီးစကား အဆုံးတွင် ကျွန်မ ခေါင်းထဲသို့ ရောက်လာသော အတွေးမှာ အဂတိတရား လေးပါး ဟူသော အရာပင် ဖြစ်၏။
ဪ ... “သက်လုံကောင်းခြင်း” ဆိုတဲ့ စကား၏ တကယ့် အနက် အဓိပ္ပါယ်ကို သားလေး သဘောပေါက်အောင် ကျွန်မ ရှင်းပြရဦးပေမည်။
* * *
သားတို့အသင်း အုပ်စု ပထမ ရခဲ့ကာ ဖိုင်နယ်ပွဲများသို့ တက်ခဲ့ပြီဟု ဆို၏။ သားသည် စိတ်ရော ကိုယ်ပါ ဘောလုံး၌ နှစ်မြှုပ်ထားခဲ့၏။ ဖအေလုပ်သူ ကလည်း သားနှင့်အတူ အချိန်ပြည့် လိုက်ပါပေးနေသည်။ ထို့နောက် ရှုံးထွက် ပွဲစဉ် အဆင့်ဆင့်များ တွင်လည်း သားတို့အသင်း အနိုင်ရကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားလေသည်။
ကျွန်မသည် အိမ်မှနေ၍ သူတို့သားအဖ ပြန်ရောက်မည့် အချိန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိ၏။ ထူးဆန်းသည်ကား သားတို့အသင်း ဗိုလ်စွဲပါစေဟု ကျွန်မ ဆုမတောင်းစဖူး ဆုတောင်း နေမိခြင်း ဖြစ်လေသည်။ ကြိုးပမ်း အားထုတ်မှု၏ အသီးအပွင့် ဖြစ်သော အောင်မြင်မှုကို သားလေး ခံစားစေလို ပေသည်။
ဗိုလ်လုပွဲ ဖြစ်သည့်အလျှောက် သူတို့ မီးကုန်ယမ်းကုန် ကစားကြတော့ မည်မှာ သေချာသည်။ သားသည် အကောင်းဆုံး အနေအထားဖြင့် ပွဲဝင်ရန် အသင့် ဖြစ်နေကြောင်း အစ်ကိုကြီးက ပြောပြ၏။ ဘယ်တုန်းကမှနဲ့ မတူအောင် သားသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည်ဟုလည်း ဆို၏။
ဂိုးသွင်း ချန်ပီယံ ဟူသော ပရိသတ်က ပေးသည့်ဘွဲ့ဖြင့် သားလေး ယှဉ်ပြိုင်တော့မည်။ ဘုရား ... ဘုရား ... အစ်ကိုကြီး သတိပေး ဝေဖန်ထား သော်လည်း သားအတွက် ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ပေ။ ရေကုန်ရေခမ်း ကစားကြသည့် ပွဲမျိုးဆိုလျှင် တစ်ဖက်အသင်း ကစားသမား များသည် တိုက်စစ်မှူး ချန်ပီယံကို ဥပဒေဘောင် အတွင်းမှ ဖြစ်စေ၊ ပြင်ပမှ ဖြစ်စေ၊ အနာတရ ဖြစ်အောင် ဆက်မကစား နိုင်အောင် “ချိုး” တတ်ကြသည်ဟု ကျွန်မ ကြားဖူးသည်။ သားလေးသည် သူတို့အတွက် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေသည့် အတွက် သားကို “ချိုး”ဖို့ သူတို့ ...။
ဘုရားရှင်နဲ့ သမ္မာဒေ၀ နတ်မြတ်များ စောင်မတော် မူပါ။ ... သားလေး ဘေးအန္တရာယ် ကင်းရှင်းပါစေ။ သားတို့အသင်း အနိုင်ရပါစေ။
* * *
ညဉ့် ၈ နာရီ လောက်မှ သားအဖ ပြန်ရောက် လာကြသည်။
သားတို့အသင်း ဗိုလ်စွဲကြောင်း၊ နှစ်ဂိုးစီ သရေကျ နေရာမှ အနိုင်ဂိုးကို သားက သွင်းယူခဲ့ကြောင်း သားသည် အကောင်းဆုံး အားကစားသမား ဆုကိုလည်း ရခဲ့ကြောင်း၊ ကျွန်မ ညနေကပင် သတင်းရခဲ့ပြီး ဖြစ်၏။
ဂုဏ်ပြု ဧည့်ခံပွဲ တစ်ခု တက်နေရ၍ သားတို့ ညဉ့်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ဧည့်ခံပွဲမှာ ဘာတွေ ကျွေးမလဲ မသိ။ ကျွန်မကမူ သားအတွက် သူကြိုက်သော ကြက်ပေါင်း မြူစွမ်ပြုတ်နှင့် အစ်ကိုကြီးအတွက် ကော်ဖီ၊ ပေါင်မုန့်ကင်နှင့် ကြက်ဥတို့ကို ပြင်ဆင်ထားပြီး အိမ်ပေါက်မှ ဆီးကြိုခဲ့၏။
သားသည် ဘေးမသီ ရန်မခဘဲ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ပြီ။ ဝမ်းသာ ကြည်နူးမှု၊ ဂုဏ်ယူ အားတက်မှု၊ အို ... သားအတွက် ခံစား နေရသော ပီတိသောမနဿ ဝေဒနာများအတွက် ကျွန်မ စကားလုံး ရှာမရပေ။
“မေမေ” ဟု အော်ခေါ်ကာ သားသည် အသင့် ဖွင့်ထားသော ကျွန်မ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။ ကျစ်လျစ် သန်စွမ်းသော သားကို တစ်ပွေ့ တစ်ပိုက်ကြီး ဖက်ထားရင်း ကျွန်မ မျက်ရည်တွေ လည်လာ၏။
“ကိုင်း မအေကြီးက မျက်ရည်ထိန်း။ စားစရာတွေ လုပ်ဟေ့။ မင့်သားက ဧည့်ခံပွဲမှာ တစ်ချိန်လုံး အိမ်အမြန် ပြန်ချင်လှပြီ။ မေမေ့ကို တွေ့ချင်လှပြီနဲ့ တဖွဖွ ပြောနေတာ။ အဟင်း ... ကိုယ်ကလည်း မင်းဖျော်တဲ့ ကော်ဖီပဲ သတိ ရနေတာကလား”
ထမင်းစား စားပွဲတွင် ကျွန်မတို့ မိသားစု ဝိုင်းထိုင် လိုက်ကြ၏။ သမီးကြီးက သူ့မောင်အတွက် ဂုဏ်ပြု လက်ဆောင်ကို တကူးတကန့် ရွှေစက္ကူ ဖဲပြားဖြင့် ထုတ်ပိုးချည်နှောင် နေသည်။
“ဖေဖေ၊ သား ပြောရတော့မလား”
“အေး ... ပြောတော့လေကွာ”
အတိုင်အဖောက် လုပ်နေသော သားအဖ နှစ်ယောက်ကို နားမလည် နိုင်စွာ ကျွန်မ ကြည့်လိုက်၏။ သားအဖ နှစ်ယောက်စလုံး လေးနက်တည်ကြည် နေကြသည်ဟု ကျွန်မ ထင်ပေသည်။
“မေမေ့ကို သား ပြောစရာ ရှိတယ်”
“မြူစွမ် သောက်လိုက် ပါဦးကွယ်”
“ဟင့်အင်း ... ခုပဲ ပြောမှ ဖြစ်မှာ၊ ဖေဖေ့ကိုတော့ ပွဲပြီးပြီးချင်း သား ပြောပြီးပြီ။ အဲဒါ မေမေ့ကိုလည်း အခု ပြောချင်တယ်”
“နားထောင်လိုက်ဟေ့၊ မအေကြီး ...”
သား၏ နုငယ်ရွှန်းလက် မျက်လုံးအိမ်များ ဣနြေ္ဒရင့်ကျက် နေကြ၏။
“ဒီနေ့ ဖိုင်နယ်ပွဲမှာ နှစ်ဂိုးစီ ဖြစ်နေတုန်း အချိန်ကလည်း ဆယ်မိနစ် လောက်ပဲ ကျန်တော့တယ် မေမေရဲ့။ ဟိုဘက်ကလည်း တစ်သင်းလုံး ခံစစ် ပိတ်ဆို့ထားတယ်။ တစ်ကွင်းလုံးလည်း အသံတွေ ဟိန်းနေတာပဲ။ ဒီအချိန်မှာ သား ဘောလုံး ရလာတယ်”
“သားရေ၊ မင့်မေမေ နားလည်အောင် ပြော”
“ဟုတ်ကဲ့ပါ ဖေဖေ၊ အင်း ... သားက သူတို့လူ နှစ်ယောက်ကို ဖောက်ပြီး ဘောလုံး ဆက်သယ် သွားတယ်။ သူတို့ ဂိုးစည်းများကို ရောက်နေပြီ။ ဘယ်ဘက်ကို သား ဆွဲယူသွားတော့ သူတို့ နောက်တန်းက တစ်ယောက် သားနဲ့ ယှဉ်ပြီး လိုက်တယ်”
ကျွန်မ အတတ်နိုင်ဆုံး ရုပ်ပုံဖော်ကြည့် နေမိသည်။
“အဲဒီလို လိုက်ရင်း၊ ဖျက်ရင်းပေါ့ မေမေရယ်။ အဲဒီ နောက်တန်းက လူဟာ သားထက် လူကောင်လည်း ကြီးတယ်။ အဖျက်လည်း ကောင်းတယ်။ နောက်ဆုံး ဂိုးရှေ့ ရောက်နေတဲ့ သားရဲ့ တွဲဖက် တိုက်စစ်မှူးဆီကို ခေါင်းတိုက်ဖို့ သား ဘောလုံးပေးမယ် အလုပ်မှာ ... သား လဲကျသွားတယ်”
ဘုရား ... ဘုရား၊ သားလေး ဘာများဖြစ် ...။
“သား လဲကျ သွားတာနဲ့ ဒိုင်လူကြီးရဲ့ ခရာသံ ပေါ်လာတယ် မေမေ အဲဒါကို ပြစ်ဒဏ်ဘော သတ်မှတ်တယ်။ ဂိုးစည်း ဧရိယာထဲမှာ ဖြစ်တာမို့ ဒိုင်က ပိုင်နယ်လ်တီ ပေးတယ်။ ဒီ ပိုင်နယ်လ်တီ ဘောကို တည်ပြီး ကန်ရတယ်။ ဂိုးသမားနဲ့ သား နှစ်ယောက်တည်းပေါ့။ သူ့ ဘယ်ဘက်ထောင့်ထဲ သား အေးအေးဆေးဆေးပဲ လှိမ့်ဘော ကန်သွင်း လိုက်တာပဲ။ အဲဒါဟာ အနိုင်ဂိုးပဲ မေမေ”
အနိုင်ဂိုး ရရှိပုံကို ပြန်ပြောရာ၌ အဘယ်ကြောင့် သား၏ မျက်နှာနှင့် လေသံသည် တက်ကြွ ရွှင်လန်းမှု မရှိဘဲ အေးစက် ခြောက်သွေ့ နေသနည်း။
“ကဲ ... ကျန်တာ ငါ ဆက်ပြောမယ်”
အစ်ကိုကြီး ကလည်း အေးစက် ခြောက်သွေ့။
“မင့်သား လဲကျသွားလို့ ရတဲ့ ပိုင်နယ်လ်တီဟာ မရသင့်တဲ့ ပိုင်နယ်လ်တီ ဖြစ်နေတယ်။ တစ်ဖက် နောက်တန်းလူက လျှောထိုးပြီး ဝင်ဖျက်တာပါ။ ဘောလုံးကိုပဲ သူ ဖျက်တာ။ လူကို လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် သူဝင်တဲ့ အရှိန်၊ သား သယ်လာတဲ့ အရှိန်နဲ့ကြောင့် သား လဲကျသွားတာ။ လူချတာ လုံးဝ မဟုတ်ဘူးကွ။ ဒါကို အမှန်အတိုင်း သိသူက သားရယ်၊ ဟို နောက်တန်းသမားလေးရယ်၊ ငါနဲ့ ပရိသတ် အချို့ရယ်၊ အင်း ... ပြီးတော့ ဒိုင်လူကြီးရယ် ...”
တစ်ခုခုကို ကျွန်မ နားလည် လာသလိုလို ခံစားရ၏။
“သားဟာ ပြောပ လောက်အောင်လည်း အနာတရ မရှိခဲ့ဘူး။ လူ အချခံရလို့ ပုံပျက်ပန်းပျက် လိမ့်သွားတာမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမယ့် ဒိုင်ကတော့ ဒါကို ပိုင်နယ်လ်တီ သတ်မှတ်လိုက်တယ်။ ရှင်းရှင်း ပြောရရင် ဒိုင်က ပင်းပေးတဲ့ ဘောလုံးပဲ။ ဒိုင်လူကြီးရဲ့ ခရာသံဟာ မသန့်ရှင်းဘူးလို့ ငါ အသေအချာ ပြောရဲတယ်။ ကဲ သား ဆက်ပြော၊ မင်းမေမေ့ကို မင်းကိုယ်တိုင် ပြောချင်တယ် ဆိုတဲ့ စကားတွေ”
သား၏ မျက်လုံးများ ပကတိ ကြည်လင်နေ၏။
“အနိုင်ဂိုး တစ်လုံးကို သား ကန်သွင်းခဲ့တယ် မေမေ။ ဒါပေမယ့် ဒီဘောလုံးကို မကန်ခင်ကရော၊ ကန်လိုက်စဉ်မှာရော၊ ကန်အပြီး 'ဂိုး' ဆိုတဲ့ အသံကြီး ထွက်လာချိန်မှာရော၊ အို ... အခု မေမေ့ကို ပြန်ပြောပြချိန် အထိ ... ဒီ ဘောလုံးအတွက်၊ ဒီဂိုးအတွက် သား ခြေထောက်တွေကို သား ပြန်ရှက်မိ နေတယ်။ ကျင့်သား ရနေတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ ...”
သားကို ငေးကြည့်ရင်း ကျွန်မ မျက်ရည်တွေ လည်လာပြန်ပေပြီ။
“ဧည့်ခံပွဲမှာလည်း သားဟာ ဒီအကြောင်းကို သူ့အသင်း အုပ်ချုပ်သူ မန်နေဂျာနဲ့ လူကြီးတွေကို ပြောဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့တစ်တွေက ဗိုလ်စွဲလို့ ဝမ်းသာ နေလို့လား၊ ဒါကို ကြားကို မကြားချင်လို့ပဲလား မသိဘူး။ ဘယ်သူကမှ သား ပြောတာကို အရေးတယူ မလုပ်ကြဘူး။ ဂုဏ်ပြု ဆုပေးပွဲတွေ ဆက်လုပ်ဖို့ ဆွေးနွေး နေကြတယ်။ နောက်ဆုံးတော့ ငါက သားကို ဖျောင်းဖျရတယ်။ မင့်မေမေကိုပဲ ပြောပြကွာလို့၊ မင်းမေမေကို ပြောပြခြင်းဟာ ကမ္ဘာလောကကို ပြောပြခြင်းပဲလို့”
အစ်ကိုကြီးကို ကျေးဇူးတင်စွာ ကြည့်မိနေ၏။
သား၏ မျက်နှာလေးကို ပူနွေးဆဲ ကြက်ပေါင်း မြူစွမ် ပန်းကန်၏ တလူလူ လွင့်တက် ခိုးယှက်ဆဲ အငွေ့များ ကြားမှ တွေ့နေရသည်။ ဤ အခိုးအငွေ့များသည် သား၏ ကိုယ်ရောင် ကိုယ်ဝါများဟု ကျွန်မ မှတ်ထင်မိသည်။
မြင့်မြတ် ဖြူစင်သော သား၊ မတရားမှုဖြင့် အနိုင်ရခြင်းကို မလိုချင်သော သား၊ ဒိုင်၏ အဂတိ မကင်းသော ဆုံးဖြတ်ချက်ဖြင့် ရလိုက်သော အခွင့်အရေးနှင့် အနိုင်ရလဒ်ကို မနှစ်မြို့သော သား။
“ကျင့်သားရတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ” တဲ့။
ကျွန်မ၏ သားလေးသည် သူ၏ ကံ ဉာဏ် ဝီရိယ အလျောက် ပို၍ ပို၍ ထင်ရှား ကျော်ကြားသော ဘောလုံးသမား တစ်ယောက် ဖြစ်လာချင်လည်း ဖြစ်လာပေမည်။ မြို့နယ်၊ ပြည်နယ်၊ တိုင်း ... နောက်ဆုံး တိုင်းပြည် လက်ရွေးစင် အထိ ဆိုပါစို့။
သားအတွက် ကျွန်မ ယခင်ကလို စိုးရိမ် ပူပန်ခဲ့ခြင်းများ ယခုအခါ မရှိတော့ပေ။ သားကို အတော်အတန် ကျွန်မ စိတ်ချယုံကြည် နိုင်ခဲ့ပါပြီ။
တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား စိတ်ဓာတ်၊ ဝိညာဉ်၊ မြင့်မြတ်သော နှလုံးသား၊ ယောက်ျားကောင်း နှလုံးသား စသည့် ဝိတ္တရ ဝိသေသများဖြင့် ကျွန်မ မချဲ့ထွင်တတ်ပါ။
ဪ ... မေမေ့သား။
ဘောလုံးကွင်းထဲမှာ သာမက လူ့ဘဝဆိုတဲ့ ကွင်းကြီးထဲမှာပါ ဒီစိတ်ဓာတ်လေးကို သား ... အစဉ်တစိုက် ပွေ့ပိုက် သွားနိုင်ပါစေဟု ကျွန်မ လှိုက်လှဲပြင်းပြ ဆုပေး နေမိပါသည်။
----------
ချစ်ဦးညို
ပန်းဝေသီ၊ ဖေဖော်ဝါရီ၊ ၁၉၉၆။
(ခံစားသူအကြိုက် မဂ္ဂဇင်း ဝတ္ထုတိုများ ၁၉၉၆ အပိုင်း ၁ (ဥတ္တရလမင်း၊ ၁၉၉၆၊ နိုဝင်ဘာ))
(စာမျက်နှာ ၆၇-၈၂)
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Showing posts with label ဝတ္ထု. Show all posts
Showing posts with label ဝတ္ထု. Show all posts
Thursday, June 6, 2019
Wednesday, December 12, 2018
အဘရေ ... မိုးတွေညှို့လာပြီတော့ (သုမောင်)
---------------------------------------------------
အခန်း [၁]
သူမသည် ရှစ်တန်း ကျောင်းသူကလေး တဦးဖြစ်၏။ ရှစ်တန်းကျောင်းသူ ဆိုပေမင့်၊ အသက်ကတော့ ဆယ်တန်းကျောင်းသူ အရွယ်ဟု ဆိုရပေမည်။
အကြောင်းမှာ သူမသည် ရှစ်တန်းတွင် ပညာသင်ကြား နေယင်းနှင့် ကျောင်းထွက်ခဲ့ရ သောကြောင့် ဖြစ်၏။
အယင် ကာလများဆီကတော့ သူတို့ မိသားစု၏ စားဝတ် နေရေးသည် ချောင်လည်သည် မဆိုသာ သော်လည်း တက်နှင့် လှော်ရသော လှေကဲ့သို့။ ရုန်းကန်နိုင်မှ တော်ကာကျသော အခြေအနေတွင် ရှိခဲ့သည်။ တနေ့လုပ်မှ တနေ့စားရ ဆိုသလောက် အခြေအနေ မဆိုးသော်လည်း အထိုက် အလျောက်သော ဘဝပေး အခြေအနေ ကလေး မပျက်ပြား သွားစေရန်ကား နေ့ဓဒူဝ အလုပ် လုပ်နေကြရ၏။
အလွယ်ဆုံး စကားကို ရွေးရလျှင် လက်လုပ်လက်စား အခြေအနေမျိုးတွင် ဖြစ်၏။
မည်သို့ပင် ဖြစ်စေ၊ ကိုယ့် အခြေအနေနှင့် ကိုယ်တော့ ပတ်ဝန်းကျင် လူမှုရေး စသည့် ကိစ္စများနှင့် မကင်းနိုင်ရှာပေ။
သူမ ခုနစ်တန်း ရောက်သော ကာလမှ စ၍ သူတို့ မိသားစု အခြေအနေမှာ လက်ရှိထက် တစတစ လျော့နည်း လာခဲ့တော့သည်။
ဆိုပါစို့ ... ယခင်ကလို မိမိတို့ ပတ်ဝန်းကျင်ကို ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ဆိုသလို လောကဝတ် မပြုနိုင်၊ မကျေနိုင် ဖြစ်လာတာမျိုး၊ သာရေးနာရေး စသည်တို့တွင် အင်တိုက် အားတိုက် မကူညီ မပါဝင် နိုင်ခဲ့တာမျိုး ...။
သူမ အနေနှင့် ပြောရပါမူ၊ သုံးလေးလမှ တခါလောက်သာ အခွင့်အရေး ရသော တစ်ကျပ်တန်း ရုပ်ရှင်ပွဲကလေးပင် လက်လွတ် ခဲ့ရသည်။
သည့်နောက်ပိုင်းများ တွင်တော့ သူမတို့ မိသားစုမှာ နက်ဖြန်ခါ အတွက် စရိတ်ကို သည်ကနေ့ ကထဲက ပူပင်ရသော အခြေအနေပင် ရောက်လာခဲ့ ရတော့သည်။
အယင်က သူမတို့တွင် မိသားစု လေးဦး ရှိသည်။ အဖေ၊ အမေ၊ အဒေါ်ကြီးနှင့် သူမတို့ ဖြစ်သည်။ အဖေက ဌာနဆိုင်ရာ တခုတွင် စာရေးလုပ်သည်။ အမေကတော့ အိမ်မှု ကိစ္စသာ ကျွမ်းကျင်သည်။ အဒေါ်ကြီး ကတော့ ဈေးရောင်းသည်။
သူမတို့ မိသားစုသည် မြစ်ဆိပ်ကမ်း မြို့လေး တခု၏ မြို့စွန်ပိုင်း ဆင်းရဲသား ရပ်ကွက်တွင် နေကြသည်။ ရပ်ကွက် ဆိုပေမင့် အကွက်ချ၍ တည်ထားသော အရပ်ကား မဟုတ်ပါ။ မြစ်ကမ်း နဖူးတွင် ဖြစ်သလို ဆောက်ထားသော အိမ်ကလေး တအိမ် (တဲသာသာ) မျှသာ ဖြစ်သည်။
တံငါ လုပ်ငန်းဖြင့် အသက်မွေး ကြကုန်သော လူတန်းစား နေထိုင်ကြရာ အိမ်မျှသာ ဖြစ်သည်။ အိမ်မှာ အဒေါ်ကြီး၏ အိမ်ပိုင် ဖြစ်သည်။
အိမ်တွင် အဒေါ်ကြီး၏ ဝင်ငွေမှာ အများဆုံး ဖြစ်သည်။ အဖေ၏ ဝင်ငွေမှာ လစဉ် ပုံမှန်သော်လည်း မိသားစု စားလောက် ရုံသာ ရှိသည်။
သူမ၏ ကျောင်းစရိတ် စသော ဗာဟီရ ကိစ္စများ အတွက်နှင့် အပိုသုံးငွေ ကိုတော့ အဒေါ်ကြီး ကိုသာ အားကိုး နေကြရသည်။
အဒေါ်ကြီးသည်။ သူမဖခင်၏ အစ်မကြီး ဖြစ်လေသည်။
အမေနှင့် သူမတို့သည် အချိန်အားရသလို အဒေါ်ကြီး၏ ငါးလုပ်ငန်းတွင် မတောက်တခေါက် ဆိုသလို ပါဝင် ကူညီရသည်။ မတောက်တခေါက်ဟု ဆိုရခြင်းမှာ သူမသည် ကျောင်းသူ အရွယ်ကလေးသာ ဖြစ်သောကြောင့် ဖြစ်၏။
အမေသည်ကား နဂိုကတည်းက ထုံထုံအအ၊ အစားထဲက။
အဒေါ်ကြီးသည် အပျိုကြီး ဖြစ်၏။ စကားတွေ ဗျစ်တောက် ဗျစ်တောက်၊ ပြောတတ်သည်မှ လွဲ၍ စေတနာ သဒ္ဓါတရား အလွန် ပြည့်ဝ၏။ တအိမ်လုံးကို သူပင် ဦးစီးဦးဆောင် ပြု၏။
နောက်တော့ အဒေါ်ကြီးသည် ရောဂါဝေဒနာ တခုကို တစတစ ခံစား လာရရာမှ လူမမာတပိုင်း ဖြစ်လာခဲ့ ရတော့သည်။ အလုပ်ကောင်းကောင်း မလုပ်နိုင်သလို သူ့အတွက် ဆေးဖိုးဝါးခပင် အနိုင်နိုင် ဖြစ်လာသည်။
ဆေးရုံက ကင်ဆာဟု ပြောသည်။ မြန်မာဆရာက အသားပိုဟု ပြောသည်။
မည်သို့ပင်ရှိစေ အဒေါ်ကြီးသည် ရင်သားတွင် အကျိတ်ကြီးများ ပေါက်လာသော ရောဂါဖြင့် ... နောက်ဆုံးတွင် ကွယ်လွန်ခဲ့သည်။
သည့်နောက်ပိုင်း သူမတို့ မိသားစု သုံးဦး၏ နေရေးထိုင်ရေး စားသောက်ရေးမှ အစ၊ အစစ အရာရာ ယိုင်နဲ့လာသည်။
အဖေ၏ ပုံမှန်လစာမှာ စားလောက်ရုံမျှသာ ရှိသည်။ အမေက ချက်ရေး ပြုတ်ရေးမှ လွဲ၍ ဘာမှ မလုပ်တတ် မကိုင်တတ်။ သူမက အဒေါ်ကြီး၏ အလုပ်ကို တတ်အားသရွေ့ ဆက်လုပ်ရှာပါသေးသည်။ သို့သော် ကျောင်းက တဖက်နှင့်မို့ ခရီး မတွင်လှချေ။
သူမ ကျောင်းက ထွက်ရလောက်အောင် အထိ ဆိုးရွားလာ ခဲ့ရသော အခြေအနေ မှာကား၊ အမေကိုယ်တိုင် “ဆီး” ကိုင်သော ရောဂါ စတင် စွဲကပ်လာခဲ့ ရသောကြောင့်ပင် ဖြစ်၏။
ဌာနဆိုင်ရာ အလုပ် ဖြစ်သဖြင့် အလုပ်ချိန် ပျက်ကွက်လို့ မရ။ ခွင့်ကလည်း မကြာခဏ ယူနေရသူပါ။
သူမတို့ မိသားစုသည် မြစ်ဆိပ် ကမ်းနဖူး ပေါ်တွင် နေသော်လည်း မြစ်လယ်မှာ လှိုင်းမိ နေသကဲ့သို့ ရှိချေတော့၏။
ဤ အခြေအနေမျိုးတွင် သူမသည် အလိုက်သိ နားလည်စွာပင် မိမိ၏ ကျောင်းစရိတ်၊ ပညာရေးကို အိမ်မှာ ဝိုင်းဝန်း ကူညီရေး ကိစ္စများတွင် ပေးလှူလိုက်ရ ပါတော့သည်။
ပထမတွင်တော့ အဖေက သူမကို ကျောင်းမထွက် စေချင်ခဲ့ပါ။ ဖြစ်သလို ပညာ သင်ကြားပေး ချင်သည်။ သို့သော် လက်တွေ့မှာတော့ သူ ဘယ်လိုမှ မတတ်နိုင်။
အမေကတော့ “မိန်းကလေးပဲ၊ ကျောင်းစာ တော်ရုံဖတ် ပြီးရော” ဟူသော အတွေးမျိုး အရိုးစွဲနေသူမို့ သူမ ကျောင်းထုတ်ရသည့် ကိစ္စအတွက် ဘာမျှ မထူးခြား သလိုပင် နေ၏။
ပြီးတော့ တော်ရုံတန်ရုံ ဟင်းစားကလေး လောက်တော့ သူမ ရှာဖွေနိုင်သည် မဟုတ်လား။ သူတို့ နေထိုင်သော မြစ်ဆိပ်သည် ပင်လယ်ဝနှင့် သိပ်မလှမ်းလှ သောကြောင့် အချိန်အား ရသလို ပင်လယ်ဝဘက် လျှောက်သွားပြီး ခရုကောက် နိုင်သည်။ ရလာသော ခရုကလေးများကို လည်ဆွဲ၊ ရင်ထိုး၊ အရုပ်ကလေးများ စသဖြင့် သူမ လုပ်တတ်သည်။ မြို့လယ်ဈေးမှာ သွားသွင်းသည်။ ဘာပဲဖြစ်ဖြစ် တစ်လ သုံး လေးဆယ်တော့ ဝင်သည်။
ဤသို့အားဖြင့် သူမသည် ကျောင်းပညာရော၊ ပြင်ပ ဗဟုသုတမှာပါ တစတစ ခေါင်းပါး ဝေးသီ လာခဲ့ရတော့သည်။
* * *
သူမ၏ အမည်ရင်းမှာ မသန်းမြ ဖြစ်၏။ ကျောင်းမှတ်ပုံတင်မှာရော၊ ဆီစာအုပ် (ကုန်ဝယ်စာအုပ်) မှာပါ မသန်းမြ။
သို့သော် သူမ ခြောက်တန်း အောင်သော နှစ်မှစ၍ သူမ၏ နာမည်ရင်း မသန်းမြကို 'မြ' ဟူ၍ အဖျားဆွတ် ခေါ်ဝေါ် ကြခြင်းကို ခံခဲ့ရသည်။ ဤသို့ ပြောရသည်မှာ အကြောင်းရှိသည်။ သူသူ ငါငါတို့တွင်လည်း နာမည်ကို အဖုံးဆွတ် ခေါ်ဝေါ်လေ့ ရှိကြသည်မှာ ကမ်ဘာအနှံ့ လူမျိုး ဘာသာ မရွေးပင် ဖြစ်သည် မဟုတ်လား။
ယခု မသန်းမြကို 'မြ' ဟု အဖျားဆွတ် ခေါ်ခြင်းသည်လည်း သူသူငါငါလို ဖြစ်သည် မှန်သော်လည်း ထူးခြားချက်ကလေး တခုတော့ ပါဝင်နေ၏။
ကြားဖြတ် ပြောလိုသည်မှာ မသန်းမြသည် ရုပ်ရှင်ကြည့် အလွန် ဝါသနာပါသူ ဖြစ်၏။ ပိုက်ဆံရှိ သားသမီးများလို ပွဲကလေး ရုံဘကာ လိုက်ကြည့်နိုင်ခြင်း မရှိသော်လည်း သူ့ အခြေအနေ ကလေးနှင့်သူတော့ဖြင့် သူတို့ အသိုင်းအဝန်းမှာ ရုပ်ရှင် ပိုးကလေး ရှိသူ ဖြစ်၏။ စောစောက ပြောခဲ့သလို သုံးလေးလမှာ တခါလောက်တော့ ရုပ်ရှင်ကြည့်ဖြစ် ခဲ့သည်။ အဒေါ်ကြီး ရှိစဉ်က ဆိုလျှင် တခါတရံ တလ တခါလောက် ထိအောင်ပင် ကြည့်ရတတ်သည်။
မည်သို့ပင် ရှိစေ ... မသန်းမြသည် ရုပ်ရှင်ကြည့် ဝါသနာပါ သလို၊ ရုပ်ရှင်မင်းသား မဝ်းသမီးများ ကိုလည်း စိတ်ဝင်စား ခဲ့သည်။ သူမ၏ အိပ်ခန်း နံရံကလေးမှာ ဆိုလျှင် ကောလိပ်ဂျင် နေဝင်း ပုံမှအစ မသန်းရွှေပုံ အထိ ဖြတ်စညှပ်စ ကြော်ငြာ သတင်းစာ အပိုင်းကလေး ... စသည်ဖြင့် စိတ်ထင်တိုင်း တွယ်ကပ်ထား၏။
သို့သော် ... မင်းသမီး မင်းသားများကို ကိုးကွယ်ရာ သဘော အထိ စိတ်ကစား သော်လည်း သူတို့လို ဘဝမျိုး ရောက်ဖို့ကား သူမ မစဉ်းစားပါ။ သို့မဟုတ် စဉ်းစားဖို့ပင် စဉ်းစားချိန် မရသောကြောင့်လည်း ဖြစ်တန်ရာသည်။
ဤနေရာတွင် 'မြ' ဟု သူ့ကို အဖျားဆွတ် ခေဝေါ်ကြခြင်း ထူးခြားချက်ကို ဖော်ပြပါတော့မည်။
တနေ့တွင် ... မသန်းမြ၏ အသက်ထက်ပင် ကြီးပြီဖြစ်သော ရှေးမြန်မာရုပ်ရှင် ဇာတ်ကားဟောင်းကြီး တကား သူတို့မြို့မှာ ပြသည်။ အစ ပထမတော့ လူကြီးပိုင်းလောက်သာ သွားကြည့်ကြသည်။ ကောင်းသည်ဟု မကြည့်ခင် ကတည်းက မှတ်ချက်ကို ချယင်း စားမြုံ့ပြန် ခဲ့ကြသည်။ ပထမ တရက် ပြပြီးသည့် နောက်ပိုင်းတွင်တော့ ယနေ့ခေတ် လူငယ်များပါ ပွဲတိုင်း ရုံပြည့်မျှ အားပေး လာကြသည်။ ရှေးခေတ်ကလည်း ဒီလို မင်းသားမျိုးတွေ အရှိပါကလားဟု အံ့ဩ ကြရသည်။ သူကလေးတို့၏ ပါးစပ်ဖျားတွင် “ခင်မောင်ရင်၊ ခင်မောင်ရင်” နှင့် လှိုင်းပုတ်သံကဲ့သို့ မြည်ဟီး နေတော့သည်။
ထိုဇာတ်ကား၏ အမည်မှာ 'ဗိုလ်အောင်ဒင်'။
မသန်းမြ သည်လည်း ဗိုလ်အောင်ဒင် ဇာတ်ကားကို အလွန် နှစ်ခြိုက်၏။ အများသူငါ ထူးစံ အတိုင်းပင် မင်းသားကြီး ခင်မောင်ရင်ကို စွဲလမ်းမိ၏။ ခုနှစ်ခါ ရှိယင် မိမိ၏ အဘိုးအရွယ်တိုင် ရှိမည်ကို သိရှိခံစား ထားသော်လည်း ဟိုစဉ်က မင်းသား ခင်မောင်ရင် အဖြစ်သာ ယခု စွဲနေမိသည်။
တမျိုးတော့ တမျိုးပါပဲဟု သူမ စဉ်းစားမိခဲ့သည်။
ကိုကျော်တို့၊ ကိုအောင်တို့ကို ကြိုက်သလိုမျိုးလည်း မဟုတ်။
မိုးတွေ အုံ့လာလျှင် ဘယ်လိုလွမ်းမှန်း၊ ဘာကို စိုးရိမ်မှန်း မသိသလိုပင် သူ ခံစားရ၏။
ဒါကို ထားပါအုံး။
ဗိုလ်အောင်ဒင် ဇာတ်ကား ပြုပြီး ကတည်းက သူမအပေါ် ပတ်ဝန်းကျင်က 'မြ' ဟူ၍ ကလူကြည်စယ် သလိုလို၊ ချစ်စနိုးလိုလို 'မြ' ဟူ၍ အဖျားဆွတ် ခေါ်လာကြသည့် ကိစ္စ။
အစကတော့ သူ့ဖာသာ သူပင် သတိမထားမိခဲ့ပါ။ 'မြ' တဲ့။ အခေါ်ခံရတာ ကောင်းလိုက်တာ။ အယင်ကနှင့်မတူ။ ဗိုလ်အောင်ဒင် ကြည့်ပြီးမှကို ပိုပြီး အရသာ တွေ့လာတာ။
ဦးခင်မောင်ရင်၏ နှာခေါင်းသံ သဲ့သဲ့ ကလေးဖြင့် ဒေါ်မေမေဝင်း (မင်းသမီးကြီး မေမေဝင်း) ကို မြရေ - မြရေနှင့် ခေါ်ခဲ့ပုံကလေး တွေကို ကြားယောင်မိ သလိုလို၊ ကိုဘချစ် (မင်းသားကြီး ဦးဘချစ်) က မြရေ ... မြရေဟု ခေါ်သံကလေး ကိုပင် နားစွဲနေ သလိုလို။ မေမေဝင်းက ဇာတ်သိမ်းခါနီးတွင် ကိုဘချစ်ကို လွမ်းသဖြင့် လာခေါ်မည့် ရက်ကို မျှော်ယင်း အလွမ်းသီချင်း (၁၂- လရာသီ) ကို သီဆိုရာ၌ “မြကလေ ... မျှော်ဆဲ” ဆိုသည့် နေရာကလေးတွင် ကလေးတယောက် ချွဲချွဲပျစ်ပျစ် အစာရေစာ တောင်းလိုက်သလို ဆိုလိုက်သည့် အသံပြာပြာကလေး ကိုပဲ ကြားယောင်နေမိ သလိုလို။
သူမ၏ စိတ်ကိုအနှိုးဆွဆုံး ကတော့ ...
“မြ ... နင့် မျက်ခုံးကလေ ... ဟို- မေမေဝင်းလို တမင် ဆွဲထားတာ မဟုတ်ပဲ၊ နဂိုထဲကကို မျှင်မျှင် ကွေးကွေးလေးရယ် ...”
ဟူ၍ သူမ၏ သူငယ်ချင်း အချို့က ပြောကြခြင်းပင် ဖြစ်ပါသည်။
ဤသို့ဖြင့် ဗိုလ်အောင်ဒင် ဇာတ်ကားပြုပြီး ကာလ အတန်ကြာထိ သူမသည် သူမ၏ အသိုင်းအဝိုင်းတွင် 'မြ' ဟူ၍ အတော် ရေပန်းစား လိုက်သေး၏။
သနပ်ခါးစက်များ အပြောက်အမွမ်း ထင်နေသော မှန်ကလေးကိုပင် နေ့တိုင်း အဝတ်ရေစိုဖြင့် သုတ်နေမိသည်။
သို့သော် မသန်းမြ မလှပါ။
အရုပ်ဆိုးမလေး မဟုတ်သော်လည်း သာမန် တောသူမကလေး ရုပ်မျိုး ကိုယ်ထည်မျိုးသာ ရှိရှာသူ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် မသန်းမြသည် သူ အထင်တကြီး ရှိလှသော ရုပ်ရှင် ဇာတ် သဘင် တေးဂီတ ပညာရှင်များကို အထင်ကြီး နေရုံမျှနှင့်ပင် ကျေနပ်နှစ်သိမ့် နေရသည်မှာ သဘာဝကျ လာသည်ဟု ဆိုနိုင်ပေတော့သည်။
* * *
သူတို့ နေထိုင်ရာ မြို့ကလေးသည် မြို့ကြီး ပြကြီးများနှင့် ဝေးသီလှသည် မှန်သော်လည်း သဘာဝ အနေအထားရ သာယာလှ ပေသည်။ တကူးတကန့်၊ အလည်အပတ် ရောက်သူ နည်းပါးလှ သော်လည်း အလုပ် သဘောမျိုးတော့ကား မြို့ကြီး ပြကြီးနှင့် အဆက်အသွယ် မကင်းကွာလှချေ။
မသန်းမြနှင့် ပတ်သက်၍ အထူးအထွေ ပြောရမည် ဆိုလျှင်ကား၊ သူတို့ မြို့ကလေးသို့ နှစ်စဉ် ဇာတ်ပွဲ အလတ်စားများ လာရောက် ဖျော်ဖြေ တတ်ကြခြင်းနှင့်၊ သုံးလေးနှစ် တခါလောက် (ခန့်မှန်းခြေ) ရုပ်ရှင် အဖွဲ့များ လာရောက် တတ်ကြခြင်းပင် ဖြစ်၏။ ရုပ်ရှင်အဖွဲ့ ဆိုရာ၌ ရုပ်ရှင် ရိုက်ကူးရန် လာရောက်ကြသော အဖွဲ့များ ဖြစ်၏။
သူမတို့ မြို့ကလေးသည် သာမန် မြို့အသေးစားလေး ဖြစ်သည် မှန်သော်လည်း၊ ချောင်းစပ်၊ မြစ်ဆိပ်နှင့် ပင်လယ်ဝတို စုပေါင်းဝန်းခြာ နေသောကြောင့် ရိုက်ကွက် ရိုက်ကွင်း သဘာဝ အလှအပကို အခြေခံသော ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများ အဖို့ မျက်စေ့ ကျစရာပင် ဖြစ်ပါ၏။
သို့ဖြစ်လေရာ ...
စောစောက ပြောသလို သုံးလေးနှစ် တခါ ဆိုသလိုတော့ ရုပ်ရှင်ရိုက် အဖွဲ့များ ရောက်လာကြ၏။ သူတို့ ရောက်လာကြပြီ ဆိုလျှင် မြို့ကလေးမှာရော - မသန်းမြတို့ နေထိုင်ရာ ကဲ့သို့သော မြို့စွယ်နေရာ ကလေးများမှာပါ ... သမန်းရှ ခံလိုက်ရသော တံငါကဲ့သို့ ဖျပ်ကနဲ လူးလွန့် သွားတတ်၏။
“ဟဲ့ ... ဘယ်သူ ဘယ်ဝါတွေ ပါလာသတဲ့” ဟူ၍ အံ့ဘနန်း ဖြစ်ကြရ၏။ အထူးသဖြင့် မင်းသား မင်းသမီးနှင့် သရုပ်ဆောင် ဖြစ်၏။ သူတို့ နေထိုင်ရာသို့ အပြေးအလွှား သွားကြည့်ကြ သူတွေပင် အပုံအပင်ကြီး ရှိ၏။ မြင်ခဲ့ တွေ့ခဲ့ ရသူတွေ ကလည်း အမော တကောနှင့် တဆင့် ဖောက်သည်ချ ဂုဏ်ယူ တတ်ကြ၏။
မသန်းမြ တသက်နှင့် တကိုယ်မှာတော့ နှစ်ခါသာ ကြုံကြိုက် ပါသည်။ ပထမ တခါက ရုပ်ရှင်မင်းသား ကြည်စိုးနှင့် မင်းသမီး တင်တင်နွဲ့တို့ ခေါင်းဆောင် ပါဝင်သော ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ရောက်လာကြခြင်း ဖြစ်၏။
သို့ရာတွင် ထိုစဉ်က မသန်းမြ၏ အသက်မှာ အခါလည် သာသာလေး ရှိသေး၏။ လူဟူ၍ သူ့ အဖေ အမေနှင့် အဒေါ်ကြီးလောက်သာ သူ့ဦးနှောက်၌ စွဲထင်စ ရှိသေး၏။ ဒါကိုပင်လျှင် လူအုပ်ကြီးထံမှ ကြားနေရသည်။ ဤသို့ တစွန်းတစ ကြားရလေ၊ တိုက်အတွင်းမှ လူအချို့ကို ရိုးတိုးရိပ်တိတ် မြင်လိုက်ရလေ မသန်းမြ အဖို့ အသဲယားလေ ကြည့်ချင် မြင်ချင်လေ ဖြစ်ရရှာ၏။
အချို့ကလည်း မိမိတို့ မြင်လို့ ဝတော့မှ လူအုပ် အတွင်းမှ ပြန်တိုးထွက်ခါ ...
“အလကားပါ တို့နဲ့ ဘာမှ မထူးပါဘူး၊ လူတွေပါပဲ” ဟု သရော် သလိုလို ပြောပြီး ပြန်ထွက် သွားကြ၏။ သို့သော် ... ထိုလူများ၏ မျက်နှာတွင်ကား ... ကျေနပ်မှု ... ဂုဏ်ယူမှုတို့ကား ဖုံးမရပဲ ပေါ်နေ၏။
မသန်းမြ ကတော့ ထိုသူများကို “မနာလို နေတာ၊ မကြည့်ချင်လဲ နေနိုင်တာ မဟုတ်ပဲ” ဟု ရေရွတ်ယင်း သူတို့ နေရာများသို့ အစားထိုးရန် ဝင်တိုးရှာ၏။
သူမ တိုက်ဝသို့ ရောက်လု နီးနီးတွင် လူအုပ်ကြီးလဲ သက်ပြင်းချသံ၊ ညည်းတွားသံ၊ မကျေနပ်ဟန်၊ အားရပါးရ မြင်လိုက်ရလို့ ကျေနပ်သွားဟန် ... စသည်ဖြင့် ဟန်ပန် အမျိုးမျိုးဖြင့် ပြန် ထွက်လာကြ ပြန်တော့သည်။
အကြောင်းမှာ အိမ်ရှင်က လာရောက် ကြည့်ရှုသူများကို တောင်းပန် တမျိုး၊ ကြိမ်းမောင်း တဖုံဖြင့် အော်လွှတ် နေသောကြောင့် ဖြစ်၏။
မသန်းမြကား ... သည်ကြားထဲမှပင် အိမ်ဝသို့ အပြေးကလေး သွားပြီး ကြည့်လိုက်သေး၏။
မင်းသား အပေါ်တက် သွားပြီ။
မသန်းမြလည်း စိတ်ပန်း လူပန်းနှင့်ပင် အိမ်ပြန်ခဲ့ရ လေသည်။ တလမ်းလုံး စိတ်မကောင်း ဖြစ်နေ၏။ အိမ်ရောက်တော့လည်း ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိ။ ဘာကို မကျေနပ် ရမှန်းလည်း မသိ၊ စာမေးပွဲ မဖြေနိုင် လိုက်ရတာ မျိုးကြီးလည်း မဟုတ်။
ဝမ်းနည်း ပမ်းနည်း ဖြစ်ရသည်တော့ သေချာ၏။
အိမ်ပြန်ရောက်ချင်း သူ့အိပ်ခန်းလေး အတွင်း ပြေးဝင်သွား၏။ ဇီးသီး မဆလထုတ် ထဲမှ ရသော ဇော်ဝမ်း၏ပုံ- ရောင်စုံ စက္ကူလေးကို သူ့စာအုပ်ကြားမှ ထုတ်ကြည့် နေလိုက်၏။
ပိုဆိုးသည်မှာ ... ညနေပိုင်းတွင် သူမ၏ သူငယ်ချင်း တယောက် ပြောသောစကား။
“ငါတို့ နောက်တခေါက် ထပ်သွားသေးတယ်၊ မင်းသားက သဘော ကောင်းပါတယ်၊ သူတို့ကသာ အဖြစ်သဲ နေတာ၊ ဇော်ဝမ်းရော နွဲ့နွဲ့မူပါ တိုက်ရှေ့ ဝရန်တာ ထွက်ပြီး တို့ကို နှုတ်ဆက်တယ်၊ ရီပြတယ်တော့”
မသန်းမြ ငိုချင်မိလေသည်။
* * *
နောက်နေ့နံနက် အိမ်မှု ကိစ္စလေးများ အပြီးတွင် မင်းသားတို့ တည်းခိုသော တိုက်ကြီးရှေ့တွင် မရောင်မလည် သွားဖြစ် သေးသည်။ တိုက်ကြီးကား တိဘ်ဆိတ်နေ၏။ လမ်းပေါ်မှာလည်း ကိုယ့်ကိစ္စနှင့်ကိုယ် သွားလာနေသူမှ လွဲ၍ သူမ တယောက်တည်း။
မသန်းမြသည် တိုက်နှင့် မျက်နှာချင်းဆိုင်ရှိ ကွမ်းယာဆိုင်နား အရဲစွန့် စုံစမ်းလေသည်။
“ဟို ... ဟို ကိုဇော်ဝမ်း၊ ဝရန်တာက ထွက်လာသေးလားဟင်”
“မနေ့ညနေ ကတည်းက ပင်လယ်ဝ ဘက်က ဗိုလ်တဲမှာ တည်းမယ်ဆိုပြီး တဖွဲ့လုံး ထွက်သွား ကြတာပဲ”
ဟု ပြုံးပြီး ပြန်ဖြေသံသည် မသန်းမြ အဖို့ မဟာ ဆုံးရှုံးခြင်းကြီး ဖြစ်သွားစေတော့၏။
ထိုနေ့ မနက်စာ ကောင်းကောင်း စားမရ။ ပြီးတော့ မျက်ရည်တွေက အလိုလို ကျလာတတ်သေး၏။
* * *
အခန်း [၂]
မသန်းမြ ကုသိုလ်ကံ အကျိုးပေး ဟူ၍ပင် ပြောရမလား မသိ။
အဖေ့ ရောဂါသည် ပိုဆိုးလာသည်။ အလုပ်ခွင်မှာ ဂွင်မကျလှပဲ ရှိလာသည်။ တစ်လတစ်လ ခွင့်ယူ ရတာလည်း အားနာလောက်စရာ ဖြစ်နေပြီ။ ဒါထားအုံး၊ ဆေးဖိုးဝါးခကလည်း မသက်သာလှချေ။ နောက်ဆုံး အင်္ဂလိပ်ဆေး မသုံးနိုင်ခင် မြန်မာ့နည်းဟန်ကို ကြားညှပ် သုံးလာရသည်။ ဝါးနက်ရွက်ကို ပြုတ်၍ သကြားကလေး နည်းနည်း ဖျော်သောက်သောနည်း စသဖြင့် ...။
မည်သို့ပင် ရှိစေ။ အလုပ်မှာ ထိခိုက် နေသည်မှာ သေချာသည်။
ဌာနမှူးကတော့ သဘောကောင်းရှာပါသည်။ နားလည်မှုဖြင့် သူ့ကို ဆက်ပြီး အလုပ်လုပ်ခွင့် ပေးထားခဲ့သည်။ သို့သော် သူ့အတွက် တာဝန်တခု ပိုလာသလို ဖြစ်နေ၏။
နောက်ဆုံးတွင်တော့ သဘောကောင်းသော ဌာနမှူးသည် မသန်းမြ၏ အဖေကို အလုပ်တာဝန် ပြောင်းပေးရသော အခြေအနေထိ ရောက်ရတော့သည်။ အခြား မဟုတ်ပါ။ မိမိတို့ ဌာနတွင် လူပိုလို ဖြစ်နေမည့် အတူတူ လက်ရှိ တာဝန်များကို မလုပ်စေတော့ပဲ မိမိလည်း ဝန်ထုပ်ဝန်ပိုး သက်သာသွားပြီး မသန်းမြ အဖေလည်း သက်တောင့်သက်သာနှင့် အလုပ်လုပ်နိုင်စေရန် ပင်လယ်ဝရှိ ဗိုလ်တဲကြီးဆီသို့ တမိသားစုလုံးကို ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်လိုက်တော့၏။
သဘောကတော့ ထိုဗိုလ်တဲကြီး၏ ခြံထောင့် တနေရာတွင် တဲတလုံးထိုးပြီး ခြံစောင့် အိမ်စောင့် သဘောမျိုး နေကြစေရန် ဖြစ်၏။ ခြံထဲမှာပင် သီးပင် စားပင်ကလေးများ စိုက်ပျိုး စားသောက်နိုင်ရန် နေရာပေး၏။
ဗိုလ်တဲ အိမ်မကြီး၏ သန့်ရှင်းရေး စသည်တို့ ကိုတော့ မသန်းမြတို့ သားမိက စေတနာ သဘောဖြင့် လုပ်ကြကိုင်ကြရန် ဖြစ်၏။
တနည်းအားဖြင့် တော့လည်း ကောင်းပါသည်။ အဖေသည် အလုပ်သိပ်ပြီး မလုပ်ရတော့ပဲ ကျန်းမာရေးအတွက် အချိန် ပိုရလာသည်။
ဗိုလ်တဲကြီး၏ တာဝန်မှာလည်း သိပ်မများလှပါ။
အကြောင်းမှာ ထိုဗိုလ်တဲကြီးသို့ လာရောက် တည်းခိုသူ ဟူ၍ မရှိသလောက် ဖြစ်သောကြောင့် ဖြစ်၏။
တခါတရံ ဌာနဆိုင်ရာ အရာရှိများ အလုပ် ကိစ္စနှင့် လာသော အခါ၌သာ ဗိုလ်တဲမှာ အလုပ်ရှိသည်။ အလုပ်ကလည်း သိပ်ပြီး မများလှပါ၊ သူတို့ ရောက်မလာခင် တရက်လောက် ကြိုပြီး တည်းခိုမည့် အခန်းကို သန့်ရှင်းရေး လုပ်ထား၊ သူတို့ ရောက်လာတော့ အိပ်ရာခန်းနား စသဖြင့် ပြင်ဆင်ပေး၊ အိမ်သာ ရေချိုးခန်း သန့်ရှင်း၊ ရေဖြည့်၊ ပြတင်းပေါက် လိုက်ကာ ကလေးတွေ လဲလှယ်ပေး၊ ဒါလောက်သာ ဖြစ်ပါသည်။
အဲ ... အချို့ အရာရှိတွေ ကျတော့ မိသားစုနှင့် အလည် သဘောပါ ရောနှောပြီး ရောက်လာ တတ်ကြသည်။ သည်အခါမျိုး မှာတော့ မသန်းမြတို့ သားအမိမှာ တာဝန်ပို လာသည်။ တာဝန်ပိုလာသည့် နည်းတူ ဝင်ငွေ ဝင်လမ်းလည်း ပိုလာသည်။
ကလေး ကူထိန်းပေး၊ အဝတ် ကူလျှော်ပေး၊ ပင်လယ်ဘက် ဆင်းပြီး အဖော်လိုက်ပေး စသဖြင့် ဧည့်ဝတ် ပြုပေးရ၏။ ထိုအတွက် မုန့်ဖိုးပဲဖိုး ဘောက်ဆူး စသဖြင့် ရသည်။ ဤသဘောမျိုး။
သည်လိုနှင့်ပင် သည်ဗိုလ်တဲကြီးမှာ သူမတို့ မိသားစု ပျော်ရွှင်စွာ နေလာ ရတော့သည်။ လူဆင်းရဲဘသော်လည်း စိတ်ချမ်းသာခဲ့ရ ပါတော့သည်။
အဖေ၏ ရောဂါသည်လည်း မပျောက်သော်ရှိ ပျောက်သော်ရှိ သက်သာ လာခဲ့သည်။ မသန်းမြ၏ ခရု လည်ဆွဲကလေးများ ကလည်း အိမ့်ဆည်းလည်းလို တာဝန်ယူနိုင်သည့် အထိုက် အလျောက်သော အတိုင်းအတာကို ရရှိစေခဲ့ လေသည်။
တနေ့တွင် အဖေကပြော၏။
“မြကလေး ... ကျောင်းပြန် နေချင်စိတ် မရှိဘူးလား”
မြသည် ဝမ်းသာ၏၊ ပျော်သွား၏။ သို့သော် ခေါင်းခါပြ၏။
“မထူးတော့ပါဘူး အဘရယ်၊ ပြီးတော့ ရွယ်တူတွေတောင် ဆယ်တန်း အောင်ကုန်ပြီ၊ တချို့ဆို မြို့ကောလိပ် ရောက်ကုန်ပြီ၊ သမီး ရှက်ပါတယ်”
မြသည် အဖေကို အဘဟုပင် ခေါ်သည်။ ဒေသစွဲ မဟုတ်ပါ၊ ငယ်ငယ် ကတည်းက အလိုလို နေယင်း ခေါ်ယင်းစွဲ ဖြစ်ခဲ့ရသောကြောင့်သာ ဖြစ်၏။
အဖေသည် မသန်းမြအတွက် စိတ်မကောင်း ဖြစ်ရသည်။ တကယ်တမ်း သူမ ကျောင်းပြန် နေချင်သည် ဆိုသည့်တိုင် လတ်တလော ဝင်ငွေနှင့်ပင် မပြည့်စုံသေး။ ဒါ့အပြင် သူမ၏ ဝင်ငွေပင်လျှင် လျော့သွားအုံးမည် မဟုတ်ပါလား။
သို့သော် အဖေသည် တနေ့နေ့တော့ သမီးကို နားချပြီး ကျောင်းပြန် ထားနိုင်အောင် သင်ပေးမည်ဟု အားခဲထားသည်။ အဖေသည် ခေတ်ပညာ မတတ်သော်လည်း အမြော်အမြင်တော့ ရှိသည်။ သမီလေးကို လူတလုံး သူတလုံး ဖြစ်စေဖို့ နည်းအမျိုးမျိုးကို အချိန်ပြည့် စဉ်းစားနေသည်။ ပြီးတော့ သူ့သမီးလေး မသန်းမြသည် သူမတို့ ခေတ်ပြိုင် မိန်းကလေးများ ထဲမှာတော့ စံပြ မဟုတ်သည့်တိုင် လူတော်ကလေး တယောက် ဟူ၍ အဖေ ယုံသည်။
ကြည့် ...။ သူမ အသက် ခုဆို ဆယ့်ခုနစ်နှစ်ထဲ ရောက်နေပြီ။ သည်နေ့ထိ စိတ်လှုပ်ရှား ကစားလွယ်သော အမူအကျင့်မျိုး တခါမျှ မကြုံဘူး မကြားဘူးခဲ့။
ဗိုင်းကောင်းကျောက်ပိ နေတတ်သည်။ ရုပ်ရှင်ပိုးလည်း အယင်ကလောက် မထတော့။ အချိန်အားရလျှင် ခရုပုတီးကလေးများ သီယင်း သီချင်းညည်း နေတတ်သလောက်သာ ရှိသည်။ ဘာတဲ့ ...။
“မြကလေ ... မျှော်ဆဲ ...”
“မြကလေ ... မျှော်ဆဲ ...”
တကယ်တန်း ကျတော့ ဘာကို မျှော်မှန်းပင် သူမ မျက်နှာ၌ အရိပ်မထင်တတ် ရှာပေ။ လိမ္မာလိုက်တဲ့ သမီးလေး ...။
* * *
အခန်း [၃]
“မြကလေးရေ ...”
“အဘ ...“
“မနက်က ဆရာ့ဆီက စာနဲ့ လူတယောက် လာသွားတယ်။ နက်ဖြန် ဧည့်သည်တွေ ရောက်လိမ့်မယ်တဲ့ ... အဲ့ဒါ ...“
“လူများမလား အဘ ... သမီး ဘယ်နှစ်ခန်း ပြင်ဆင်ထားရ မလဲ“
“လူများမယ်တဲ့ကွယ်၊ အပေါ်ထပ်ရော အောက်ထပ်ပါ အကုန် ရှင်းထားမှ၊ ညည်းအမေနဲ့ နှစ်ယောက် လုပ်စရာ လုပ်ထားကြလေ“
“ဟင်... အပေါ်ထပ် လေးခန်း၊ ခြောက်ထပ် နှစ်ခန်းရောပေါ့ ...”
“အေးပေါ့ကွယ် .... ဧည့်ခန်းတွေလဲ ရှင်းထားကြ၊ ကြားလား၊ အဖေလဲ “ဝိုင်းကူ လုပ်ပါ့မယ်”
“နေပါ့စေ ... အဘဖာသာပဲ အေးအေးနေပါ ... သမီးတို့ နိုင်ပါတယ်”
အဖေ နေမကောင်း တကောင်း အခြေအနေမို့သာ အဖေ့ကို နေပါ့စေ ပြောလိုက်ရသော်လည်း တကယ်တန်းကျတော့ သည်ကိစ္စဘွေ အားလုံး မသန်းမြ တယောက်တည်းသာ ဒိုဒ်ခံ လုပ်ရမည်သာ ဖြစ်၏။ အမေသည် အေးအေးလူလူသာ နေတတ်သဖြင့် မသန်းမြကို အနည်းငယ် ကူဖော်လောင်ဖက် ရသည်မှ လွဲ၍ ထိထိရောက်ရောက် မလုပ်နိုင်ချေ။ ကိုယ်ထိလက်ရောက် မလုပ်နိုင်သဖြင့် ပါးစပ်က အမိန့်ပေးပြီး စီမံတတ်သလား ဆိုတော့လည်း မစီမံတတ်ချေ။
မတတ်နိုင်ချေ။
သည်အလုပ် လုပ်ကိုင်စားသောက် နေရသူ မဟုတ်သော်လည်း အဖေ၏ အလုပ်ကို ကူညီသော သဘော ... ပြီးတော့ အိမ်စရိတ် အတွက် အပိုဝင်ငွေ ကလေးများလည်း မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါလား။
* * *
မသန်းမြသည် ရေဟောင်းများ ထည့်ရာ ဒန်ဇလုံဟောင်းကြီး အတွင်းသို့ ကြမ်းတိုက်လက်စ ရေစိုအဝတ်ကို ကြံရည် ညှစ်သလို ညှစ်ထည့်လိုက် ပါသည်။ ဒန်ဇလုံထဲမှ ရေနှင့် အဝတ်မှ ညှစ်ထုတ် လိုက်သော ရေတို့သည် အရောင် အတူတူ ဖြစ်နေပါသည်။ ကြံရည်ရောင်ပင် ဖြစ်ပါ၏။
အဝတ်ဟောင်းကို ရေသစ် ထည့်ထားသော ဒန်အိုးထဲ ပစ်ထည့်လိုက်ပြီး ခါးဆန့်လိုက်သည်။ နဖူးမှ ချေွးသီးများကို လက်ညှိုးဖြင့် သပ်လိုက်သည်။ ကြံရည်ရောင် ချေွးသီးများ လက်ညှိုးများမှာ ပါလာ၏။
ဖုန်များ သဲများကြောင့်လော ... လိမ်းထားသော သနပ်ခါးများ အရည်ပျော် ကျသွား သောကြောင့်လော မပြောတတ်ပါချေ။
ကြံရည်ရောင်ချေွး။
နှာသီးနှင့် ပါးမို့ကြားမှ စီးကျလာသော ချေွးစကလေး တစက နှုတ်ခမ်းသို့ လာထိသည်။ ယောင်ရမ်းပြီး လျှာဖျားကလေးဖြင့် သပ်လိုက်မိသေးသည်။ ငန်ညိုညိ။
ငန်ညိုညိ ချေွး။
“ဟဲ့ ... မြ ... နင်က ငါရောက် နေတာတောင် မသိဘူး၊ ဟင်း ကောင်မ ... ရွှေမင်းသား လာမယ် ဆိုတာနဲ့ ရင်ကွဲနာ ကျအောင် ကုန်းလုပ် နေတာလား”
သူငယ်ချင်းဖြစ်သူ ကျူကျူ၏ အသံကြောင့် အလန့်ထညက် လှည့်ကြည့်မိသည်။
“ဘာရယ် ... ကျူ ... ရွှေမင်းသား ဘာတွေ လာပြောနေတာလဲ”
“ဟင်း ... ကောင်မ ... မသိချင်ဟန် ဆောင်မနေနဲ့၊ သတင်းက မြို့ထဲမှာတောင် ပြန့်နေပြီဟာ ...”
“ငါလဲ မြို့ထဲ မရောက်တာ ကြာပြီပဲ ကျူရယ်၊ အိမ်က အလုပ်တွေ ပိနေလို့ ... ကဲ-ခုလဲ ဧည့်သည်တွေ တပြုံတမကြီး ရောက်လာမယ် ဆိုလို့ တအိမ်လုံးကို တယောက်ထဲ ကုန်းလုပ် နေရတာ ... လူကို ပင်ပန်းနေပြီ”
“အဓိပ္ပါယ် မရှိတာ မြရယ်၊ ဒီမှာတည်းမယ့် ဧည့်သည်ကို ဒီလူက မသိဘူးလို့ ... ဟီဟိ ...”
ပြောင်စပ်စပ် လုပ်နေသော ကျူကျူကို မသန်းမြ နားမလည်နိုင်ချေ။ ယောင်နန ဖြစ်နေသော မသန်းမြကို ကျူကျူက အနိုင်ကျင့်တတ်သော သူငယ်ချင်းမျိုး အပြုံး ပြုံးပြီး ...
“ကိုင်း ... လုပ်မနေနဲ့ ဒီမှာ အော်တိုစာအုပ်၊ တော်ကြာ တို့က သူ့အနား ကပ်ချင်မှ ကပ်ရမှာ၊ ပြီးတော့ လူတွေ ရုန်းရုန်း၊ ရုန်းရုန်း ကြားထဲမလဲ အရေးခိုင်းရမှာ ရှက်လို့ ... ညည်းပဲ ကူညီပြီး ရေးခိုင်း ပေးစမ်းပါ။ ထိုးမြဲ လက်မှတ်ကလေး ရယင် တော်ပါပြီ .... လိပ်စာရယင် ပိုကောင်းတာ ပေါ့ဟယ် ...”
ကျူကျူ လှမ်းပေးသော စာအုပ် ကလေးကို ကိုင်ယင်း မသန်းမြ ကြောင်နေ၏။ မိတ်ဆွေများ၊ ဆွေမျိုးများ၊ နိုင်ငံကျော်များ၏ စာတန်း ကလေးများ၊ အမှတ်တရ ဓာတ်ပုံ ကလေးများ ထိုးမြဲလက်မှတ် ကလေးများကို စုစည်းပြီး အမြတ်တနိုး သိမ်းထားရာ စာအုပ်ရှည်ရှည် လက်တဝါးစာကလေး ...။
ကျူကျူသည် မြို့လယ်မှာ နေသော လူလတ်တန်းစား ကျောင်းနေဘက် သူငယ်ချင်း ဖြစ်၏။ အော်တို စာအုပ်ကလေး ဆောင်ထား တတ်သည်မှာ မဆန်းမှန်း မသန်းမြ သိပါသည်။
သို့သော် ... ခုဟာ ဘယ်သူ့ထံ အရေးခိုင်းမှန်း၊ ဘာကြောင့် ရေးခိုင်းမှန်း ... အို ... ပြီးတော့ ဧည့်သည်တဲ့၊ ရွှေမင်းသားတဲ့။ ရှုပ်လိုက်တာနော် ...။
“ငါ့ကို နားရှင်းအောင် ပြောစမ်းပါ ကျူကျူရယ်”
ကျူကျူ တွေသွား၏။
“ဟဲ့- နင်တကယ် မသိဘာလား”
ပြီးတော့ ကျူကျူသည် မသန်းမြကို သနားကရုဏာ ဖြစ်သွား၏။ အားလည်း အားနာမိ လေသည်။ အဘယ်ကြောင့် ဆိုသော် ... ဟုတ်သားပဲ ... မသန်းမြသည် သူတို့ သူငယ်ချင်းတွေ ထဲမှာ အဆင်းရဲဆုံး၊ ရှစ်တန်းနှင့် ကျောင်းထွက် လိုက်ရပြီး တံငါသည် တပိုင်း ဖြစ်နေသူ ကလေး။
“ဆောရီးပဲဟယ်၊ နင်တကယ် မသိတာလား၊ နှင့်အဖေတို့ ကလေ ပြောမပြဘူးလား”
“ဟေ့အေး”
“ဟယ်တော့ ... အံ့ပါရဲ့၊ နက်ဖြန် နင်တို့ ဗိုလ်တဲမှာ ရုပ်ရှင်အဖွဲ့ လာတည်းမယ် လေဟာ၊ အဲဒါ ကိုတာ ပါမယ်တဲ့”
“ဟင် ...”
မသန်းမြသည် အာမေဍိတ် ကလေး မပွင့်တပွင့် ပြုယင်း ဆတ်ကနဲပင် တုန်သွားမိ၏။ ကိုတာ ... တဲ့။ ကိုတာ ...။
ရုပ်ရှင်မင်းသား “ကိုမျိုးတာ” သည် ကနေ့ နာမည် အလွန် ကြီးနေသော မင်းသား ဖြစ်၏။ လူငယ်ပရိသတ်က အထူးသဖြင့် နှစ်ခြိုက်၏။ ကြိုက်၏။ နာမည်ကိုပင်လျှင် “ကိုတာ” ဟူ၍ အဖျားစွတ်ပြီး ခေါ်ကြသည် အထိ။ မိမိတို့နှင့် တအိမ်တည်း နေသော မိသားစု တဦးလိုပင် သူတို့ စိတ်ထဲမှာ ထားကြ၏။
မသန်းမြ၏ ရင်တွင် အတန်ကြာ ငြိမ်နေပြီးမှ ရုတ်တရက် အမှတ်မထင် ပေါက်ကွဲလာသော မီးတောင်ဟောင်း တခုကဲ့သို့ ဘာမှန်း မသိသော ခံစားမူတခု ဝင်လာ၏၊ ဝမ်းသာသလို ကြောက်လန့် သွားသလိုလို။
“ကိုတာ” ကို စွဲလမ်းသူများ ထဲတွင် မသန်းမြလည်း ပါပါသည်။ ရှစ်တန်းကျောင်းသူ ဘဝကဆိုလျှင် ဓာတ်ပုံ ပို့ပေးပါနော်။ ခင်မင်တတ်ယင် စာပြန်ပါနော် ... (ဟုတ်သည် မဟုတ်သည် အပထား) “ကိုတာ့ ကားတွေဆို မလွတ်တမ်း ကြည့်တာရယ်ပါ။ မာနများ ကြီးတတ်သလား ဟင် ... စသော သနားစဖွယ် ခရာတာတာ မိတ်ဆက်စာ ကလေးများပင် ရေးမိခဲ့ဖူး၏။ စာပို့သမား၏ အလာကို မျှော်ရသည် မှာလည်း နေ့လား ညလား ဆိုသလိုပင် ပြန်စာလေး ရေးပို့ ဖြစ်ခဲ့လျှင် ဓာတ်ပုံဘောင် အလွတ် တခုမှာ ကပ်ပြီး နံရံမှာ ချိတ်ထားမည် ဟူ၍ပင် သူ စိတ်ကူးကလေးတွေ ယဉ်ခဲ့ဖူး၏။
သို့သော် တကယ်တန်း လက်တွေ့ ဘဝသည် သူမ၏ စိတ်ကူး ကလေးများကို ရယ်မော လှောင်ပြောင်လျက်။ ခရု ကလေးများ ရှိရာ သဲသောင်ပြင်နှင့် ငါးညှီနံ့ သင်းနေသော တံငါတဲကလေးများ ဆီသို့ ခေါ်ယူ သွားခဲ့သည်မှာ နှစ် အတန်ကြာခဲ့ပြီ မဟုဘ်လား။
ဟော ... ခုတော့လည်း သူမ ရှိရာသို့ ရွှေမင်းသား ကပင် အရောက်လာတော့ မတဲ့။ မြရတော့မှာပဲဟု စိဘ်ထဲတွင် ကြည်နူးမိ ပြန်သည်။ မှန်၏။ မြင်ရတော့မှာပဲ ...ဟူသော မျှော်လင့်ချက်ထက် တဆင့် တက်ဖို့ရာ စိတ်ကူးဖို့ပင် စိတ်မကူး နိုင်ပါ ... မဟုတ်လား။
“ကဲ ... ငါ မြို့ထဲ ပြန်အုံးမယ်၊ နင် ကူညီ ပါဟယ်နော်၊ ပြီးတော့ သူတို့က ဒီပင်လယ်ဝမှာပဲ ရိုက်မှာဆိုတော့ ငါလဲ လာကြည့်အုံးမှာပါ၊ ဒါပေမယ့် နင်က အနီးကပ် နေရမှာပါ၊ ဒါပေမယ့် နင်က အနီးကပ် နေရမှာ ဆိုတော့ ပို အခွင့်အရေး သာတာပေါ့၊ ငါရှက်လို့ပါဟာနော် ...”
ပြောပြောဆိုဆိုပင် ကျူကျူသည် ခုန်ပေါက် ပြေးလွှားသွားယင်း သူ့ စက်ဘီးကလေးကို အသော့နင်း၍ ပြန်သွားလေ၏။ မသန်းမြသည် အော်တိုစာအုပ် ကလေးကို ကိုင်ယင်း ငေးနေရာမှ လက်ခုံကလေးကို နှုတ်ခမ်းပေါ်သို့ ဖွဖွကလေး ဖိလိုက်မိ၏။ ကြံရည်ရောင် ချေွးစတို့သည် ကြံရည်လို ချိုနေပြန် ပါလား။
အိမ်ဘက်သို့ ထွက်ပြေးလာမိသည်။
* * *
“အဘ ... အဘ”
အမောတကော သံဖြင့် အော်လိုက်မိသည်။
“ဟဲ့- မြကလေး၊ ဘာဖြစ် လာတာတုန်း၊ အမောတကောနဲ့”
မသန်းမြသည် ကလေးငယ် တယောက်ပမာ သူ့အဖေ၏ လက်ကို ဆွဲယင်း ...
“ဟင်- အဘတို့ မကောင်းဘူး၊ ဘယ် ... ဧည့်သည်လာမယ် ဆိုတာတောင် သမီးကို ကြိုမပြောဘူး”
သူမ၏ အဖေကလည်း ဘာမှန်း ညာမှန်း မသိသလိုပင် ကြောင်တွေတွေ လုပ်နေပြန်သည်။
“ဘာပြုလှိ့တုန်း မြကလေးရဲ့၊ ဘယ်ဧည့်သည်ပဲ လာလာ ကြိုပြီး သန့်ရှင်းရေး လုပ်ရမှာ အဖေတို့ တာဝန်ပဲ၊ ပြီး အရာရှိ စာထဲမှာကလဲ ဗိုလ်တဲ ရှင်းဖို့နဲ့ အရေးကြီးတဲ့ ဧည့်သည်တွေမို့ ဂရုစိုက်ဖို့ပဲ ပါတာပဲဟ"
“အဲဒါပြောတာပေါ့ အဘရဲ့၊ ခု လာမှာက ကိုတာ ... တို့ဆို"
“ဘယ်က ကိုတာလဲကွယ့်”
“မင်းသားလေ အဘရဲ့၊ ရုပ်ရှင်မင်းသား ကိုမျိုးတာလေ”
“ကွယ်- သူ့ဘာသာသူ ဘာဖြစ်ဖြစ်ပေါ့၊ အဲ့ဒါများကွယ်”
ထိုအချိန်တွင် မီးဖိုချောင်ထဲမှ စကား အလွန်နည်းသော အမေ့အသံသည် စာစာကလေး ထွက်လာ၏။
“ဪ- ဟုတ်ပါ့၊ မနက်ကတော့ ဈေးထဲမယ် အကြား လိုက်သား၊ ရုပ်ရှင်သမားတွေ ဒီကို ရောက်မယ် ဆိုလား”
မသန်းမြသည် သူ့အခန်းကလေး ထဲသို့ ပြေး၊ ကျူကျူ အော်တိုစာအုပ် ကလေး ခေါင်းအုံးအောက် ဝှက်ပြီး ဗိုလ်တဲကြီး ဆီသို့ ပြန်ပြေးခဲ့ ပြန်သည်။
ဗိုလ်တဲအဝင် တံခါးမကြီး အဝတွင် ခါးထောက်ရပ် လိုက်၏။ ခန်းမကြီး တခုလုံးကို မျက်လုံးကစား နေလိုက်သည်။
“အင်း ... အစကနေ ပြန်ပြီး ရေပတ်တိုက်မယ်”
* * *
အခန်း [၄]
နေခြည်နုကလေးသည် ညက ရွာခဲ့သော မိုး၏ အငွေ့အသက်များ ကြားမှ ပြုံးပြုံးကြီး ယပ်တောင်ခတ်လျက် ဝင်ရောက်လာ လေသည်။
မသန်းမြသည် စောစောစီးစီးမှာပင် အိပ်ရေး တဝကြီးဖြင့် နိုးနှင့်လေပြီ။ တနေ့လုံးလည်း ပင်ပန်းခဲ့ပါ၏။ တညလုံးလည်း မှေးကနဲ ပျော်လိုက်၊ အိပ်မက် မက်လိုက်၊ ပြန်နိုးလိုက်နှင့် အိပ်ရေးမဝ ဖြစ်ခဲ့ပါ၏။ သို့သော် သည်မနက်မှာတော့ ဘယ်လိုမှန်း မသိ လန်းဆန်း နေပါသည်။
“ဟယ် ကြည့်စမ်းပါအုံး၊ ကိုတာ လာမယ် ဆိုတာနဲ့ အချိန် နောက်ကျနေခဲ့သော ပိတောက်ပန်းတွေပင် ရုတ်တရက်ပွင့်နေ ပါပကော“
ဗိုလ်တဲဝင်းကြီး အတွင်း ရှိသမျှ ပိတောက်ပင်တွေ ဝါထိန်လို့ ပါလား။
ဒါနဲ့ ရွှေမင်းသားတို့ ဘယ်အချိန်များ ရောက်လာမှာတဲ့တုံး။
အို ... ဘာဆိုင်လို့တုန်းတဲ့။
ဟော ... ကားသံတွေ ကြားတယ်။
ဟယ် ... ဟုတ်ပါဘူး။ ပင်လယ် လှိုင်းပုတ်သံတွေပါ။
မျက်နှာကြိုသစ် ထားမည်ဟု စိတ်ကူးယင်း နောက်ဖေး ရေကပြင်ဘက် ထွက်လာခဲ့၏။ သူမ သီချင်းညည်း ပြန်သည်။
မြကလေ ... မျှော်ဆဲ ...။
* * *
နံနက် ဆယ်နာရီလောက် ကျမှ ဒေါ့ဂျစ်ကား တစီး၊ ဒတ်ဆန်းကား တစီး လူ အပြည့် ပစ္စည်း အပြည့်နှင့် ခြံဝမှာ လာဆိုက်သည်။ လူတယောက် ဆင်းလာပြီး သူမတို့တဲဆီသို့ လျှောက်လာသည်။
မသန်းမြသည် ရင်ကလေး တခုန်ခုန်နှင့် ငရုတ်သီး ထောင်းယင်း စိတ်တိုနေသည်။ မနက်ကလည်း သူလာမည် ဆို၍ အစောကြီး ထပြီး ရေခတ်ရတာ အမော။ ရေခတ်ရတာကို ရေးကြီးခွင်ကျယ် ပြောရတာမှာ လိုအပ်သည်ထက် ပို၍ ရေတွေ တပုံးပြီး တပုံး မမောတမ်း ခပ်နေမိသောကြောင့် ဖြစ်၏။ ထိုတဲ(ဗိုလ်တဲ?) နှစ်ထပ်စလုံး လုံလောက်အောင် ရေဖြည့်ပြီးသည့် တိုင်အောင် ဗိုလ်တဲဘေးမှ ရေကန်ထဲသို့ပါ မလိုအပ်ပဲ ရေဖြည့်ထားခဲ့မိသည်။
အထူးသဖြင့်မူ ဗိုလ်တဲတွင် အကောင်းဆုံးဟု သူမ သတ်မှတ်ထားသော အခန်းကို အသန့်ဆုံး ဖြစ်အောင် သူမ ပြင်ဆင် ထားမိသည်။ ဘာပဲဖြစ်ဖြစ် မင်းသားကိုတော့ အကောင်းဆုံး အခန်းမှာ ထားကြမှာပဲပေါ့။
ဟော ... အခု သူတို့ ရောက်လာပြီ ဆိုကာမှ အမေက သူမကို မီးဖိုဆောင် တာဝန်ပေးသည်။ အမေ မကောင်းဘူး။ အမေကိုရော အဖေ့ကိုပါ စိတ်တိုရသည်။ ကြည့် ... သော့တွဲကြီး ကိုင်ပြီး အဖေ ထသွားသည်။ အမေက နောက်တော်ပါးက ကော့လန် ကော့လန်နဲ့ အလုပ်မရှိ အလုပ်ရှာပြီး လိုက်သွားသည်။ ဒီကဖြင့် လုပ်လိုက်ရတာ။
ဆူသံပူသံများ၊ ရယ်မောသံများ၊ ပစ္စည်းရွှေ့သံ ချသံများ ယေက်ျားမိန်းမ သံစုံကို မီးဖိုထဲမှ ကြားရလေလေ ဖင်တကြွကြွ ဖြစ်ရလေ။ ပြီးတော့ ခါးကြားထဲ အဆင်သင့် ညှပ်ထားသော ကျူကျူ၏ အော်တိုစာအုပ် ကလည်း ခိုးလိုးခုလု။ ရောက်ရောက်ချင်းပဲ ရေးခိုင်းရတော့ မလိုလို ထင်နေမိသည်။ ထင်နေမိသည် ဆိုသည်ထက် ဘာမှန်းကို မသိပဲ အဆင်သင့် လုပ်ထားမိခြင်း ဖြစ်တန်ရာသည်။ သူ့ အတွက်ပါ စာရွက်တခုနှင့် ရေးခိုင်းရ ကောင်းနိုးနိုး။ ဒါမှမဟုတ် ကျူကျူ၏ စာအုပ်မှာပင် နှစ်ခု ရေးခိုင်းရ ကောင်းနိုးနိုး စဉ်းစားမိသေး၏။
မသန်းမြသည် ကလေးငယ် တယောက် မနက်ဖြန် သင်္ကြန် ကျမည်ကို ဒီည ကတည်းက နို့ဆီခွက် ဖက်အိပ်ထား သကဲ့သို့ ဖြစ်ခဲ့ရ လေသည်။
ဘာပဲဖြစ်ဖြစ်။ ခုတော့ အမေက သူ့ကို ငရုတ်သီးထောင်း ခိုင်းထားရစ်သည်။ စိတ်ပျက်လိုက်တာ ...။
ငရုတ်သီးယင်လည်း မြန်မြန်ညက်မှ အလုပ်ယင်လည်း မြန်မြန်ပြီးမှ ...
သူမသည် ဗိုလ်တဲမကြီးဘက်ဆီမှ ပစ္စည်းရွှေ့သံ၊ လူသံဆူသံများကို ကာကွယ်ရန် အလို့ငှာ ဆုံနှင့် ကျည်ပွေ့တို့ ထိခတ်သံကို ပို့၍ ပြင်းထန် နေစေတော့သည်။
* * *
ခဏကြာတော့ အမေ ပြန်ရောက်လာ လေသည်။ ခြေသံကြား ကတည်းက အမေမှန်း သိပါသည်။ သို့သော် သူ မလှည့်ကြည့်ပါ။ စိတ်မရှည်မှန်း ပို၍ သိသာစေရန် ဆောင့်ကြောင့်ထိုင်ယင်း ငရုတ်သီးကို ထောင်းနေ၏။
“ဟဲ့ ... သမီး မြကလေး၊ ဟိုမှာ ညည်းအဖေ တယောက်တည်း သွားပြီး ဝိုင်းပြီး ကူလိုက်အုံး၊ လူတွေ များလွန်းလို့ ငါလဲ ငြီးစီစီ ဖြစ်လာပြီ“
သူမသည် ချက်ချင်းပင် အမေ့ကို ကျေးဇူးတင်မိ ပြန်သည်။ စိတ်တို နေသည်များလည်း ချက်ချင်း ပျောက်သွား၏။ မဆိုင်းမတွပင် ဗိုလ်တဲမကြီး ဘက်သို့ ပြေးလေသည်။
ကြည်နူးပျော်ရွှင် နေရပါလျက် သူမသည် စိတ်တိုစဉ်ကလို ဘာကြောင့် တဒိတ်ဒိတ် ခုန်ရပါသနည်း။
* * *
ဗိုလ်တဲပေါ်မှာ လူတွေ တလှေကြီး ယောက်ယက်ခတ် နေကြသည်။ လူတန်းစား နှစ်မျိုး တွေ့နိုင်သည်။ သူမ၏ အဖေလို အခြေအနေမှန်း သိသာစေသော လူများနှင့် အထက်တန်း ကျသည် ခေါ်ရမလား ... သားသားနားနား ရှိသည် ခေါ်ရမလား အိုက်တင်နှင့် နေကြသည် ခေါ်ရမလား ... သူမ မပြောတတ်သော လူနည်းစုတို့ ဖြစ်ကြ၏။
ထိုလူနည်းစုတို့သည် မည်သူမင်းသား၊ မင်းသမီးမှန်း၊ မိတ်ကပ်ဆရာမှန်း၊ ဇာတ်ရံတွေမှန်း၊ လူရွှင်တော်တွေမှန်း ... မှန်းဆ၍ မရနိုင်ပါ။ အားလုံးတို့သည် ဆေးရောင်စုံကို အဝတ်မှာရော မျက်နှာမှာပါ ခြယ်သ ထားကြ၏။ ဆင်ဆင်တူတွေချည်း။
သူမသည် ထိုလူစုများ ကြားတွင် မယောင်မလည်သာ ရပ်နေမိသည်။ ဘာလုပ်၍ ဘာကူညီရမှန်း မသိ အဖေ ကိုယ်တိုင်လည်း ထောင့်ကွေး တခုတွင် ခပ်ရို့ရို့ကလေး ရပ်နေရှာ၏။
သူမ၏ စိတ်တွင် လတ်တလော အလောတကြီး တွေ့ချင်သူကား ရွှေမင်းသား၊ သူဘယ်မှာ(ပါ့မလဲ?)၊ သူ့ကိုတော့ မြင်မြင်ချင်းပင် မှတ်မိနိုင်ပါသည်။ တောင်မြောက်လေးပါးကို မျက်လုံးကစား ကြည့်သည်။ ရွှေမင်းသားကို မတွေ့ရချေ။
နာရီဝက် တနာရီလောက် ကြာမည် ထင်သည်။ ထိုအခါကျမှ သူမ မသိသော ဆေးရောင်စုံ အမျိုးသမီး နှစ်ယောက်၏ စိတ်ပျက်ဖွယ် စကား အချီအချ ပြောသံကို ကြားရ၏။
“မထူးပါဘူးဟယ် ... မမနဲ့ပဲ ဟိုဘက်ခန်းမှာ စုအိပ်တာပေါ့“
“ဟိုလွတ်နေတဲ့ အခန်းကကော”
“မင်းသား တည်းဖို့လေ”
“ဟင် ... သူက မြို့ထဲမှာ တည်းတယ်ဆို”
သူမ စိတ်ပျက်ရ လေပြီ။ ဘာကြောင့်မှန်း မသိ ဝမ်းနည်းရ ပြန်သည်။ ဟော ... ရင်တွေလည်း ခုန်လာပြန်ပြီ။
အဖေနှင့် အတန်သင့် ကူညီချင်ဟန် ဆောင်ပြီးနောက်၊ အမေ ကဲ့သိုပင် ပင်ပန်းချင်ဟန် ဆောင်ပြီး အိမ်ပြန်ခဲ့သည်။
အိမ်ရှေ့တွင် အမေနှင့် လူတယောက် စကားပြောနေသည်။ ထိုသူကိုတော့ သူမ ကောင်းကောင်း သတိထားမိသည်။ ထိုသူသည် အကျႌ အကြောင်အကြား ဝက်ထားပြီး စောစောက လူအုပ်ထဲတွင် ဟိုနေရာ သည်နေရာ အနှံ့ လျှောက်သွားနေသူ ဖြစ်သည်။ ဘာရာထူး ရှိမှန်း မသိသော်လည်း အရေးပါမှန်းတော့ သိသာသည်။
ထိုသူနှင့် အမေတို့သည် ထိုနေ့ မနက်စာ ညစာအတွက် သူတို့ ရုပ်ရှင်အဖွဲ့များ ထမင်းဟင်း ကိစ္စကို တိုင်ပင် နေကြသည်။ သားငါးဟင်းလျာ ဝယ်ယူ ရရှိရေး ဖြစ်သည်။
အမေက သူမကို ထိုသူနှင့် မိတ်ဆက်ပေးသည်။ လိုအပ်တာရှိ ခိုင်းပေါ့တဲ့။
ထိုသူက သဘောကောင်းပုံ ရသည်။ လည်လည်ပတ်ပတ် ရှိပုံ ပေါ်သည်။ သူ လောလောဆယ် လိုအပ်သည်များ ကိုလည်း မှာကြားသည်။ ထိုအထဲတွင် ...
“အော် ... ဒါနဲ့ ခလေးမရယ် ပင်လယ်ငါး အကြီးစားခြောက် ကလေးများ တပိဿာလောက် ရယင် ဝယ်ချင်လို့”
“အခုလား ဦး ...”
“ရထားယင်တော့ ကောင်းတာပေါ့၊ မင်းသား အပြန် အပြန်လက်ဆောင် ပေးလိုက်ချင်လို့”
မသန်းမြ အတွက် ပျော်စရာ အကောင်းဆုံး အခိုင်းပင် ဖြစ်လေသည်။
“ရပါတယ်၊ ကျွန်မ ခဏနေ လာပို့ပါမယ်”
“ကိုင်း အဒေါ် ... ခုန ကျွန်တော် ပေးထားတဲ့ အထဲကပဲ ဝယ်ထားပေးပါ။ နောက်မှ စာရင်းရှင်းပါ့မယ်” ဟု ထိုသူက ပြောယင်း ထွက်သွားသည်။
မသန်းမြသည် ချက်ချင်း မဆိုင်းပင် အိမ်မှာ အသင့်ရှိသော ငါးခြောက် တပိဿာခန့်ကို ထုပ်နေမိ လေတော့သည်။
ပြီးတော့ ချက်ချင်းပင် ဗိုလ်တဲဆီသို့ အထုပ်ဆွဲပြီး ပြေးခဲ့သည်။ ထိုလူကြီးကို ရှာသည်။ ငါးခြောက်ထုပ် ပေးယင်းက ဘယ်လို သတ္တိတွေ ဝင်လာသည် မသိ။
“ဒါနဲ့ ဦး ... မင်းသားက ဘယ်တော့ လာမှာလဲဟင် ...”
“ညနေဘက် ရောက်မလား မနက်ဖြန် မနက် ရောက်မလားပဲ”
“ဒါဆို ...”
တော်တော်နှင့် စကားမထွက်။ ကျူးကျူ ထားရစ်ခဲ့သော အော်တိုစာအုပ် ကလေးကိုကား ခါးကြားမှ ထုတ်မိလျက်သား ဖြစ်နေ၏။ ထိုလူကြီးက ဘာကို သဘောပေါက်မှန်း မသိ ... ရယ်ပြီး ...
“အေးပါ ... ငါ ရေးခိုင်းထား ပေးပါမယ် ဟုတ်လား”
ပျော်လိုက်တာလေ။ ကျူကျူရယ် မပြောပါနဲ့တော့ ...။
* * *
ထင်တော့ အထင်သား၊ ညက ကိုးနာရီလောက်မှာ ဗိုလ်တဲရှေ့မှာ ကားတစီးရပ်သံ ကြားခဲ့သည်။ လူသံဆူသံ ကြားခဲ့သည်။ မင်းသားအတွက် ထားသည်ဆိုသော အခန်းမီး လင်းခဲ့သည်။ ရေချိုးခန်း အိမ်သာခန်းဆီမှ ရေသုံးသံ၊ ထိုရေများ ရေတောက်လျှောက်မှ စီးကျသံများ ကိုလည်း ညဉ့်လယ်အထိ မကြာ မကြာ ကြားခဲ့ရသည်။ ဪ ... ငါခပ်ထားတဲ့ ရေတွေ သူ ချိုးမှာပဲ ... သုံးမှာပဲ။ မျက်နှာသစ်မှာပဲ။ ပြီးတော့ ... အို ညကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့။
ခုတော့ ထင်သည့် အတိုင်းပင်။
ညက မင်းသားရောက် သတဲ့။
သို့သော် မနက်က အစောကြီး နေထွက်ချိန် နေလုံးကြီးပါ ပါအောင် ရိုက်ရန်အတွက် မင်းသား အပါအဝင် လူတချို့ ပင်လယ်ဘက်သို့ ရုပ်ရှင်ရိုက် ထွက်သွားကြပြီတဲ့။
အစောကြီးထ သနပ်ခါးလူးပြီး ဗိုလ်တဲဘက် ပြေးလာခဲ့မိသည်မှာ ရှက်စရာကြီး။
ပင်လယ်ဘက် ရုပ်ရှင်ရိုက် ထွက်သွားသည် ဆိုတော့လည်း ဗိုလ်တဲကြီးသည် အယင် ဘယ်သူမှ မတည်းခင်က ထက်ပင် ပို၍ ခြောက်သယောင်း နေ၏။ တနေ့လုံး နေမထိ ထိုင်မသာ။ သို့သော် ညနေတော့ သူ ပြန်လာမှာပါ။
သည်ကြားထဲ ဟိုလူကြီး ခိုင်းခဲ့သမျှတွေ ကိုလည်း ထုံးစံ အတိုင်းပင် အမေက သူမကို တာဝန် လွှဲပြောင်းပေး ပြန်၏။
မောရတဲ့အထဲ ... မောရလိုက်တာ။
* * *
အခန်း [၅]
ညနေစောင်းပြီ။
သူတို့ ပြန်လာကြပြီ။
ခြေဖဝါးတွေ ယားလိုက်တာ။ ပြေးတွေ့ လိုက်ချင်သည်။ သို့သော် ခုနှယ် သွားတွေ့တော့ကော ဘာထူးမှာတဲ့တုန်း။ ညစာ ထမင်းစားချိန်လောက်မှ မယောင်မလည် သွားတော့မည်ဟု စိတ်ကူးသည်။
သို့သော် ဟိုလူကြီး အူယားဖားယား ပြေးလာသည်။
“ဟဲ့ ကလေးမ၊ မနက်က ငါးခြောက်မျိုး နောက် တပိဿာလောက် ရအုံးမလား”
“ဘာလုပ်ဖို့လဲ ဦး”
“မင်းသားက ကြိုက်လိုတဲ့၊ ထပ်ဝယ်ခိုင်းတာ”
သူမ မဆိုင်းတော့ပါ။ အိမ်မှာ လက်ကျန်နည်း နေသည်မို့ ဟိုဘက်ခြံမှ တံငါသည်တွေထံ ပြေးခဲ့မိသည်။ ချက်ချင်းပင် ဝမ်းသာအားရ ထုတ်ပေးလိုက်သည်။
ဪ ... သူကြိုက်သတဲ့။ တတ်နိုင်ယင် အလကား ပေးချင် လိုက်တာ။
ဟိုလူကြီးသည် အထုပ်ကို ရသည်နှင့် ဗိုလ်တဲဘက်သို့ ပြန်ပြေး တော့သည်။
“ဦး ဦး ...”
ဟိုလူကြီးက ရပ်လိုက်၏။
“ဟို ...ဟို”
“ဪ ... အေးပါ၊ ငါရေးခိုင်း ထားပြီးပါပြီ၊ ညမှ ယူတော့။ ခု သူက ပြန်တော့မှာ၊ ဒါကြောင့် ငါ့မလဲ ပြေးဟယ် လွှားဟယ် ဖြစ်နေတာ”
မသန်းမြသည် ပြေးထွက်သွားသူ လူကြီးကို ကြည့်ပြီး ငေးကြောင် နေမိသည်။ တခုခု ပြုတ်ကျ လွင့်စဉ် သွားသလိုလည်း ခံစားလိုက်ရသည်။
သူ ပြန်တော့မှာတဲ့။
ဘယ်လို ဘယ်လို စိတ်ကူးပေါက်မှန်း သူ့ဖာသာပင် သူ မသိလိုက်။ ဗိုလ်တဲဘက်သို့ ပြေးလိုက်ခဲ့မိသည်။
ကြည့်စမ်း ... ဗိုလ်တဲနား သူ အရောက်။ ကားသစ်ကလေး တစင်း ထွက်တော့မည်ကို လှမ်းမြင်လိုက်သည်။ ဟိုလူကြီးက နောက်ခန်းမှ တစုံတယောက် လက်သို့ ငါးခြောက်ထုပ် လှမ်းပေးသည်။ ထိုစဉ် ကားထွက်သွား၏။ သူမ ပြေးယင်းလွှားယင်း ကြည့်လိုက်သည်။ ရိပ်ကနဲတော့ မြင်လိုက်ရ၏။ ဟုတ်မှာပါ။ သူပဲ ဖြစ်မှာပါ။ ဆံပင် နောက်စကလေးများ ကော့နေတာ သူမှ သူ အစစ်။ ဟုတ်မှာပါ။ ကားကလေး ဝေးသွား၏။
ဟင် ... ဘယ်က ကျလာပါလိမ့်မလဲ။
မျက်ရည်တွေ။
ခဏ ကြာတော့မှ ပျာယီးပျာယာ လှုပ်ရှား နေခဲ့သော ဟိုလူကြီးသည် တာဝန်ကြီးတခု ပြီးသွားသလို သက်ပြင်းချပြီး ပြန်လှည့် လာသည်။
သူမကို မြင်တော့ အနားကို လျှောက်လာသည်။ သူ၏ လက်ဆွဲအိတ် ထဲမှ ကျူကျူ၏ အော်တိုစာအုပ်လေးကို ထုတ်ယင်း ...
“ငါ မမေ့ပါဘူးဟ ... ရော့”
သူ မယူရဲ ယူရဲ လှမ်းယူမိသည်။ ဟိုလူကြီးကို ကျေးဇူးတင်သလို ဒေသဖြစ်သလို ဖြစ်မိသည်။
“ငါ့နှယ်ဟာ ... မင်းသားကလဲ ဒီတရက်ပဲ ရိုက်ပေးနိုင်တာ ပြီးတော့ နေ့လယ်ကလဲ မိုးတွေညို့ လာလို့ ကားရိုက် ပျက်ပြီတောင် ထင်နေတာ”
စသည်ဖြင့် ဘာတွေမှန်း မသိ ရေရွတ်ယင်း ဗိုလ်တဲပေါ်သို့ တက်သွား လေတော့သည်။
* * *
သူမသည် အော်တို စာအုပ်ကလေးကို အလျင်စလို လှန်ကြည့် လိုက်၏။ နောက်ဆုံးပိုင်းကျကျ စာမျက်နှာသစ်တွင် မင်းသား၏ လက်ရေးဟု သူထင်သော စာကြောင်း ကလေးကို တွေ့လိုက်ရသည်။
တူမလေး ...
စာမေးပွဲ အောင်ပါစေကွယ်။
(... ... ... ...)
လက်မှတ် ထိုးထားသည်။ အမည် ရေးထားသည်။ လက်မှတ်သည် အင်္ဂလိပ်လိုလား၊ ဗမာလိုလား ဖတ်မရပါ။
သူမ ခေါင်းငိုက်စိုက် ချ၍ အိမ်ဘက်သို့ လျှောက်လာမိသည်။ ခြေလှမ်းတွေ လေးနေ၏။ ပြီးတော့ ... တူမလေး ဆိုသည်မှာ သူ့ကို ရည်ရွယ်သလား ကျူကျူကို ရည်ရွယ်သလား ...။
* * *
ထိုအချိန်တွင် မိုးညှို့ နေပါသည်။
-----------------
သုမောင်
၂၇ - ၅ - ၈၄
(ပြောရောပေါ့ ကိုကိုရယ် နှင့် နဝရတ်ကိုးသွယ် (တန်ခူးစာအုပ်တိုက်၊ စာမျက်နှာ ၈၅-၁၂၃)
Monday, December 10, 2018
သုခ သုမောင် စာပေတိုက်ပွဲ
-----------------------------
ကွျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ `သာဓု´၏သား ဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒမီ `သုခ´နှင့် ရုပ်ရှင်အလွန် ရိုက်ချင်ခဲ့ပါသည်။ သို့သော် ကျွန်တော် ကိုယ်တိုင် `အကယ်ဒမီ´ ရပြီးသည့်တိုင် ဆရာက ခေါ်မရိုက်ခဲ့ပေ။ ထို့အတွက် ဆရာ့အား မကျေမနပ် ဖြစ်နေခဲ့ပါသည်။ သို့သော် တစ်နေ့တွင် ဆရာက ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။
`ဆရာသုမောင်ရေ ကျွန်တော်ဦးစီးတဲ့ `အမေ´နေ့အတွက် ကျွန်တော် ရေးတဲ့ `အမေ´ သီချင်းကို တီဗွီရိုက်ရင်း သီဆိုဖို့ ဆရာ့ဆီ အကူအညီတောင်းတာပါ´ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက်ရုံမက ကျေးဇူးတင် ဝမ်းမြောက်လျက်ဘဘ၏ ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်နိုင်သော `တင်္ခဏုပ္ပတ္တိ`ဉာဏ်ကို ရှိခိုး ပူဇော်မိပါတော့သည်။
`တီဗွီရိုက် သီချင်းဆို´ဆိုသဖြင့် ကျွန်တော့်အား `အဆိုကျော် ရုပ်ရှင်မင်းသား´ အဖြစ် ဘဘ သတ်မှတ်တာ သေချာပါပြီ။ ကိုင်း... `ဆရာ သုမောင်´ဟု အာလုပ်သုံးလိုက်ပုံက စာရေးဆရာအဖြစ် အသိအမှတ် ပြုကြောင်း ပေါ်လွင် နေပြီကောလေ။ (ဦးတင်လျက်)
ကျွန်တော်မှာ ၁၉၇၃(အောက်တိုဘာ)တွင် `ငယ်အိပ်မက်´ဝတၳုတို ရှုမဝမဂ္ဂဇင်း စင်တော် ကောက်အဖြစ် စတင်၍ စာရေးဆရာဘဝ ရောက်ရပါသည်။ ၁၉၇၅ တွင် မင်းသားဖြစ်ပြီး ၁၉၇၆ ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုက်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့်အရင် နှစ်ပေါင်းများစွာ ကျော်၍ ထိုရွှေတြိဂံ အနုပညာနယ်ပယ်မှာ အောင်မြင်ကျော်ကြားခဲ့သော `ဆရာ သုခ´ နှင့်ကား မဆုံစည်းခဲ့ရပါ။ ဆရာ့ကို လူသိများတာက အကယ်ဒမီ ၇ ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင်သရုပ်ဆောင်လည်း အောင်မြင်ခဲ့ပါသည်။ မင်းသားတော့ မဟုတ်ပေ။ `ဂုဏ်ရည်မတူ´ဇာတ်ကားကြီးတွင် `ပေါက်စီ´ `မယ်သုန်´ဟု ဆရာက ပေါက်စီ၊ ဒေါ်မေသစ်က မယ်သုန်အဖြစ် သူတောင်းစား မောင်နှမအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ရာ ပရိသတ်ပါးစပ်ဖျား ပေါက်စီ မယ်သုန် ခေတ်စားသွားခဲ့ပါသည်။ အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိကဇာတ်ပို့အဖြစ် ရိုက်ကူး အောင်မြင်ခဲ့ပါသေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသောအခါ ဆရာ့သရုပ်ဆောင်ဘဝ တိမ်မြုပ်သွားခဲ့ရ ပါတော့သည်။ ဒါသည် သစ်ပင်ကြီးကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးရော်ရသော သဘာဝပင်။
ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ဝင်းဦး စသည်)တို့ ကဲ့သို့ ရုပ်ရှင်၏ အရှိန်အဝါ ကြီးမား အောင်မြင်မှုကြောင့် စာပေဘဝ အရောင်မှိန်သွားရသည်မှာကား ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ တကယ်တော့ ဆရာသည်လည်း အချစ် အိမ်ထောင်ရေး စူပါစာရေးဆရာကြီး တစ်ဆူ အရင်ဆုံးဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတနယ် ဝင်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေး သီချင်းအသစ်များစွာ ရေးစပ်သီဆိုခဲ့ပါ သည်။ ဥပမာ ယနေ့တိုင် ပြန်ဆိုမဆုံး ဖြစ်နေသော ဘဝသံသရာ။
စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာ ဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ စာရေးဆရာ ဘဝများ အရောင်မှိန်ခဲ့ရပါသည်။ `အရောင်မှိန်ခဲ့ရ´ဟု လူပြိန်းစကား သုံးရပါသည်။ တကယ်တော့ စာပေသည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော်လည်း ကျောက်ထက် အက္ခရာတင် သကဲ့သို့ နှစ်ပေါင်းများစွာ တင်ကျန်ရစ်သော ဂနၴဝင် အနုပညာအမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် `စီလီဘရီတီ´တို့ `ပေါ်ပြူလာ´တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း၌ ပါးလျားရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။ ဘာပဲဖြစ်ဖြစ် ဆရာသည် အသက် ရလာသောအခါ `ဂီတ´နှင့် `စာပေ´မူလဘူတဘဝကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေတွေ ရေးပါသည်။ အထူးသဖြင့် စာဆိုတော်ရာသီရောက်တိုင်း စာပေ ဟောပြောပွဲများ လိုက်ပါပါသည်။ ထူးခြားသည်က ဆရာ စာပေဟောလျှင် ဆိုင်းဝိုင်း ငှားခိုင်းတတ်ပါသည်။
ဆရာက (ဘဝ သံသရာ၊ တေဘုမ္မာ) စသော တေးသီချင်းများ၏ စာပေ အနှစ်သာရကို ဂီတဖြင့် သီဆိုတီးမှုတ်ပြရင်း ပရိသတ်ကို `သကြားအုပ် ဆေးခါး´ကျွေးသလို ခေါ်ယူစည်းရုံးခြင်း ဖြစ်ပါသည်။ စာပေဟောပြောပွဲပရိသတ် ဆိုသည်မှာ အနုပညာပရိသတ် တကာတို့တွင် အမြင့်ဆုံးဟုဆိုရသော်လည်း ကြိုးကြားဆိုသလို စာရေး ဆရာတွေ ရယ်စရာ `ဟာသ´ပြောပြ၊ `သီချင်းဆိုပြ´ စသည်ကို စိတ်ဝင်စားကြသူများ ပါဝင််တတ်ပါသည်။ (ခုနှယ်ခါ ထိုအစွဲ ပိုကဲနေ ပါသည်။) ဆရာကတော့ သူအကယ်ဒမီ ၇ ဆုရအောင် ပရိသတ်ကို စည်းရုံးနိုင်သော ဉာဏ်စွမ်းရှိသူပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်း တွဲခြင်းဖြစ်ပါသည်။
ရိုးရိုးကြီးဝန်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်။) ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင်ဖြင့် (အချို့လည်းကောင်း ရှာပါသည်။) စာပေပွဲမှာ သီချင်းတွေ အသားလွတ်ဆိုတာ စာပေဂုဏ်ပျက်သည်ဟု ကျွန်တော်က လူငယ်ပီပီ အတွေးဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀/ ၈၀) ဝန်းကျင်က စာပေပွဲများသို့ ကျွန်တော်လိုက်ပါ ဟောပြောရာ၌ ဘယ်အခါမျှ သီချင်း ဆိုမပြခဲ့ပါ။ မဆိုရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်းဆိုသော စာရေး ဆရာများကို ကျွန်တော် ဒိုင်ခံကန့်ကွက်ခဲ့ပါသည်။ စင်မြင့်ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း ဘုကန့်လန့်တိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာက ပြောအားရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော် အဆိုတော်တစ်ပိုင်း ဟုတ်လား။ သည် တော့ အနိုင်နှင့်ပိုင်းသော `စာရေး ဆရာ သုမောင်´ အား အခြား စာရေးဆရာများက မချေပနိုင်ရှာ။ ဒါကို အခွင့်ကောင်းယူပြီး လိုသည်ထက် ပို၍ ဆော်ပလော် တီးတတ်သော ကျွန်တော့်မှာ `ဆရာ သုခ´နှင့် စာပေပွဲများမှာ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ဆရာသည် ပြောကြကြေးဆိုလျှင် ကျွန်တော်၏ အနုပညာအဘိုး မဟုတ်လား။ ကျွန်တော့်ဖခင် `သာဓု´ထက် သူက စောသည်လေ။
သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂) တွင် တောင်ဥက္ကလာ (၁၃) ရပ်ကွက်၌ သုခ၊ သုမောင်၊ မြတ်ထန်တို့ သုံးဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီးသော်လည်း စာဝါနုသဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ဝါအရင့်ဆုံး ဆရာသုခက ဒုတိယ။ အကြောင်းကား အဆိုကျော် မင်းသား စာရေးဆရာဟု နာမည်ကြီးနေသော စီလီဘရီတီ သုမောင်ကို ဆန်ခံရန် `မျောက်´ပြဖို့ နောက်ဆုံးမှာထားသတဲ့။
သည်လိုနှင့် ဟောကြပြောကြလေရာ ဆရာသုခ အလှည့်တွင် ထုံးစံအတိုင်း `တေဘုမ္မာ´နှင့် `ဘဝသံသရာ´သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မ ဒဿန စသဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ပါးပါးလည်း သီချင်း ဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံမရတော့သော်လည်း အဆိုကောင်းတော့ ပရိသတ်က သဘော တွေ့ပါသည်။ နော့် သော် သူတို့ မျှော်နေကြတာက °နုနုငယ်ငယ် ဂုဏ်တက်နေသည့်´ သုမောင်၏ အဆို။
ဤတွင် ဆရာသည် တေးသီချင်းများသည် စာပေ ဝတၳုများထက် ပရိသတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာ ကြီးမားကြောင်း စကားစပ်မိပါတော့သည်။ သဘောမှာ တေးသီချင်းများ `ပေါက်´ပြီဆိုလျှင် ပရိသတ်က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်းအရာကိုလည်း တုပမှီငြမ်းကြတော့ကြောင်း ဖြစ်သည်။ အလွန်ကောင်းသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာ ပေးရာ၌ ဆရာသည် ကျွန်တော့်ဘက် လက်ညှိုးထိုးပြီး (ထိုစဉ် က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။) `ဟော... ဆရာ သုမောင် ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်း တစ်ပုဒ် ဥပမာ ပေးရဦးမယ်ဗျ။ ဘာ တဲ့... `တင့်တင့်တို့အရွယ်´ ဆိုတဲ့ သီချင်း `ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်းအရွယ်… အိပ်ချင်ရာအိပ် သွားချင်ရာသွား… အားအားရှိတော့ အလှပြင်တယ်´တဲ့။ `အကယ်၍သာ´ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ မြတ်မွန်ဆိုတာပေါ့။ ဟာ... တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ် ကျား၊မ မရွေး အားအားရှိ လိုက်ဆိုရတဲ့ ခေတ်စားတဲ့သီချင်း ဆိုပါတော့ ဗျာ... အဲ အဲ ပြဿနာက စောစောက ကျွန်တော်ဆိုသလို ဆိုကြည့်စမ်းဗျာ။
အပျိုမတမ်းကလေးတစ်ယောက် အိပ်ချင်ရာအိပ်၊ သွားချင်ရာသွားဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့(ပရိသတ် လက်ခုပ်သံများ) (သုမောင် အခံရခက် မျက်နှာအောက်ဝှက်) သီချင်းပေါက်တော့ လူငယ်တွေ လိုက်ဆို၊ ပြီးတော့ လုံမငယ်တွေ လိုက်တု၊ မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်ကိုစည်းရုံးရာမှာ လက်နက်ကောင်း။ သတိထားသင့်တယ်´ စသဖြင့် ရိုးရိုးသားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါတယ်။ နော့ပေတည့် ခလုတ်က ထိတာ `အမိ´မဟုတ် `အဖ´ ဖြစ်နေလေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော့် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာဆိုတော့ ကျွန်တော့်မှာတာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှပြောရမှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ်ရုံပေါ့။ ကျွန်တော် တေးမှတ်ထားလိုက်တော့သည်။
ရောက်ပါပြီ ကျွန်တော့် အလှည့်။ ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံး ညံပေါ့။ နုနုနယ်နယ် အရွယ်ကောင်း နာမည်ကြီးဆိုတာက တစ်ပိုင်း၊ စောစောက ဆရာသုခ ကျွန်တော့် အဖေကို တွယ်ထားတာ ဘာပြန်ပြောမလဲ၊ ဘာသီချင်းတွေဆိုမလဲ... ပေါ့လေ။ ကျွန်တော်ကလည်း ဒေဝဒတ်ထုံး နှလုံးမူပြီး စကားလုံး `ကျောက်မောင်း´ဆင်ပြီးသားဖြစ်၏။
`လေးစားရပါသော စာပေဝါသနာရှင်များခင်ဗျား...´ အစချီပြီး ဘာမျှ နိဒါန်းမပျိုးဘဲ (ဆရာသုခရဲ့သြဝါဒတွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီးရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်းမှာကိုး။)
`ဆရာကြီး ဘဘဦးသုခက ကျွန်တော့် ဖခင်ရေးတဲ့ တင့်တင့်တို့အရွယ် သီချင်း ဆိုပြတာလည်း ကောင်းပါ့၊ ရှင်းပြတာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းကော) ဟုတ်ပါလိမ့်မယ်။ နော့ပေတဲ့ ဆရာများ အသက်ကြီးလို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် သာဓုရေးတဲ့ အဲဒီ သီချင်းထဲက စာသားက `အိပ်ချင်ရာ အိပ်... သွားချင်ရာသွား...´ မဟုတ်ရပါ ခင်ဗျာ။ `အိပ်ချင်ရင် အိပ်... ထချင်မှထ´ပါ။ အပျိုဖြန်း မတမ်းမလေး ဆိုတာက အိပ်ချင်တဲ့ အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့ အချိန်မှ ထလာမှာပဲဆိုတဲ့ ကလေးစိတ်မကုန်သေးတာကို ဆိုတာပါ။ ဆရာ ဘဘဆိုပြတာနဲ့ အဓိပ္ပာယ်ကွာပါတယ်။ (လက်ခုပ်သံများ) စသဖြင့် ငယ်ဂုဏ်မောက်တဲ့ ဒေဝဒတ် ဝင်စားသူ သုမောင် ပြန်တွယ်ပါလေရော။ ပရိသတ်ကလည်း တသောသော။ ဒါနဲ့ မကျေသေးဘူး။ လူ့သဘာဝ နိုင်ရင် ဖိတွယ်တတ်သည့် အတိုင်း။
`အသက်ကြီးလို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီး ဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမယ့် မြန်မာပြည်မှာ အသံဘုရင် အခေါ်ခံရတဲ့ သုမောင် စာပေပွဲမှာယောင်လို့မှ သီချင်း မညည်းဘူးဆိုတာ ကတိပေးသဗျ´ ဆိုပြီး အလင်္ကာရသ နှောလို့ ဆရာ့ကို သာသာလေး ကောမိပါတယ်။ ဆရာ့ လှည့်ကြည့်တော့ ကွမ်းကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာ မြတ်ထန်ကတော့ အားနာတာလား၊ သူရို့လူကြီးချင်း `မှတ်ပလား´ ဆိုတဲ့ သဘောနဲ့လား၊ ကျီစယ်ပြုံးလို့။
ဒီတွင် အကောင်းအဆိုး တစ်ခုခု ဖြစ်လာရင် သာရာဘက်က ဖိထောင်းတတ်တဲ့သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင် ဆိုတဲ့ မနူးမနပ် စီလီဘရီတီလေးကို မြှောက်ထိုးပင့်ကော် လုပ်ချပါလေရော။
`ပရိသတ်များခင်ဗျာ တကယ်တော့ စောစောက ဓမ္မသီချင်းတွေနဲ့ တရားပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေမူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါမယ်။ (လက်ခုပ်သြဘာသံများ) ဘာတဲ့... `စိတ်ညစ်လို့ အရက်ကိုသောက်တယ်… အရက်သောက်တော့ စိတ်သိပ်ညစ်တယ်… လူမှာသာ ငွေမရှိရင် လင်ယူမိတာ နာတယ်ထင်တယ်… ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်… လမ်း လယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်…ပါတဲ့ ခင်ဗျာ´
စသဖြင့် ပီသကြည်မြတဲ့ သုမောင်ရဲ့ဂီတနဲ့ ဖျော်ဖြေရင်း ဆရာ့ကို ခပ်ပြင်းပြင်း နင်းပြောမိပါရော။
ဟောပြောပွဲပြီးတော့ တစ််လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာ မြတ်ထန်နဲ့ ကျွန်တော်က ကားတစ်စီးပါ။ အဲဒီမှာ မထိတ်သာ မလန့်သာ စကားတစ်ခွန်း ဆရာမြတ်ထန်က ပြောပါတယ်။ `ကိုသု... နည်းနည်းများ ဒေါသသံ ပါသလားလို့´တဲ့။ ဆရာဟာ စစ်ဗိုလ်လူထွက် စာရေး ဆရာပေမယ့် စကားပြော အလွန်နူးညံ့ပါတယ်။ (စကားမစပ် ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ နှောင်းတမြေ့မြေ့ဟာ ဆရာမြတ်ထန်ရဲ့ နိုင်ငံကျော် ဝတၳုပါ။)
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေ ဘိုးအေကြီး လူလယ်ခေါင် တီးလိုက်ရလို့ စာပေပွဲမှာ သီချင်းမဆိုသော်လည်း အပြန် လမ်းမှာတော့ စိတ်ညစ်လို့ အရက်ကိုသောက်တယ် ဆရာသုခ သီချင်းလေး ညည်းနေမိပါသည်။ (အရက်ကလည်း တကယ်သောက်ထား မင့်ဟာကိုး။)
မြတ်စွာဘုရားဟော ကံအကျိုးပေး ဝဋ်လည်ခြင်းဆိုသည်မှာ ဘဝမကူးခင်မှာတွင် တစ်ပတ်လည်ရုံမက တောင်ဥက္ကလာ စာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ။) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ စာပေဟောပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေဝဒတ်ဝင်စားသူပီပီ ကျောက်မောင်း ကြိုတင်ချည်ထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ သို့မဟုတ် လှုပ်မရအောင် တုပ်တော့မည်ဟု။ ဒါဆို ငါ ဘာပြန်ဖြေမလဲပေါ့။
သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံအတိုင်း ဓမ္မသီချင်းရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။
အဆုံးသတ်နိဂုံးတွင်မူ...
`ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့လက ကျွန်တော်တို့သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေးတယ်´အစချီပြီး ကျွန်တော်နှင့် အချီအချဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန် ရှင်းပြပါသည်။ ထို့နောက်
`ဒါကြောင့် စာရေးဆရာတွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာမှာ ရာထူးကြီးငယ် မရှိပါဘူး။ အပွင့်အခက် မရှိပါဘူး။ ဦးနှောက်နဲ့ နှလုံးသား အားကောင်းရင် စေတနာမှန်ရင် စာရေးဆရာချင်းပေမယ့် လေးစားပြီး နာယူရပါမယ်။ ခုနက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ ဆရာ သုမောင်ရဲ့စကားကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့ အဖေ ကိုသာဓုရဲ့သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ့၊ ကျွန်တော့် စာသား မှားတာကိုး။ နော့ပေတဲ့ ဆရာ သုမောင်ထောက်ပြသလို ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့ ဂုဏ် ဆိုတဲ့ နာမည်ကြီး ဂုဏ်ပြုသီချင်း အဲ... လူငယ်တွေကို အရက်သောက်အောင် အားပေးရာ ရောက်စေတဲ့ ကျွန်တော့် သီချင်းကိုတော့ အစအဆုံး ဆိုပြပြီး ကျွန်တော့်အမှားတွေကို ဝန်ခံနေပါတယ်။ ရှေ့လည်းဆက်ပြီး ဝန်ခံဦးမှာပါပဲ။ အထူးသဖြင့် ငယ်ပေမယ့် စေတနာကြွယ်တဲ့ ဆရာသုမောင်ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက်သေထားပြီး ဂါရဝပြုပါရစေ ခင်ဗျား´ ဆိုပြီး (ဆရာ့ရဲ့ လက်သုံးပုံစံ ဂါရဝ ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီ ရှာပါသည်။)
ပရိသတ်မှာ ရွှေဘုံသာလမ်းကြီးအပြည့် နံဘေး တိုက်တန်းတွေပေါ်ကလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျသွားပါတော့သည်။ ဆရာသည် ပြောပြီးပြီးချင်း ထုံးစံအတိုင်း ကွမ်းကလေးမြုံ့ပြီး နားနေရာဆောင်ဆီ ထွက်သွားပါတော့သည်။ ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော် အပြောကောင်း အဆိုကောင်း သုမောင်ကြီးကလေ ကောင်းစွာ မဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ဝမ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့်အတူ နောင်တကြီးစွာ တမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်ပါတော့ချေ။ ဟုတ်ပါ့၊ ပြောရင်းမှာပင် ကျွန်တော် မျက်ရည်ကျနေပြီဖြစ်သောကြောင့်ပါ။ မျက်ရည်ကျတာ လူမြင်ရုံရှိသည်။ အသံ မမှန်တာက သရုပ်ပျက်လှသည်။ ဟုတ်ပါ့၊ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့်အသံမှာ ငိုသံပါကြီးနှင့်ပါတကား။
သုမောင်
မှတ်ချက်။ ။
စာရေးဆရာသေရင် နတ်ပြည်ရောက်သတဲ့။ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက်စကား။
သြော်... ခုနှယ်ခါ တာဝတိံသာ (စာ၀တိံသာ)မှာ ဆရာသုခနှင့် ဆရာသာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာ ပေလိမ့်မည်။ နတ်`သုခ´ဘုံက ဘုရားရှင်၏ `ဆံတော်မြတ်စေတီ´ နှင့် နီးပေလိမ့်မည်။ နတ်`သာဓု´ဘုံကတော့ ဝိသကြုံနတ်၏ဘုံနှင့် ကပ်လျက်ဖြစ်လိမ့်မည်။ (ဆရာသာဓု၏ သီးခြားဝါသနာမှာ မော်တော်ကားပြင်ခြင်းဖြစ်သဖြင့် ဝိသကြုံနတ်မြင်းလှည်း သူပဲ ဒိုင်ခံပြင် နေမှာကိုးလေ။)
အဘိုးနှင့် အဖေတို့၏ သားမြေး စာရေးဆရာစစ်စစ် ဖြစ်သွားပြီဖြစ်သော သုမောင်။
(ဆရာသုခ ရာပြည့်အကြို)
သုမောင်
ဒါကတော့ ဒါပါပဲ မင်းလူ
❄❄❄❄❄
တချို့ပြကွက်တွေကို မကြည့်ရဲသဖြင့် မသိမသာ မျက်လွှာချထား လိုက်သည်။ မျက်နှာလွှဲ နေလို့တော့ မဖြစ်။ သူငယ်ချင်းတွေက ဝိုင်းဟား ကြလိမ့်မည်။ သူသည် ကတုန်ကယင်ကြီး ဖြစ်နေသည်။ ဒါမျိုး သူတစ်ခါမျှ မကြည့်ဖူးသေးချေ။
သူသည် အတွေ့အကြုံ လုံးဝမရှိသူ အရိုင်းသက်သက်လေးတော့ မဟုတ်။ လူပျိုပေါက်ကလေးလည်း မဟုတ်။ အိမ်ထောင်သက် သုံးနှစ်ရှိ၍ သားတစ်ယောက်၏ အဖေပင် ဖြစ်နေခဲ့သူ။ သို့ရာတွင် ခုလို ကြည့်နေရတာမျိုးတွေတော့ တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါ။
ခိုးကြောင်ခိုးဝှက် ကြည့်ကြရခြင်း ဖြစ်သဖြင့် အခန်းတံခါးရော၊ ပြတင်းပေါက်တွေပါ ပိတ်ထားရသည်။ ထို့ကြောင့် အခန်းထဲမှာ လှောင်အိုက်နေသည်။ ဆေးလိပ်မီးခိုးတွေကြောင့်လည်း အသက်ရှူရတာ မွန်းကျပ်နေ၏။ ချေွးတွေပြန်ပြီး ငြီးစီစီကြီး ဖြစ်နေသည်။
အပြင်ထွက်နေချင်သည့် စိတ်ပင် ဖြစ်လာသည်။ ထွက်တော့ မထွက်ဖြစ်။ တစေၧအခြောက် ခံရသူလိုပင် ကြည့်လည်း မကြည့်ရဲ၊ မကြည့်ဘဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့လည်း ရင်တွေပူပြီး ဖျပ်ခနဲ မျက်လွှာချမိ၏။
ကျန်သူငယ်ချင်းတွေကတော့ မင်းသား မင်းသမီး နှစ်ပါးသွား အကကို ကြည့်နေရသလို ခပ်အေးအေးပင်။ စီးကရက် ဖွာသူ ဖွာ၊ စကား ပြောသူ ပြော။ တချို့ ပြကွက်များကို ကြည့်ရင်း အချင်းချင်း နောက်ပြောင်သူက ပြောင်နှင့် မထူးခြားသလို ရှိနေကြသည်။
ဗီဒီယိုတိပ်ခွေ ရုပ်ရှင်က ပြီးဆုံးသွားသည်။ မျိုးမင်းမြင့်က ...
“သိပ် မကောင်းလှ ပါဘူးကွာ၊ ငါက ထူးထူးဆန်းဆန်း ကလေးများ ကြည့်ရမလားလို့”
ဟု ပြောရာ တင်အောင်လင်းက ...
“မင်းကိုယ်တိုင် မင်းသားလုပ်ပြီး ရိုက်တဲ့အခါကျမှ အထူးဆန်းဆုံး လုပ်ပြပေတော့”
တစ်ယောက်တစ်ပေါက် ပြောဆို နောက်ပြောင် နေကြသည်။ ဘာမျှ ထူးခြားမှု ရှိကြဟန် မတူ။ သူတစ်ယောက်သာ ခုထိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
“ဟေ့ကောင် ဖိုးအောင်၊ ဘာဖြစ်နေတာလဲ၊ ကြောင်တောင်တောင်နဲ့”
မျိုးမင်းမြင့်က သူ့ကိုမေးသည်။
“ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး”
“ဒီကောင်က တစ်ခါမှ မကြည့်ဖူးဘူးလို့ ပြောတယ်ကွ၊ ခုအတိုင်း ဆိုရင်တော့ ဟုတ်ပုံ ရပါတယ်၊ ဒီကောင် ဖြစ်နေပုံ ကြည့်ပါလား”
“ဟာကွာ”
“ဖိုးအောင်ရာ၊ ရန်ကုန်မှာ နေပြီး ဒီလောက် တုံးရသလားဟ”
“ကဲပါကွာ ... သွားကြရအောင်”
“ဘယ်သွားကြဦးမလို့လဲ”
ဖိုးအောင်က မေးလိုက်သည်။ အေးညွန့်ဦးက ...
“မျက်စိ ညောင်းပြီ၊ လူလည်း ညောင်းပြီ၊ တစ်ခုခု သွားစားကြမယ်”
“အစားချည်းပဲလား”
မျိုးမင်းမြင့်က ဝင်မေးရာ ...
“မင်း ရောက်နေမှတော့ အရည် မပါရင် ဘယ်ဖြစ်မလဲ၊ ထမင်းတွေ နင်ကုန်မှာပေါ့”
* * *
တက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်း အတူတူ နေခဲ့ကြသော သူငယ်ချင်းတွေ ပြန်ဆုံကြခြင်း ဖြစ်သည်။ အဆောင်မှာ မျိုးမင်းမြင့်နှင့် အေးညွန့်ဦးတို့က တစ်ခန်း၊ ဖိုးအောင်နှင့် တင်မောင်လင်းတို့က တစ်ခန်း နေခဲ့ကြသည်။ အခန်းချင်းက ကပ်လျက်ဖြစ်သဖြင့် သူတို့လေးယောက် တွဲမိခဲ့ကြသည်။
တွဲမိကြသည် ဆိုသော်လည်း စရိုက်ချင်း လုံးဝ တူကြသည်တော့ မဟုတ်။ ဖိုးအောင်က လူအေး။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကြည့်တတ်သူ။ စာမေးပွဲနီးလျှင် သူ့မှတ်စုတွေကိုပင် အားလုံးက အားကိုးကြရသည်။
ကျန်သုံးယောက်ကတော့ လူပျော်လူနောက်တွေချည်း ဖြစ်သည်။ တင်မောင်လင်းက နည်းနည်း သောက်ပြီးလျှင် အူမြူး လာတတ်သည်။ သီချင်းအော်ဆိုပြီး ကတတ်သည်။ အေးညွန့်ဦးက လည်လည်ပတ်ပတ် ရှိသည်။ သူငယ်ချင်းတွေ ငွေပြတ်နေပြီ ဆိုလျှင် အခန်းတကာ လှည့်ချေးတာတို့၊ ပေါင်တာနှံတာ၊ ရောင်းတာဝယ်တာတို့ ကျွမ်းကျင်သည်။ တစ်ခါတလေ ပိုက်ဆံ တစ်ပြားမျှ မရှိဘဲ ဖဲဝိုင်းမှာ ဝင်ထိုင်ချင် ထိုင်တတ်သည်။ လက်ပတ်နာရီကို ရှေ့မှာချပြီး တန်ဖိုးဖြတ်၍ ကစားသည်။ သူက ဖဲလိမ်နည်းတွေ တတ်သဖြင့် ဘယ်တော့မှ မရှုံး။ ဤနည်းဖြင့် သူငယ်ချင်းတွေ သုံးစွဲဖို့ ရှာကြံပေးတတ်၏။
မျိုးမင်းမြင့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်သမား။ နေရာတကာမှာ ဝင်ပါတတ်သည်။ လောင်းတာစားတာလည်း ဝါသနာပါသည်။ ဘောလုံးလည်း ကန်သည်။ ပန်းချီသင်တန်းလည်း တက်သည်။ ရည်းစားလည်း များသည်။
ဖိုးအောင်သည် ရိုးရိုးအေးအေး ဖြစ်သော်လည်း အားနာတတ်သူဖြစ်၍ သူငယ်ချင်းတွေ ခေါ်လျှင် ကန့်လန့်ကန့်လန့်နှင့် ပါသွားတတ်သည်။ တင်မောင်လင်းက ပေါက်ကရ သီချင်းတွေဆိုပြီး မိန်းကလေး အဆောင်ရှေ့မှာ သွားကလျှင်လည်း ရှက်ရှက်နှင့်ပင် လိုက်ရသည်။ မျိုးမင်းမြင့်က သူ့ရည်းစား တစ်ယောက်ယောက်ကို သွားစောင့်ဖို့ အဖော်ခေါ်လျှင်လည်း ပါသွားတတ်သည်။
တစ်ခါကလည်း အေးညွန့်ဦးက တခြားအဆောင် တစ်ဆောင်မှာ ဝိုင်းရှိသည်ဆိုပြီး အဖော်ခေါ်သဖြင့် လိုက်သွားသည်။ ဝိုင်းကောင်းနေတုန်း ဆရာတွေက သတင်းရသဖြင့် ဝင်ဖမ်းရာ တစ်ပြုံလုံးမိသည်။ ဖိုးအောင်လည်း မဆီမဆိုင် ပါသွားသည်။ ဆရာကြီးကို ခြေသလုံး ဖက်မတတ် ဝိုင်းတောင်းပန်သဖြင့် ကျောင်းထုတ် မခံရဘဲ အပြင်းအထန် သတိပေးခံလိုက်ရသည်။
ဘွဲ့ရပြီးသောအခါ အသီးသီး လုပ်ငန်းခွင် ဝင်ကြရသည်။ မျိုးမင်းမြင့်က သူ့မြို့ကို ပြန်သွားသည်။ ကျန်သုံးယောက်က ရန်ကုန်မှာပင် ကုပ်ကပ်နေပြီး အလုပ်ရှာကြသည်။
သူတို့ထဲမှာ အအေးဆုံး၊ အရိုးဆုံးဆိုသော ဖိုးအောင်က အရင်ဆုံး မိန်းမ ရသွားသည်။ တင်မောင်လင်းကလည်း လွန်ခဲ့သောနှစ်က လက်ထပ်လိုက်သည်။ အေးညွန့်ဦးနှင့် မျိုးမင်းမြင့်တို့ကတော့ အိမ်ထောင် မပြုကြသေး။
ရန်ကုန်မှာ ကျန်ခဲ့သော သုံးယောက်သည် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကြသဖြင့် ကျောင်းမှာတုန်းကလို မတွဲဖြစ်ကြတော့။ တစ်ခါတစ်ရံမှသာ ဆုံဖြစ်တော့သည်။
ထိုအချိန်မျိုးတွင် မျိုးမင်းမြင့် ရန်ကုန်ကို လာလည်သည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ မျိုးမင်းမြင့်က ...
“ငါ ရန်ကုန်ရောက်တုန်း ပျော်စရာလေးတွေ ရှာရအောင်”
ဟု ဆိုသည်။
တင်မောင်လင်းနှင့် အေးညွန့်ဦးတို့က သဘောတူသည်။ ဖိုးအောင်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ပါလာသည်။
ပထမဆုံး ဗီဒီယို ကြည့်ကြသည်။ အေးညွန့်ဦးက မျိုးမင်းမြင့် ကြည့်ချင်နေသော တိပ်ခွေကို မရရအောင် လိုက်ရှာပြီး ပြရသည်။
ပြီးတော့မှ စားကြ သောက်ကြဖို့ ထွက်လာခဲ့ကြလေသည်။
* * *
စားသောက်ဆိုင် တစ်ခုမှာ ထိုင်သည်။ စားကြ သောက်ကြသည်။ နှစ်နှင့်ချီအောင် ကွဲနေကြသော သူငယ်ချင်းများ ပြန်ဆုံခြင်း ဖြစ်သဖြင့် တော်တော် ပျော်ကြသည်။
စကားတွေလည်း အများကြီး ပြောကြသည်။ အေးအေးဆေးဆေးသမား ဖိုးအောင်တောင် တော်တော် သောက်ဖြစ်သွားသည်။ သူသည် တစ်ခါတလေမှသာ သောက်လေ့ရှိသူ ဖြစ်သည်။ သောက်လျှင်လည်း သူငယ်ချင်းတွေ ကျေနပ်အောင် စတိသဘော၊ တစ်ခွက်ထက် မပိုချေ။ ဒီနေ့တော့ သူလည်း နည်းနည်း နှုတ်သွက်အာသွက် ဖြစ်လာသည်။
“ကျောင်းမှာတုန်းက အဆောင်ရှေ့မှာ သီချင်းသွားဆိုတာကို သတိရတယ်ကွာ”
ဟု တင်မောင်လင်းက ပြောသည်။ မျိုးမင်းမြင့်က ...
“ဟေ့ကောင် ... ဒီအရွယ်ကြီး ရောက်မှတော့ လမ်းလယ်ကောင်မှာ သီချင်းဆိုပြီး ကမနေနဲ့ဦးနော်”
“ငါ ဒီလောက် မပေါတော့ပါဘူးကွ”
“အေး ... ဒီကောင်က ခုမူးရင် မကတော့ဘူး၊ သူ့ယောက္ခမ သူ့ကို အထင်သေးတဲ့ အကြောင်း ပြောပြောပြီး ငိုလိမ့်မယ်”
“ဟာ ... တစ်ခါလေး လုပ်မိပါတယ်၊ ပြောလို့မဆုံးတော့ဘူး”
* * *
စားသောက်ဆိုင်ထဲက ထွက်လာတော့ အားလုံး မှန်နေကြပြီ။ ဖိုးအောင်သည် အရမ်းမူးနေတာ မဟုတ်သည့်တိုင် ပုံမှန်အတိုင်း မဟုတ်တာတော့ သေချာသည်။ ခေါင်းထဲက ရီတီတီနှင့် အူမြူးသလိုလို ဘာလိုလို ဖြစ်နေသည်။
“ကဲ ... ဘယ်နှစ်နာရီ ထိုးပြီလဲ”
“ရှစ်နာရီ”
“ဟင် ... အစောကြီး ရှိသေးတယ်”
“ကမ်းနားမှာ သွားထိုင်ပြီး စကားပြောကြမလား”
“တစ်ချိန်လုံး စကားတွေ ပြောခဲ့ကြပြီးပြီပဲ၊ ခု လက်တွေ့ လုပ်ရမယ့်အချိန် ရောက်လာပြီ”
“မင်းဘာလုပ်ချင်လို့လဲ”
မျိုးမင်းမြင့်က လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။
“ဟာကွာ ... ဒါတော့ မလုပ်ပါနဲ့၊ မကောင်းပါဘူး”
ဟု ဖိုးအောင်က ကန့်ကွက်သည်။
“အံမာ ... မင်းက မိန်းမရှိတဲ့ကောင် ဆိုတော့ ဒီစကား ပြောမှာပေါ့၊ ငါ့မှာ ရန်ကုန် လာတုန်းလေး အားရအောင် ပျော်ရတာ၊ နယ်မှာဆိုရင် ဘာမှရှိတာ မဟုတ်ဘူး”
ကျန်နှစ်ယောက်က မျိုးမင်းမြင့် အကြံကို လက်ခံသည်။ ဖိုးအောင်လည်း ထပ်မငြင်းတော့ဘဲ သဘောတူလိုက်၏။
* * *
ပန်းခြံဘက်သို့ လျှောက်လာကြသည်။ ပန်းခြံထဲမှာ အပန်းဖြေ နေကြသူတွေ၊ လမ်းလျှောက် နေကြသူတွေ၊ ထိုင်စကားပြော နေကြသူတွေ၊ တချို့လည်း ဟန်ရေးပြပြီး လမ်းသလား နေကြသည်။ အေးညွန့်ဦးက တစ်ယောက်ကို ညွှန်ပြသည်။
“ဘယ်လို သဘောရသလဲ”
“မဆိုးပါဘူး ... မေးကြည့်လေ”
အေးညွန့်ဦးက ဘေးချင်း ယှဉ်မိအောင် လိုက်လျှောက်သွားပြီး မေးသည်။
“ဘယ်လိုလဲ”
“ဒီလိုပဲ”
သူတို့ တိုးတိုး တိုးတိုး ပြောကြသည်။ ခဏကြာတော့ အေးညွန့်ဦး ပြန်လာသည်။
“အလကားပါကွာ၊ ငါတို့ကို အချဉ်တွေ မှတ်လို့ ဈေးကို နင်းကန် အော်နေတယ်၊ နေကြဦး ... နည်းနည်း ထပ်ကြိုးစား လိုက်ဦးမယ်”
အေးညွန့်ဦး ထွက်သွားပြန်သည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး ...
“အနားကပ် ကြည့်တော့မှ မစွံပါဘူးကွာ”
ထိုစဉ်မှာ ဖိုးအောင်က တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဗာဒံပင်အောက်မှာ ရပ်နေသော တစ်ယောက်။ ခပ်လှမ်းလှမ်း ဓာတ်တိုင်မှ မာကျူရီ မီးရောင်က သစ်ပင်ရိပ်ကို ကွက်တိကွက်ကျား တိုးဝင်နေသဖြင့် သူ့ကို မြင်သာရုံလောက် ရှိသည်။
သူ့ကိုယ်နေဟန်က ပြေပြစ် တောင့်တင်းသည်။ အရပ်အမောင်း ကောင်းသည်။ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ဆွဲဆောင်မှုရှိမှာ သေချာသည်။
ဖိုးအောင် ငေးကြည့်နေမိသည်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။
“ဟေ့ကောင်တွေ ... ဟိုမှာကွ”
ဟု ပြောလိုက်သည်။ ပြီးတော့မှ သူ ဘာဖြစ်လို့ ညွှန်ပြလိုက်မိပါလိမ့်ဟု တွေးမိပြန်သည်။ စိတ်ပါသလိုလို ဖြစ်လာသည့် အတွက်လည်း သူ့ကိုယ်သူ အံ့ဩနေသည်။
မျိုးမင်းမြင့်ဆီက လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်။
“ဟာ ... သားနားတယ်ဟေ့”
“ငါသွားမယ်”
ဟု ဖိုးအောင်က အလိုလို ပြောမိသည်။
“ဟာ ... မင်း ဘယ်လို ဖြစ်တာလဲ”
တင်မောင်လင်းက ပြောနေတုန်း ဖိုးအောင် ထွက်လာခဲ့သည်။ ဗာဒံပင် အောက်က မိန်းကလေးက ဖိုးအောင် လာနေသည်ကို မြင်သဖြင့် ကိုယ်နေကိုယ်ဟန်ကို ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်ပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။
ဖိုးအောင် အနားမှာ သွားကပ်ပြီး ...
“ဘယ်လိုလဲ”
“ဒီလိုပဲ”
“ဘယ်သွားမလို့လဲ”
“ဟိုနား ဒီနားပေါ့”
“လမ်းကြုံတယ် လိုက်မလား”
“ဘယ်ကိုလဲ”
“တစ်နေရာရာပေါ့”
အမျိုးသမီးက စဉ်းစားသလို လုပ်နေသည်။ အနီးကပ် ကြည့်တော့မှ သူ့ရုပ်ရည်သည် ထင်ထားသည်ထက် ပို၍ စွဲမက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဖိုးအောင် ရင်တွေ ခုန်လာ၏။ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။
“အို ... လူကို ဘယ်လို ကြည့်နေတာလဲ”
ဖိုးအောင် ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်း သတိရလိုက်သည်။ ဘာမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်လာခဲ့သည်။
“ဘယ်လိုလဲကွ ... မင်း တကယ်ရဲပါလား၊ မင်း ဒီလောက် လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး”
ဟု သူငယ်ချင်းတွေက ဝိုင်းပြောကြသည်။ သူလည်း သူ့ကိုယ်သူ အံ့ဩမိသည်။ သူက ခေါင်းခါပြီး ...
“ပြန်ကြရအောင်ကွာ၊ ဘာမှ ဆက်လုပ် မနေပါနဲ့တော့”
“ဟာကွာ ... ဘယ်လို ဖြစ်တာလဲ”
“မင်းတို့ နေချင်နေခဲ့ကွာ၊ ငါပြန်တော့မယ်”
ဟု ပြောပြီး လှည့်ထွက် လာခဲ့သည်။ သူငယ်ချင်းတွေက ...
“ဟာ ... ဟေ့ကောင်၊ ဘာဖြစ်တာလဲ”
ပြောတာကိုတောင် လှည့်မကြည့်တော့။
* * *
အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ တင်းကျပ်နေသည်။ ခုလို တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အရက်သောက်တာ များသွားလို့များလား။ တစ်ချက်တစ်ချက်တွင် ဗာဒံပင်အောက်က အမျိုးသမီး၏ ကိုယ်နေဟန်ကို ဖျတ်ခနဲ မြင်ယောင်မိသေးသည်။ သူသည် အတင်းကြိုးစား၍ မြင်ကွင်းထဲက မောင်းထုတ်ပစ်လိုက်သည်။
အိမ်ပြန်ရောက်သည် အထိ ကတုန်ကယင်ကြီး ဖြစ်နေရတုန်းပင်။ ရီဝေဝေ ဖြစ်နေတာလည်း မပျောက်တော့။ သူ့စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသည်။
အိမ်ပေါက်ဝမှာ ခဏရပ်သည်။ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီးမှ တံခါး ခေါက်လိုက်သည်။ တံခါးဖွင့်သည်။ တံခါးပေါက်ဝတွင် သူ့မိန်းမ ရပ်နေသည်။ အိမ်ရှေ့မီးမှိန်မှိန်တွင် သူ့မိန်းမ၏ မျက်နှာကို ခပ်မှုန်မှုန် မြင်နေရသည်။ သူသည် မိန်းမကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့ရင်တွေ ပြင်းထန်စွာ ခုန်လာသည်။
သူ့မိန်းမက ...
“ဘာဖြစ်နေသလဲ”
ဟု မေးသည်။
“ဘာဖြစ်လို့လဲ”
ဟု သူက ပြန်မေးသည်။ သူ့အသံတွေက မမှန်။
“မောင့်မျက်လုံးတွေက တစ်မျိုးကြီးပဲ”
သူက ဘာမျှ ပြန်မပြောဘဲ သူ့မိန်းမ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
မင်းလူ
ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၇။
တချို့ပြကွက်တွေကို မကြည့်ရဲသဖြင့် မသိမသာ မျက်လွှာချထား လိုက်သည်။ မျက်နှာလွှဲ နေလို့တော့ မဖြစ်။ သူငယ်ချင်းတွေက ဝိုင်းဟား ကြလိမ့်မည်။ သူသည် ကတုန်ကယင်ကြီး ဖြစ်နေသည်။ ဒါမျိုး သူတစ်ခါမျှ မကြည့်ဖူးသေးချေ။
သူသည် အတွေ့အကြုံ လုံးဝမရှိသူ အရိုင်းသက်သက်လေးတော့ မဟုတ်။ လူပျိုပေါက်ကလေးလည်း မဟုတ်။ အိမ်ထောင်သက် သုံးနှစ်ရှိ၍ သားတစ်ယောက်၏ အဖေပင် ဖြစ်နေခဲ့သူ။ သို့ရာတွင် ခုလို ကြည့်နေရတာမျိုးတွေတော့ တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါ။
ခိုးကြောင်ခိုးဝှက် ကြည့်ကြရခြင်း ဖြစ်သဖြင့် အခန်းတံခါးရော၊ ပြတင်းပေါက်တွေပါ ပိတ်ထားရသည်။ ထို့ကြောင့် အခန်းထဲမှာ လှောင်အိုက်နေသည်။ ဆေးလိပ်မီးခိုးတွေကြောင့်လည်း အသက်ရှူရတာ မွန်းကျပ်နေ၏။ ချေွးတွေပြန်ပြီး ငြီးစီစီကြီး ဖြစ်နေသည်။
အပြင်ထွက်နေချင်သည့် စိတ်ပင် ဖြစ်လာသည်။ ထွက်တော့ မထွက်ဖြစ်။ တစေၧအခြောက် ခံရသူလိုပင် ကြည့်လည်း မကြည့်ရဲ၊ မကြည့်ဘဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့လည်း ရင်တွေပူပြီး ဖျပ်ခနဲ မျက်လွှာချမိ၏။
ကျန်သူငယ်ချင်းတွေကတော့ မင်းသား မင်းသမီး နှစ်ပါးသွား အကကို ကြည့်နေရသလို ခပ်အေးအေးပင်။ စီးကရက် ဖွာသူ ဖွာ၊ စကား ပြောသူ ပြော။ တချို့ ပြကွက်များကို ကြည့်ရင်း အချင်းချင်း နောက်ပြောင်သူက ပြောင်နှင့် မထူးခြားသလို ရှိနေကြသည်။
ဗီဒီယိုတိပ်ခွေ ရုပ်ရှင်က ပြီးဆုံးသွားသည်။ မျိုးမင်းမြင့်က ...
“သိပ် မကောင်းလှ ပါဘူးကွာ၊ ငါက ထူးထူးဆန်းဆန်း ကလေးများ ကြည့်ရမလားလို့”
ဟု ပြောရာ တင်အောင်လင်းက ...
“မင်းကိုယ်တိုင် မင်းသားလုပ်ပြီး ရိုက်တဲ့အခါကျမှ အထူးဆန်းဆုံး လုပ်ပြပေတော့”
တစ်ယောက်တစ်ပေါက် ပြောဆို နောက်ပြောင် နေကြသည်။ ဘာမျှ ထူးခြားမှု ရှိကြဟန် မတူ။ သူတစ်ယောက်သာ ခုထိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
“ဟေ့ကောင် ဖိုးအောင်၊ ဘာဖြစ်နေတာလဲ၊ ကြောင်တောင်တောင်နဲ့”
မျိုးမင်းမြင့်က သူ့ကိုမေးသည်။
“ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး”
“ဒီကောင်က တစ်ခါမှ မကြည့်ဖူးဘူးလို့ ပြောတယ်ကွ၊ ခုအတိုင်း ဆိုရင်တော့ ဟုတ်ပုံ ရပါတယ်၊ ဒီကောင် ဖြစ်နေပုံ ကြည့်ပါလား”
“ဟာကွာ”
“ဖိုးအောင်ရာ၊ ရန်ကုန်မှာ နေပြီး ဒီလောက် တုံးရသလားဟ”
“ကဲပါကွာ ... သွားကြရအောင်”
“ဘယ်သွားကြဦးမလို့လဲ”
ဖိုးအောင်က မေးလိုက်သည်။ အေးညွန့်ဦးက ...
“မျက်စိ ညောင်းပြီ၊ လူလည်း ညောင်းပြီ၊ တစ်ခုခု သွားစားကြမယ်”
“အစားချည်းပဲလား”
မျိုးမင်းမြင့်က ဝင်မေးရာ ...
“မင်း ရောက်နေမှတော့ အရည် မပါရင် ဘယ်ဖြစ်မလဲ၊ ထမင်းတွေ နင်ကုန်မှာပေါ့”
* * *
တက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်း အတူတူ နေခဲ့ကြသော သူငယ်ချင်းတွေ ပြန်ဆုံကြခြင်း ဖြစ်သည်။ အဆောင်မှာ မျိုးမင်းမြင့်နှင့် အေးညွန့်ဦးတို့က တစ်ခန်း၊ ဖိုးအောင်နှင့် တင်မောင်လင်းတို့က တစ်ခန်း နေခဲ့ကြသည်။ အခန်းချင်းက ကပ်လျက်ဖြစ်သဖြင့် သူတို့လေးယောက် တွဲမိခဲ့ကြသည်။
တွဲမိကြသည် ဆိုသော်လည်း စရိုက်ချင်း လုံးဝ တူကြသည်တော့ မဟုတ်။ ဖိုးအောင်က လူအေး။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကြည့်တတ်သူ။ စာမေးပွဲနီးလျှင် သူ့မှတ်စုတွေကိုပင် အားလုံးက အားကိုးကြရသည်။
ကျန်သုံးယောက်ကတော့ လူပျော်လူနောက်တွေချည်း ဖြစ်သည်။ တင်မောင်လင်းက နည်းနည်း သောက်ပြီးလျှင် အူမြူး လာတတ်သည်။ သီချင်းအော်ဆိုပြီး ကတတ်သည်။ အေးညွန့်ဦးက လည်လည်ပတ်ပတ် ရှိသည်။ သူငယ်ချင်းတွေ ငွေပြတ်နေပြီ ဆိုလျှင် အခန်းတကာ လှည့်ချေးတာတို့၊ ပေါင်တာနှံတာ၊ ရောင်းတာဝယ်တာတို့ ကျွမ်းကျင်သည်။ တစ်ခါတလေ ပိုက်ဆံ တစ်ပြားမျှ မရှိဘဲ ဖဲဝိုင်းမှာ ဝင်ထိုင်ချင် ထိုင်တတ်သည်။ လက်ပတ်နာရီကို ရှေ့မှာချပြီး တန်ဖိုးဖြတ်၍ ကစားသည်။ သူက ဖဲလိမ်နည်းတွေ တတ်သဖြင့် ဘယ်တော့မှ မရှုံး။ ဤနည်းဖြင့် သူငယ်ချင်းတွေ သုံးစွဲဖို့ ရှာကြံပေးတတ်၏။
မျိုးမင်းမြင့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်သမား။ နေရာတကာမှာ ဝင်ပါတတ်သည်။ လောင်းတာစားတာလည်း ဝါသနာပါသည်။ ဘောလုံးလည်း ကန်သည်။ ပန်းချီသင်တန်းလည်း တက်သည်။ ရည်းစားလည်း များသည်။
ဖိုးအောင်သည် ရိုးရိုးအေးအေး ဖြစ်သော်လည်း အားနာတတ်သူဖြစ်၍ သူငယ်ချင်းတွေ ခေါ်လျှင် ကန့်လန့်ကန့်လန့်နှင့် ပါသွားတတ်သည်။ တင်မောင်လင်းက ပေါက်ကရ သီချင်းတွေဆိုပြီး မိန်းကလေး အဆောင်ရှေ့မှာ သွားကလျှင်လည်း ရှက်ရှက်နှင့်ပင် လိုက်ရသည်။ မျိုးမင်းမြင့်က သူ့ရည်းစား တစ်ယောက်ယောက်ကို သွားစောင့်ဖို့ အဖော်ခေါ်လျှင်လည်း ပါသွားတတ်သည်။
တစ်ခါကလည်း အေးညွန့်ဦးက တခြားအဆောင် တစ်ဆောင်မှာ ဝိုင်းရှိသည်ဆိုပြီး အဖော်ခေါ်သဖြင့် လိုက်သွားသည်။ ဝိုင်းကောင်းနေတုန်း ဆရာတွေက သတင်းရသဖြင့် ဝင်ဖမ်းရာ တစ်ပြုံလုံးမိသည်။ ဖိုးအောင်လည်း မဆီမဆိုင် ပါသွားသည်။ ဆရာကြီးကို ခြေသလုံး ဖက်မတတ် ဝိုင်းတောင်းပန်သဖြင့် ကျောင်းထုတ် မခံရဘဲ အပြင်းအထန် သတိပေးခံလိုက်ရသည်။
ဘွဲ့ရပြီးသောအခါ အသီးသီး လုပ်ငန်းခွင် ဝင်ကြရသည်။ မျိုးမင်းမြင့်က သူ့မြို့ကို ပြန်သွားသည်။ ကျန်သုံးယောက်က ရန်ကုန်မှာပင် ကုပ်ကပ်နေပြီး အလုပ်ရှာကြသည်။
သူတို့ထဲမှာ အအေးဆုံး၊ အရိုးဆုံးဆိုသော ဖိုးအောင်က အရင်ဆုံး မိန်းမ ရသွားသည်။ တင်မောင်လင်းကလည်း လွန်ခဲ့သောနှစ်က လက်ထပ်လိုက်သည်။ အေးညွန့်ဦးနှင့် မျိုးမင်းမြင့်တို့ကတော့ အိမ်ထောင် မပြုကြသေး။
ရန်ကုန်မှာ ကျန်ခဲ့သော သုံးယောက်သည် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကြသဖြင့် ကျောင်းမှာတုန်းကလို မတွဲဖြစ်ကြတော့။ တစ်ခါတစ်ရံမှသာ ဆုံဖြစ်တော့သည်။
ထိုအချိန်မျိုးတွင် မျိုးမင်းမြင့် ရန်ကုန်ကို လာလည်သည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ မျိုးမင်းမြင့်က ...
“ငါ ရန်ကုန်ရောက်တုန်း ပျော်စရာလေးတွေ ရှာရအောင်”
ဟု ဆိုသည်။
တင်မောင်လင်းနှင့် အေးညွန့်ဦးတို့က သဘောတူသည်။ ဖိုးအောင်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ပါလာသည်။
ပထမဆုံး ဗီဒီယို ကြည့်ကြသည်။ အေးညွန့်ဦးက မျိုးမင်းမြင့် ကြည့်ချင်နေသော တိပ်ခွေကို မရရအောင် လိုက်ရှာပြီး ပြရသည်။
ပြီးတော့မှ စားကြ သောက်ကြဖို့ ထွက်လာခဲ့ကြလေသည်။
* * *
စားသောက်ဆိုင် တစ်ခုမှာ ထိုင်သည်။ စားကြ သောက်ကြသည်။ နှစ်နှင့်ချီအောင် ကွဲနေကြသော သူငယ်ချင်းများ ပြန်ဆုံခြင်း ဖြစ်သဖြင့် တော်တော် ပျော်ကြသည်။
စကားတွေလည်း အများကြီး ပြောကြသည်။ အေးအေးဆေးဆေးသမား ဖိုးအောင်တောင် တော်တော် သောက်ဖြစ်သွားသည်။ သူသည် တစ်ခါတလေမှသာ သောက်လေ့ရှိသူ ဖြစ်သည်။ သောက်လျှင်လည်း သူငယ်ချင်းတွေ ကျေနပ်အောင် စတိသဘော၊ တစ်ခွက်ထက် မပိုချေ။ ဒီနေ့တော့ သူလည်း နည်းနည်း နှုတ်သွက်အာသွက် ဖြစ်လာသည်။
“ကျောင်းမှာတုန်းက အဆောင်ရှေ့မှာ သီချင်းသွားဆိုတာကို သတိရတယ်ကွာ”
ဟု တင်မောင်လင်းက ပြောသည်။ မျိုးမင်းမြင့်က ...
“ဟေ့ကောင် ... ဒီအရွယ်ကြီး ရောက်မှတော့ လမ်းလယ်ကောင်မှာ သီချင်းဆိုပြီး ကမနေနဲ့ဦးနော်”
“ငါ ဒီလောက် မပေါတော့ပါဘူးကွ”
“အေး ... ဒီကောင်က ခုမူးရင် မကတော့ဘူး၊ သူ့ယောက္ခမ သူ့ကို အထင်သေးတဲ့ အကြောင်း ပြောပြောပြီး ငိုလိမ့်မယ်”
“ဟာ ... တစ်ခါလေး လုပ်မိပါတယ်၊ ပြောလို့မဆုံးတော့ဘူး”
* * *
စားသောက်ဆိုင်ထဲက ထွက်လာတော့ အားလုံး မှန်နေကြပြီ။ ဖိုးအောင်သည် အရမ်းမူးနေတာ မဟုတ်သည့်တိုင် ပုံမှန်အတိုင်း မဟုတ်တာတော့ သေချာသည်။ ခေါင်းထဲက ရီတီတီနှင့် အူမြူးသလိုလို ဘာလိုလို ဖြစ်နေသည်။
“ကဲ ... ဘယ်နှစ်နာရီ ထိုးပြီလဲ”
“ရှစ်နာရီ”
“ဟင် ... အစောကြီး ရှိသေးတယ်”
“ကမ်းနားမှာ သွားထိုင်ပြီး စကားပြောကြမလား”
“တစ်ချိန်လုံး စကားတွေ ပြောခဲ့ကြပြီးပြီပဲ၊ ခု လက်တွေ့ လုပ်ရမယ့်အချိန် ရောက်လာပြီ”
“မင်းဘာလုပ်ချင်လို့လဲ”
မျိုးမင်းမြင့်က လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။
“ဟာကွာ ... ဒါတော့ မလုပ်ပါနဲ့၊ မကောင်းပါဘူး”
ဟု ဖိုးအောင်က ကန့်ကွက်သည်။
“အံမာ ... မင်းက မိန်းမရှိတဲ့ကောင် ဆိုတော့ ဒီစကား ပြောမှာပေါ့၊ ငါ့မှာ ရန်ကုန် လာတုန်းလေး အားရအောင် ပျော်ရတာ၊ နယ်မှာဆိုရင် ဘာမှရှိတာ မဟုတ်ဘူး”
ကျန်နှစ်ယောက်က မျိုးမင်းမြင့် အကြံကို လက်ခံသည်။ ဖိုးအောင်လည်း ထပ်မငြင်းတော့ဘဲ သဘောတူလိုက်၏။
* * *
ပန်းခြံဘက်သို့ လျှောက်လာကြသည်။ ပန်းခြံထဲမှာ အပန်းဖြေ နေကြသူတွေ၊ လမ်းလျှောက် နေကြသူတွေ၊ ထိုင်စကားပြော နေကြသူတွေ၊ တချို့လည်း ဟန်ရေးပြပြီး လမ်းသလား နေကြသည်။ အေးညွန့်ဦးက တစ်ယောက်ကို ညွှန်ပြသည်။
“ဘယ်လို သဘောရသလဲ”
“မဆိုးပါဘူး ... မေးကြည့်လေ”
အေးညွန့်ဦးက ဘေးချင်း ယှဉ်မိအောင် လိုက်လျှောက်သွားပြီး မေးသည်။
“ဘယ်လိုလဲ”
“ဒီလိုပဲ”
သူတို့ တိုးတိုး တိုးတိုး ပြောကြသည်။ ခဏကြာတော့ အေးညွန့်ဦး ပြန်လာသည်။
“အလကားပါကွာ၊ ငါတို့ကို အချဉ်တွေ မှတ်လို့ ဈေးကို နင်းကန် အော်နေတယ်၊ နေကြဦး ... နည်းနည်း ထပ်ကြိုးစား လိုက်ဦးမယ်”
အေးညွန့်ဦး ထွက်သွားပြန်သည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး ...
“အနားကပ် ကြည့်တော့မှ မစွံပါဘူးကွာ”
ထိုစဉ်မှာ ဖိုးအောင်က တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဗာဒံပင်အောက်မှာ ရပ်နေသော တစ်ယောက်။ ခပ်လှမ်းလှမ်း ဓာတ်တိုင်မှ မာကျူရီ မီးရောင်က သစ်ပင်ရိပ်ကို ကွက်တိကွက်ကျား တိုးဝင်နေသဖြင့် သူ့ကို မြင်သာရုံလောက် ရှိသည်။
သူ့ကိုယ်နေဟန်က ပြေပြစ် တောင့်တင်းသည်။ အရပ်အမောင်း ကောင်းသည်။ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ဆွဲဆောင်မှုရှိမှာ သေချာသည်။
ဖိုးအောင် ငေးကြည့်နေမိသည်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။
“ဟေ့ကောင်တွေ ... ဟိုမှာကွ”
ဟု ပြောလိုက်သည်။ ပြီးတော့မှ သူ ဘာဖြစ်လို့ ညွှန်ပြလိုက်မိပါလိမ့်ဟု တွေးမိပြန်သည်။ စိတ်ပါသလိုလို ဖြစ်လာသည့် အတွက်လည်း သူ့ကိုယ်သူ အံ့ဩနေသည်။
မျိုးမင်းမြင့်ဆီက လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်။
“ဟာ ... သားနားတယ်ဟေ့”
“ငါသွားမယ်”
ဟု ဖိုးအောင်က အလိုလို ပြောမိသည်။
“ဟာ ... မင်း ဘယ်လို ဖြစ်တာလဲ”
တင်မောင်လင်းက ပြောနေတုန်း ဖိုးအောင် ထွက်လာခဲ့သည်။ ဗာဒံပင် အောက်က မိန်းကလေးက ဖိုးအောင် လာနေသည်ကို မြင်သဖြင့် ကိုယ်နေကိုယ်ဟန်ကို ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်ပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။
ဖိုးအောင် အနားမှာ သွားကပ်ပြီး ...
“ဘယ်လိုလဲ”
“ဒီလိုပဲ”
“ဘယ်သွားမလို့လဲ”
“ဟိုနား ဒီနားပေါ့”
“လမ်းကြုံတယ် လိုက်မလား”
“ဘယ်ကိုလဲ”
“တစ်နေရာရာပေါ့”
အမျိုးသမီးက စဉ်းစားသလို လုပ်နေသည်။ အနီးကပ် ကြည့်တော့မှ သူ့ရုပ်ရည်သည် ထင်ထားသည်ထက် ပို၍ စွဲမက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဖိုးအောင် ရင်တွေ ခုန်လာ၏။ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။
“အို ... လူကို ဘယ်လို ကြည့်နေတာလဲ”
ဖိုးအောင် ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်း သတိရလိုက်သည်။ ဘာမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်လာခဲ့သည်။
“ဘယ်လိုလဲကွ ... မင်း တကယ်ရဲပါလား၊ မင်း ဒီလောက် လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး”
ဟု သူငယ်ချင်းတွေက ဝိုင်းပြောကြသည်။ သူလည်း သူ့ကိုယ်သူ အံ့ဩမိသည်။ သူက ခေါင်းခါပြီး ...
“ပြန်ကြရအောင်ကွာ၊ ဘာမှ ဆက်လုပ် မနေပါနဲ့တော့”
“ဟာကွာ ... ဘယ်လို ဖြစ်တာလဲ”
“မင်းတို့ နေချင်နေခဲ့ကွာ၊ ငါပြန်တော့မယ်”
ဟု ပြောပြီး လှည့်ထွက် လာခဲ့သည်။ သူငယ်ချင်းတွေက ...
“ဟာ ... ဟေ့ကောင်၊ ဘာဖြစ်တာလဲ”
ပြောတာကိုတောင် လှည့်မကြည့်တော့။
* * *
အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ တင်းကျပ်နေသည်။ ခုလို တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အရက်သောက်တာ များသွားလို့များလား။ တစ်ချက်တစ်ချက်တွင် ဗာဒံပင်အောက်က အမျိုးသမီး၏ ကိုယ်နေဟန်ကို ဖျတ်ခနဲ မြင်ယောင်မိသေးသည်။ သူသည် အတင်းကြိုးစား၍ မြင်ကွင်းထဲက မောင်းထုတ်ပစ်လိုက်သည်။
အိမ်ပြန်ရောက်သည် အထိ ကတုန်ကယင်ကြီး ဖြစ်နေရတုန်းပင်။ ရီဝေဝေ ဖြစ်နေတာလည်း မပျောက်တော့။ သူ့စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသည်။
အိမ်ပေါက်ဝမှာ ခဏရပ်သည်။ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီးမှ တံခါး ခေါက်လိုက်သည်။ တံခါးဖွင့်သည်။ တံခါးပေါက်ဝတွင် သူ့မိန်းမ ရပ်နေသည်။ အိမ်ရှေ့မီးမှိန်မှိန်တွင် သူ့မိန်းမ၏ မျက်နှာကို ခပ်မှုန်မှုန် မြင်နေရသည်။ သူသည် မိန်းမကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့ရင်တွေ ပြင်းထန်စွာ ခုန်လာသည်။
သူ့မိန်းမက ...
“ဘာဖြစ်နေသလဲ”
ဟု မေးသည်။
“ဘာဖြစ်လို့လဲ”
ဟု သူက ပြန်မေးသည်။ သူ့အသံတွေက မမှန်။
“မောင့်မျက်လုံးတွေက တစ်မျိုးကြီးပဲ”
သူက ဘာမျှ ပြန်မပြောဘဲ သူ့မိန်းမ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
မင်းလူ
ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၇။
Monday, November 19, 2018
အနိစ္စ သိပ္ပံမောင်ဝ
ခွေးတို့၏ လောကကြီးတွင် တစ်နှစ်တစ်ကြိမ် အချစ်နာလန် ထသည်မှာ ဓမ္မတာပင် ဖြစ်၏။ တော်သလင်းလ ကျမှဖြင့် ခွေးအပေါင်းတို့ကို ရာဂ နတ်မင်းကြီးသည် ဖမ်းစားလေတော့ သတည်း။
အာမိတ်၊ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ သိကြားမင်း၏ သားသမီး မဟုတ်ကြ သောကြောင့် သူတို့လည်း ရာဂ နတ်မင်းကြီး၏ ဖမ်းစားခြင်းကို ခံကြရ ရှာလေသည်။ ရာဂ နတ်မင်းကြီး၏ လက်ဦးဆုံး ဖမ်းစားခြင်း ခံရသူကား လွေဇောနှင့် ခွေးနက်ကြီး ဖြစ်ကြလေသည်။ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ နဂိုကပင် တစ်ကောင်နှင့် တစ်ကောင် ရင်းနှီးရသည့် အထဲတွင် ရာဂ နတ်မင်းကြီးက ဖမ်းစားလိုက် ပြန်သောအခါ အထူးပင် မူးမူးရူးရူး ဖြစ်၍ သွားကြကုန်၏။ လွေဇောနှင့် ကြာသမား ခွေးနက်ကြီးတို့မှာ သွားလည်းတူတူ နေမူမကွာ လွန်စွာမှပင် ပျော်ပါးနေကြ ကုန်၏။ စားရမှန်းလည်း မသိ၊ သောက်ရမှန်းလည်း မသိ။ တစ်ကောင်ကို တစ်ကောင် ပလူးနေရ၊ နှူးနေရလျှင် ကျေနပ်ကြလေပြီ။ လွေဇောကလည်း အမူပါ။ ကြာသမား ခွေးနက်ကြီးကလည်း အနှူးကောင်း။ သူတို့နှစ်ကောင်မှာ မိုးမမြင် လေမမြင် အပျော်ကြီး ပျော်နေကြကုန်၏။
လွေဇောနှင့် ခွေးနက်ကြီးတို့၏ အဖြစ်အပျက်ကို မြင်ရလျှင် အာမိတ်မှာ မနာလို ဖြစ်မိပေ၏။ မနာလိုဖြစ်ရာမှ ရန်ထောင်လိုသော စိတ် ပေါ်ပေါက်လာ၏။ လွေဇောနှင့် ခွေးနက်ကြီးတို ့ တစ်ကောင်နှင့် တစ်ကောင် ကျီစယ် နေကြသည်ကို အာမိတ် မမြင်လိုတော့ပြီ။ မကြည့် နိုင်တော့ပြီ။ အာမိတ်ကို ရာဂ နတ်မင်းကြီး ဝင်၍ ပူးလေပြီ။ အာမိတ် ခါတိုင်းကဲ့သို ့ မနေနိုင်ရှာ။ လွေဇော၏ အနားသို ့ ရစ်သီရစ်သီနှင့် သွားတော့၏။ ခွေးနက်ကြီးက မာန်လေသည်။ အာမိတ် အဘယ်မှာလျှင် ခံနိုင်တော့အံ့နည်း။ ရာဂ နတ်မင်းကြီး ဖမ်းရုံမျှမက ဒိန်းဒလိန်းနတ်လည်း ဝင်ပူးလာလေပြီ။
မောင်လူအေးတို ့ဤနေအိမ်သို ့ရောက်စက အာမိတ်နှင့် လွေဇောတို့မှာ ငယ်ကြသေး၏။ အပျိုဘော် လူပျိုဘော် ဝင်ခါစ ရှိကြသေးသည်။ ခွေးနက်ကြီးကား အသက် အတော် ကြီးနေလေပြီ။ ယခင်နှစ်ကမူကား အသက်ကလည်း ကြီး၊ အိမ်ခံကလည်း ဖြစ်ပြန်သောကြောင့် အာမိတ်ကို နိုင်ချင်သလို နိုင်ခဲ့လေသည်။ အာမိတ်ခမျာ ခွေးနက်ကြီးကို အတော်ပင် ကြောက်ခဲ့ရရှာ၏။ ခွေးနက်ကြီး ထားရာမှာ နေခဲ့ရရှာ၏။ ယခင်နှစ်က ခွေးနက်ကြီးနှင့် လွေဇောတို ့ ချစ်ကြိုက်ကြရာမှာပင် သူ အကူအညီ ပေးခဲ့ရသည်။
ယခုကား ဤသို ့မဟုတ်တော့ပြီ။ အာမိတ်မှာ အသက်လည်း ကြီးလာလေပြီ။ အရွယ်ကလည်း ခွေးနက်ကြီးထက်ပင် ထွားကျိုင်းသေး၏။ ဘူး၊ ချီး၊ ဒိုင်း စသော သားသမီးများကိုလည်း အုပ်ထိန်း လာခဲ့ရသောကြောင့် သတ္တိလည်း ကောင်း၍ လာလေပြီ။ ရှေးက ခွေးနက်ကြီးအား ရွံ့တွန့်တွန့် ဖြစ်ခဲ့သော်လည်း ရာဂနတ်ကြီးနှင့် ဒိန်းဒလိန်းနတ်တို့က ကူညီအားပေး သောကြောင့် ခွေးနက်ကြီးနှင့် အားပြိုင်လိုသော စိတ်ထားမှာ အာမိတ်တွင် ပေါ်လာ၏။
တစ်ခုသော ညနေတွင် ကြာသမား ခွေးနက်ကြီးနှင့် လွေဇောတို ့ ကျီစယ် ကစားနေခိုက် အာမိတ်ကြီးသည် လွေဇော၏ အနားသို ့ ပြေး၍ သွား၏။ ကြာသမား ခွေးနက်ကြီးက မာန်၍ လွှတ်လေသည်။ ရှေးအခါ ဖြစ်မူကား အာမိတ် လှည့်၍ ပြေးမည်မှာ မုချပင်။ ယခုမူ ပြန်၍ မပြေးဘဲ “ဟေ့ မယားခိုး၊ မယားထိတော့ သွားကို ကြည့်ကွ” ဆိုသော အနေနှင့် မိမိ်သွားများကို ဖြဲပြလေတော့၏။ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် အံ့အားသင့် သွားပြီးနောက် “ဘာပြောတယ်၊ ဒါ ငါ့မယားကွ။ မင်းနဲ့ မဆိုင်ပါဘူး” ဆိုသော အနေနှင့် မိမိ၏ သွားများကို ဖြဲ၍ ပြလိုက်ပြန်လေ၏။ လွေဇောကား ခွေးနက်ကြီး၏ အနားမှ မခွာ “ဒါမှ ငါ့သခင်” ဆိုသော အနေမျိုးနှင့် နေပေ၏။ အာမိတ် ကြောက်သွားပြီလော။ စိတ်ပျက်သွားပြီလော။ အဘယ်မှာ ကြောက်ပါအံ့နည်း။ အဘယ်မှာ စိတ်ပျက်ပါအံ့နည်း။
“ဟေ့ လွေဇောဟာ ငါ့မယား မဟုတ်လို ့ဘယ်သူ ့မယားလဲ။ ငါ့ မိဘများက လူကြီးစုံရာရှေ့မှာ ပေးစားထားတာ။ တိုင်းသိပြည်သိ မှတ်ပါ။ သတင်းစာထဲမှာ ဓာတ်ပုံ မပါတာ တမယ် ရှိတယ်” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။ ဟိန်းလည်း ဟိန်း၏။ ဟောင်လည်း ဟောင်၏။
“မင်းဘာမှ စကားမများနဲ့။ မင်းမိဘတွေက ပေးစားတာ မပေးစားတာ ငါ နားမလည်ဘူး။ ငါ့ကို လွေဇော ချစ်တယ်။ ငါက လွေဇောကို ချစ်တယ်။ မယုံယင် လွေဇော မေးကြည့်” ဆိုသော အနေနှင့် သွားများကို ဖြဲပြပြီးလျှင် လွေဇောကို လှည့်၍ ကြည့်၏။ လွေဇောကလည်း ထောက်ခံသော အနေနှင့် ခွေးနက်ကြီး၏ အနားသို့ ကပ်၍ သွားလေသည်။ အာမိတ် အတော်ပင် မျက်နှာပျက်သွား၏။ ဒေါသလည်း ထွက်လေသည်။ သို့သော် နောက်မဆုတ်။
“ဘယ်သူချစ်ချစ်၊ ငါမသိဘူး၊ လူကြီးစုံရာ ရှေ့မှာ ပေးစားထားတဲ့ ငါ့မယား၊ ငါသာ ပိုင်တယ်။ မင်း မပိုင်ဘူး” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။
အာမိတ်၏ ဥပဒေ စကားကို ပြောသောအခါ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် နေရခက်သွား၏။ လွေဇောလည်း မျက်နှာပျက်သွား လေသည်။ နောက်ဆုံး၌ အကြံတစ်ခု ရလာပြီးလျှင် “ဟေ့ ဘာဘဲဖြစ်ဖြစ်၊ နောင်ခါလာ နောင်ဈေး၊ အခု မင်း ငါ့မယားကို ထိဝံ့ရင် ထိစမ်း” ဟုဆိုကာ ဟိန်းလိုက်၏။
“ကိုင်း ထိသကွာ” ဆိုသော အနေနှင့် လွေဇော၏ အနားသို ့ပြေးသွား၏။ လွေဇောလည်း ခွေးနက်ကြီး၏ နောက်ဘက်သို ့ ဝင်လိုက်လေသည်။ ခွေးနက်ကြီးလည်း ဒေါသအမျက် ချောင်းချောင်းထွက်ပြီးလျှင် အာမိတ်ကို ဆီး၍ ကိုက်တော့၏။ အာမိတ်ကလည်း မခံ၊ ပြန်၍ ကိုက်လေသည်။ ခွေးနက်ကြီးနှင့် အာမိတ်တို့မှာ သူတပြန်၊ ငါတပြန် ကိုက်နေကြလေသည်။ ကုက္ကိုပင်ကြီး အောက်တွင် ဆူညံ၍သာ နေတော့၏။
မောင်လူအေးသည် ဒင်းတို ့ ၂ ကောင်ကို အတန်ကြာအောင် အကိုက်ခိုင် းလေသည်။ သို့သော် မည်သူမျှ မရှုံး၊ မည်သူမျှ မနိုင်ချေ။ နောက်ဆုံး မော်တော်ကားသမား မောင်နီနှင့် ရေထမ်းသမား မဟာရံတို့အား အဖြန်ခိုင်းလိုက် လေသည်။ အာမိတ် မျက်နှာ စုတ်သွား၏။ ခွေးနက်ကြီး၏ တင်ပါးနှင့် ကိုယ်တို့မှာ အကြီးအကျယ် ပြဲသွားလေသည်။ သို့သော် အခဲမကျေသေး။ မောင်နီတို့ကို ကြောက်၍သာ တကွဲတပြား ထွက်ပြေးကြလေသည်။
နောက်တစ်နေ့နံနက် ကာဖီ သောက်ပြီးနောက် မောင်လူအေးသည် အိမ်ပေါ်ထပ် စာရေးစားပွဲတွင် အမှုတွဲများနှင့် ရှုပ်ပွေနေခိုက် အိမ်ရှေ့ မြက်ခင်း ပေါ်တွင် အာမိတ်နှင့် ခွေးနက်ကြီးတို့၏ စစ်ပွဲကို မြင်ရပြန်၏။ အမှုတွဲများကို ခဏချထားပြီးနောက် အာမိတ်တို့ စစ်ပွဲကို စိတ်ပါ၊ လက်ပါ၊ မောင်လူအေး ကြည့်နေလေ သတည်း။
လက်ဦးတွင် ခွေးနက်ကြီးက နိုင်မယောင်ယောင် နေ၏။ အတော်လေးြ ကာလျှင် ခွေးနက်ကြီး မောစပြု လေပြီ။ မနေ့ ညနေက အာမိတ် ကိုက်ထားသောကြောင့် တင်ပါးနှင့် ကိုယ်တို့မှ အနာများကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ အာမိတ်မှာ အသက်ငယ်ပြီး အားကောင်းသော တက်ခွေး ဖြစ်၏။ ခွေးနက်ကြီးကား အသက်ကြီးပြီး ခွန်အား ဆုတ်နေသော ကျခွေး ဖြစ်လေသည်။ ရေရှည်တိုက်ပွဲတွင် တက်ခွေး အာမိတ်အား ကျခွေး ခွေးနက်ကြီးသည ် အဘယ်မှာလျှင် နိုင်အောင် ကိုက်ရန် တတ်နိုင်ပါအံ့နည်း။ ယောက်ျား ပီသသော အာမိတ်အား မိန်းမလို မိန်းမရ ကြာသမား ခွေးနက်ကြီးသည် အဘယ်မှာ နှိမ်နင်းနိုင်အံ့နည်း။
ကိုက်ပွဲကြီးကို စ၍ ၁၅ မိနစ်အတွင်း ခွေးနက်ကြီး ထွက်ပြေး လေတော့၏။ အာမိတ်လည်း အခဲမကျေ။ နောက်မှ ပြေးလိုက်သေး၏။ သို့သော် သေပြေး၊ ရှင်ပြေး ဝင်းအပြင်ဘက်သို့ ထွက်၍ ပြေးတော့မှ လွေဇော ရှိရာ မြက်ခင်းသို ့ အာမိတ် ပြန်၍ လာသတည်း။ လွေဇော၏ စိတ်ထဲတွင် အာမိတ်သည် ခွေးနက်ကြီးကို မည်သည့် အခါမျှ နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ခွေးနက်ကြီးနှင့် တွေ့စမှ ယနေ့တိုင် ခွေးနက်ကြီး အပေါ်တွင် လွေဇောသည် အစစ အရာရာ၌ အထင်ကြီးခဲ့ပေ၏။ ယနေ့နံနက် ကိုက်ပွဲကျမှ အာမိတ်က ခွေးနက်ကြီးထက်ပင် သတ္တိကောင်းကြောင်း၊ ဇွဲကောင်းကြောင်း၊ ခွန်အားကောင်းကြောင်း သိရလေသည်။
အာမိတ် မိမိ၏ အနားသို ့ ရောက်လာသောအခါ လွေဇောသည် အာမိတ်၏ အနားသို ့ ပြေးသွားပြီးလျှင် အာမိတ်၏ မျက်နှာကို လျှာဖြင့် လျက်လေတော့၏။ အာမိတ်အား ချစ်ခင်သော အမူအရာများကို ပြ၏။ အာမိတ်ကို အားကိုးသော အမူအရာ၊ မြတ်နိုးသော အမူအရာ၊ အထင်ကြီးသော အမူအရာ တို့ကိုလည်း ပြလေသည်။ လွေဇော၏ အပြုအမူများကို မြင်ရသော အာမိတ်၏ မျက်နှာထားကို စာဖြင့် ရေးပြရန် ခက်လှပေ၏။ “ခွေးနက်ကြီး လောက်တော့ ငါ ဘာမှုမလဲ” ဆိုသော မျက်နှာထားနှင့် ခပ်တည်တည် ဂိုက်ကျကျ လွေဇော၏ အနားတွင် ရပ်ကာ နေလေသည်။
အထက်ဖော်ပြပါ ကိုက်ပွဲကြီး ပြီးသည့်နောက် အာမိတ်နှင့် လွေဇောတို့၏ အနားသို ့ ခွေးနက်ကြီး လာဘို့ဝေးစွ မောင်လူအေး၏ ဝင်းအတွင်းသို့ပင် မဝင်ဝံ့တော့ပြီ။ ခွေးနက်ကြီး ရိပ်ခနဲ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အာမိတ် လိုက်လေတော့၏။ ခွေးနက်ကြီးမှာ သေပြေး၊ ရှင်ပြေး၊ ပြေးရရှာလေသည်။ လွေဇောကလည်း အာမိတ်၏ အနားမှ မခွါတော့ပြီ။ အာမိတ်နှင့် လွေဇောတို့မှာ ချစ်၍မဆုံး ကြိုက်၍မဆုံး ပျော်၍မဆုံး တပြုံးပြုံးနှင့် နေကြကုန်၏။ ဤအခြင်းအရာကို အဝေးမှာနေ၍ မြင်ရသော ခွေးနက်ကြီးကား မည်မျှ အခံရဆိုး၊ မည်မျှ အသည်းနာမည်နည်း။
မနှစ်တုန်းက ခင်သန်းမြင့်၏ ရန်ကြောင့် လွေဇောနှင့် ခပ်ကြာကြာကလေး ကြင်ကြင်နာနာ မပေါင်းလိုက်ရ။ ယခုနှစ် ကျပြန်လည်း အာမိတ်တည်း ဟူသော ရန်သူတက်ခွေးနှင့် တွေ့နေရ ပြန်သောကြောင့် နီးလျှက်နှင့် ဝေးရပြန်လေသည်။ ခွေးနက်ကြီးသည် မိမိ၏ အဖြစ်အပျက်ကို တွေးတွေးပြီး ဆွေးနေဟန် တူလေသည်။
တစ်ခါတစ်ခါ မလွေဇော ခင်နှမနှင့် မကြင်ရသော်လည်း မြင်ရလျှင် တော်ပါပြီ ဟူသော အနေနှင့် အာမိတ် မမြင်နိုင်သော ချုံအကွယ်မှ လာ၍ ချောင်းရှာပေ၏။ အာမိတ်နှင့် လွေဇောတို ့ ကျီစယ် နေကြသည်ကို မြင်လိုက်ရ ပြန်သောအခါ အသည်းထဲတွင် ကျွဲဝင်၍ ခတ်လိုက်ဘိ သကဲ့သို ့ဖြစ်ပြီးလျှင် မိမိ၏ နေရာတွင် မတည်မရပ် နိုင်ရှာဘဲ ထွက်သွားပြန်၏။ ခွေးနက်ကြီးမှာ မယားတရူး ဖြစ်ပြီးလျှင် မောင်လူအေးတို့၏ ဝင်းအပြင်ဘက်တွင် ရပ်တည်ခြင်း မရှိ။ တပြေးတည်း ပြေးနေလေတော့၏။ စားလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်၊ သောက်လည်း မသောက်နိုင်။ တမှိုင်မှိုင် တတွေတွေ ဖြစ်လျှက်နေလေသတည်း။
ညအချိန်များတွင် စိတ်ညစ်လှသဖြင့် အသံကုန် ဟစ်၍ အူရှာပေ၏။ ခွေးနက်ကြီး၏ အူသံ ကြားရသည်နှင့် တစ်ပြိုင်နက် အာမိတ် ဝင်းအတွင်းမှ ပြေးထွက်၍ လိုက်ပြန်၏။ ခွေးနက်ကြီးမှာ စိတ်ရှိလက်ရှိပင် မအူရရှာပေ။ အာမိတ်ကြီး အနီးသို ့ ရောက်လာသောကြောင့် အူ၍ မဆုံးမီ ပြေးရရှာပြန်၏။
ဤသို ့ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်င်၊ တမှိုင်မှိုင် ပြေးနေရှာသော ခွေးနက်ကြီးမှာ တစ်နေ့တခြား ပိန်ခြုံး၍သာ လာလေသည်။ စိတ်ထောင်း၍ ကိုယ်ကြေဆိုသော စကားမှာ မှန်လာလေပြီ။ အာမိတ် ကိုက်၍ ရထားသော ဒဏ်ရာကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ တစ်နေ့တခြား လျော့၍ မသွားဘဲ တစ်စတစ်စသာလျှင် တိုး၍ လာတော့၏။ လွေဇောအတွက် စိတ်ညစ်ရသည်က တစ်မျိုး၊ အာမိတ် ကိုက်ထားသော အနာများ တိုးလာသည်က တစ်တန်နှင့် အင်မတန်မှ ဒုက္ခရောက်နေ ရှာပေ၏။
ယင်ကောင်များ၏ ပယောဂကြောင့် ခွေးနက်ကြီး၏ အနာများကို ပိုးများ တွယ်စ ပြုလေ၏။ ခွေးနက်ကြီး မနေတတ် မထိုင်တတ် ဖြစ်နေရှာလေပြီ။ မည်သို့မျှလည်း မလုပ်တတ်။ တပြေးတည်း ပြေးနေရှာ၏။ ခွေးနက်ကြီး၏ ဒုက္ခကို မြင်ရသော မောင်လူအေးမှာ မသနားဘဲ မနေနိုင်။ သူ၏ အနာများကို ဆေးထည့်ပေးအံ့ဟု ခေါ်သော်လည်း အနားသို့ မလာ။ မောင်နီတို့အား ဖမ်းခိ်ုင်းသော်လည်း မရ။
ခွေးနက်ကြီး၏ ရောဂါမှာ အတော်ပင် ဆိုးလာသောကြောင့် ၄င်းရောဂါနှင့်ပင် ခွေးနက်ကြီး သေတော့မည်ဟု အယူရှိကြ လေသည်။ သူတို့၏ အိမ်ရှေ့တွင် လာသေမည် စိုးသောကြောင့် မောင်စိန်တို့လူစု ခွေးနက်ကြီးကို မြင်လျှင် အဝေးသို ့ နှင်ပစ်လေ့ ရှိကြကုန်၏။ လွေဇောကို မမြင်ရလျှင် မနေနိုင်။ သေပင် သေရစေကာမူ လွေဇော၏ မျက်မှောက်တွင် သေအံ့ ဟူသော အနေဖြင့် သူတကာ အိပ်ပျော်နေသော ညည့်နက်သန်းခေါင် အချိန်တွင် မိမိနှင့် လွေဇောတို ့ ယခင်က ပျော်ပျော်ပါးပါး မြူးတူးကစားလေ့ ရှိသော ကုက္ကိုပင်ကြီး အောက်တွင် လာ၍ သေရှာပေ၏။
နောက်တစ်နေ ့ နံနက်စောစော မောင်စိန်တို ့ အိပ်ရာမှ ထကြသောအခါ ခွေးနက်ကြီး၏ အလောင်းကို ကုက္ကိုပင်အောက်တွင် မြင်ကြရကုန်၏။ ဤနည်းအားဖြင့် ကြာသမား ခွေးနက်ကြီးသည် သေပွဲသို့ ဝင်ရရှာလေသတည်း။
ချစ်ခြင်းသည် သတ္တဝါတို့အား တစ်ခါတစ်ခါ ကြီးစွာသော ဒုက္ခကို ပေးတတ်ပါတကား။
-------------
သိပ္ပံမောင်ဝ
ဂနၴလောက၊ မေ၊ ၁၉၃၈။
သူ့မယား ဆရာဇော်ဂျီ
------------------
(၁)
ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။
မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။
“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာ စကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့” ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ “မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရ ပေတယ်” ဟု တွေးမိသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမား တစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် “မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ” ဟု တွေးမိပြန်သည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ “ထဘီနား ခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် “အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ “ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။
မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။
(၂)
အနာကျက်သော နေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင် အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာ ထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုး တည်ရမည် ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်း ဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။
ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်း နေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍ စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။
“နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။
“ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကို တာစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-
“ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ”
“ဟို ကမ်းနားမှာ”
“အကျိုးနည်းကုန် ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်”
ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့ သည် အမေကို ကွယ်နေကြသည်။ “ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ် သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျေွးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။
“အမေ့ ကျောကို တံတောင်နဲ့ ကြိတ်စမ်း” ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။
ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ “ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။
(၃)
ပြောစဉ်က တစ်လလောက် သင်္ကန်း ဝတ်လိုကြောင်း ပြော၍ သင်္ကန်း ဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော် ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက “ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ” ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွက်၍ တာရားဟောလေ တော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် “ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး” ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါ နှစ်ခါ လျှောက်ကြည့်ပါ၏။ တရား အဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီး။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာ မရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင် ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အကျႌ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့် အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း “ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ” ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ “ထူးခြားလှပါကလား” ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း”မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ “ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ “အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား” ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် “ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့် လိုက်သည်။
ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား “မဖော့တို့ ဘာများ လုပ်ကြမှာတုံး” ဟု မေးသည်။
“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။ “ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေ ကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့”
မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-
“ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘာဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုက စပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေး ဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျှောက်၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ...”
“ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။
------------
ဇော်ဂျီ
ဂနၴလောက၊ အောက်တိုဘာ၊ ၁၉၃၇။
Subscribe to:
Posts (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
အငွေ့စားသူ ။။ ထေရီ(Htei Ri)
"အငွေ့စားသူ" ................... ထေရီ(Htei Ri) •သယ်...ဟယ်..ဟယ်..... ငါကိုယ်တော်မြတ် တစ်ဇတ်ဇတ်ကယ်တုန် မိတ်ကပ်ရယ်အဖုံသားနဲ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
