ဆုန်းဂျီဟို အခိုးခံရမှု
Https://www.youtube.com/@thantunlayinde
.
ခေတ်အခါသည်ကား ဘရားမားပြည်တွင် ဂွတိုစိုးစံစဥ်ကာလ
တနေ့သ၌ ကျွန်ုပ်သည် အိမ်ရှေ့သစ်ပင်ရင်းရှိကွပ်ပျစ်၌ အကြမ်းတအိုးနှင့်ထိုင်၍
နွေဦးနရသိန်'မှ ဟေဈရ် (Hazel) ဖတ်ပြသော စာပေဇာတ်လမ်းများအားစဥ်ခံစားနေခိုက်
ဆားပုလင်းနှင်းမောင်'ရောက်လာပေရာ လောကဝတ်အတိုင်း နှုတ်ဆက်လိုက်လေ၏
'ဟလိုအိုင်ဆေး ဘယ်ကဘယ်လိုပေါက်ချလာရသတုန်းဗျ'
'ဒီလိုပါပဲဗျာ'
လို့ ကျွန်ုပ်အမေးအားဖြေဆိုရင်း နားဘေးမှာဝင်ထိုင်လိုက်လေသည်
ကျွန်ုပ်လည်းဧည့်သည်ရောက်လာ၍ တည်ခင်းဧည့်ခံဖို့လောဆော်ဖို့ရာ
အိမ်တွင်းဝွေ့ဝဲကြည့်ခိုက် ထားထက်ထက်'မှာ စာတအုပ်ကို စိတ်ဝင်တစားသဲကြီးမဲကြီးဖတ်လို့
ပကတိလောကနှင့် ကင်းကွာနေဟန်ရှိရကား နှုတ်ကဆိုမနေတော့ပဲ
ကိုယ်တိုင် မီးဖိုချောင်သို့ဝင်၍ လက္ဖက်ရည်ဝင်ဖျော်ပြီး သူမနားသို့တခွက်ချပေးလေရာ
လက္ဖက်ရည်ရနံ့ကြောင့်ထင့် တပင်စနှစ်ပင်စ ကပိုကရိုဝဲကျနေသည့် ဆံနွယ်လေးများကို
ဖယောင်းတိုင်ပမာ သွယ်လျှပြည့်တင်းနေသော လက်ချောင်းလေးများဖြင့်
နားသယ်နောက်စီသပ်တင်ရင်း
နားပန်စမှ စိမ်းညို့ညို့ပြာလဲ့လဲ့သွေးကျောလေးများ ထင်းလင်းစွာပေါ်လာပြီး
နီရဲခြောက်သွေ့နေသော နှုတ်ခမ်းဖျားများကွေးညွှတ်လို့ ကြည်နူးစွာပြုံးရင်း
နှုတ်မြွက်မဆို ကျွန်ုပ်အား ရွှမ်းရွမ်းစားစားကြည့်နေလေ၏
သို့နှင့် ကျွန်ုပ်လည်း လက္ဖက်ရည်ဗန်းကိုင်လို့ ကိုနှင်းမောင်ဆီးလျှောက်သွားလေရာ သူက
အကြမ်းရည်ကတယ်ကောင်းကိုဗျ မှန်းစမ်း သူပုန်' လက္ဖက်ခြောက်မှတ်တယ်ဟုဆိုလိုက်ရာ
ကျွန်ုပ်က အိုင်ဆေးတို့များ ဗဟုသုတတယ်စုံပေတာကိုးလို့ ရေရွတ်မိလေ၏
ထို့နောက် တောင်တောင်အီအီစကားပြောဆိုကြရင်း
ရုံးအစေခံပြာတာမောက်မဲလုံးလေးက အင်မတန်ကြီးမားသည့် ပြဿနာများကို
ဖြေရှင်းနေရသည့်ဟန် အင်မတန်မှအလှုပ်ရှုပ်သည့်ဟန်အသွင်ဖြင့်
သုတ်သုတ် သုတ်သုတ်သွားနေသည်ကိုတွေ့၍
'ရေနွေးလေးဘာလေး လာသောက်ပါအုံးကွ' ဟု လှမ်းနှုတ်ဆက်လေရာ
အင်း..ကိုယ့်လူတို့ပဲ အအ..အေးတယ် တိုင်းရေးပြည်ရာမသိ
တိုးတက်အောင်လည်းမကြံဆောင် နေနိုင်တာအံ့ပဗျာ
ခုကျုပ်ဆရာဂွတု'ကို ကမ္ဘာ့အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ ICC က အထူးတွေ့ဆုံလိုကြောင်း
သဝဏ်လွှာပါးထားတာမို့ အရေးအရာတွေစီမံပေးရမှာမို့မအားဘူးဗျ ဟုဆိုကာ
သုတ်တိသုတ်ပြာထွက်သွားလေ၏
နို့ ကိုနှင်းမောင်' သူပြောသွားတဲ့ ICC ဆိုတာဘာတုန်းဗျ
နိုင်ငံတကာ ရာဇဝတ်ခုံရုံးပါဗျာ' ဟုဆိုလေ၏
ထို့နောက်စကားစပြတ်သွားကြရင်း ငူတူတူဖြစ်နေသည့်အလျှောက် ကျွန်ုပ်မှပင်စ၍
ကမ္ဘာအဖွဲ့အစည်းတွေလည်း အခုတောအလုပ်ရှုပ်နေပုံမှတ်တယ်
အာရှတိုက်ဆီဘယ်လိုများမျက်စိကျနေကြပါလိမ့်
အဖွဲ့ပေါင်းစုံလာလာနေတာ သတင်းတွေ တွေ့တွေ့နေရလို့ ဟု မေးလိုက်လေရာ
သူက အိပ်အတွင်းကဖုန်းကိုထုတ်ယူ၍ ဓါတ်ပုံတပုံအားပြကာ ဒါ့ကြောင့်ပါဗျာဟု ဆို၏
ကျွန်ုပ်လည်းကြည့်လိုက်လေရာ လွန်ခဲ့သည့်ဆယ်နှစ်လောက်ကတည်းက
နစ်သက်စွာကြည့်ဖူးခဲ့သည့် Running Man ဆိုသည့် ကိုရီးယား'ရသစုံအစီအစဥ်အတွင်းမှ
ဆုန်းဂျီဟျို' (Song Ji hyo )နှင့်တူ၍ ပို၍နှနယ်လှပဟန်ပင်ရှိသည်ဖြစ်လေရာ
သူမတော့ ဟုတ်ဟန်မတူလို့ကောက်ချက်ချရင်း
ခုဖြစ်နေတဲ့အရေးအရာတွေက
ဒီကောင်မလေးနဲ့ ဘယ်လိုများပတ်သက်နေသတုန်း'လို့မေးမိလေရာ သူက
ဒီလိုဗျာ လွန်ခဲ့တဲ့ရက်ပိုင်းက အင်စတာဂရမ် (Instagram) မှာ
ဒီပုံပျံ့နှံ့လာတော့ WHO ဆိုတဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက
အိုမင်းခြင်းကိုအံတုလို့ အစဥ်နုပျိုနိုင်တဲ့ဆေးနည်းရှိရမယ်လို့ယူဆပြီး သူမနောက်လိုက်နေတာ
စကော့တလန်ယာဒ်စုံထောက်အဖွဲ့လည်းရောက်နေဆိုဗျ
သူတို့က ကာလတွေသာပြောင်းသွားတယ် လူကနဂိုအတိုင်းဆိုတော့
AI သုံးလို့ ပုံမှားရိုက်နေသလားလို့ လာစုံစမ်းတာပါ
ဒါနဲ့နာဆာ (NASA) ဆိုတဲ့ သိပ္ပံနဲ့ အာကာသဆိုင်ရာအဖွဲ့ကြီးလည်းတွေ့လိုက်ပါတယ်
ဪသူတို့က အတိတ်ကာလကနေ အချိန်ခရီးသွားလို့ရောက်နေတာနေမှာလို့ယူဆပြီး
ပညာရပ်ဆိုင်ရာတိုးတက်ဖို့ နည်းယူဖို့ရောက်လာတာပါ
သူတို့ချည်းပဲမဟုတ်ဘူးဗျ ဒီနည်းပညာရဖို့ဆိုရင် အီလွန်မက်'က
ဘယ်လောက်ပေးရပေးဆိုပြီး ဈေးစကားပစ်ထားသေးတယ်
သူတို့ထင်မြင်ချက်တွေကလည်း အမှားတော့မဆိုသာပါဘူးလေ
ဘာလို့တုန်းဗျ
အဲ့ဒီအမျိုးသမီး အသက် ၂၃ လောက်ကတွေ့ဖူးတယ်ဗျ
အခုပုံက သူမအသက် ၄၃ မှာရိုက်ထားပါတယ်ဆိုပေမယ့် ဘာမှကွာမသွား
တယောက်တည်းဖြစ်တာလည်းအမှန်
ဒီတော့ သူမအသက် ဆယ်စုနှစ်၂ခုစာကာလ
ဘယ်သူများခိုးသွားပါလိမ့်လို့ ကျွန်ုပ်တောင် တွေးမရဖြစ်နေတာပါပဲဗျာ
ဟု ရေခဲတောင်စီးကရက်အားဖွာရှိုက်၍
ဖြေးညှင်းစွာဆိုလိုက်လေတော့သတည်း...
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment