သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, October 6, 2025

PK(2014) နှင့်အတွေးစ ၊ ဗုဒ္ဓဘာသာဘုန်းကြီးနဲ့အတွေ့မှာ PK ဘာပြောမယ် ဘာလုပ်မယ်ထင်လဲ ...?

 


PK(2014) နှင့်အတွေးစ
ဗုဒ္ဓဘာသာဘုန်းကြီးနဲ့အတွေ့မှာ PK ဘာပြောမယ် ဘာလုပ်မယ်ထင်လဲ ...?
ဇာတ်တကြောလုံးရဲ့ အညွှန်းပုံစံမဟုတ်ဘဲ ပြပြီးတိုးလိုးတန်းလန်းရပ်သွားတဲ့ ဇာတ်ဝင်ခန်းလေးကနေ တွေးကြည့်တာပါ 

တကယ်လို အဲ့သည်မှာရပ်မသွားရင် ဘာဆက်ပြမလဲ ပြကွက်ကဘာဖြစ်မလဲ ပြောစကားတွေကကောပေါ့

ဇာတ်လမ်းလေး ချိတ်ဆက်မိအောင်ပြန်ကောက်ရရင် 
PK ဟာ 

တင်မြှောက်ပသပြီး ဘုရားက တုံ့ပြန်ခြင်းမပြုလို့ စောတကတက်ရာက ဟိန္ဒူဘုရားကျောင်းက မောင်းထုတ်ခံရ

ပြီးတော့ ခရစ်ရှန်ဘုရားကျောင်းမှာ 
အုန်းသီးသွားခွဲလို့ နှင်ထုတ်ခံရ

ဝိုင်ပုလင်းကိုင်ပြီး ဗလီသွားတော့ 
ဝိုင်းလိုက်လာတဲ့လူစု

ဝမ်းနည်းနေသူအမျိုးသမီးကို နှစ်သိမ့်ဖို့ လက်ကိုင်ရာက မုဆိုးမကို စော်ကားရပါ့မလားလို့ မောင်းထုတ်

မုဆိုးမမှန်းဘယ်လိုသိလဲဆိုတော့ 
အဖြူရောင်ဝတ်ထားတယ်လေကွာတဲ့

ဒီတော့ဒါကိုမှတ်ထားပြီး အဖြူရောင်ဝတ်သတို့သမီးကို စိတ်မကောင်းပါဘူးသွားလုပ်ပြန်တော့
အသုဘမှာ အနက်ရောင်ဝတ်တယ်ဆိုပြန်တယ်

ဘူခါခြုံထားတဲ့ အမျိုးသမီးတအုပ်ကို လင်ယောက်ျားဆုံးပါလို့ ဝမ်းနည်းမိပါကြောင်းဆိုတော့ နောက်မှာပါလာတဲ့လင်ကြီးက ရိုက်မယ်အလုပ်

ဒီပြကွက်တွေရဲ့အဆုံးသတ်မှာ ရိုက်ဖို့ဝိုင်းလိုက်လာတဲ့ လူအုပ်ကြီးကိုရှောင်ရှားနိုင်ဖို့ ဘတ်စ်ကားပေါ်တက်အလာမှာ 

‌သူသွားထိုင်မိတာက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးအနား
တိတိကျကျဆိုရရင် အဆင်အယင်အရ မဟာယာနဘုန်းတော်ကြီးတပါး

စောစောကလူအုပ်က သူ့နောက်ဘာကြောင့်လိုက်လာရလဲ ပြန်စမ်းစစ်ရင်

ပထမ ဟိန္ဒူအသိုင်းအဝိုင်းက ဘာပူဇော်ရင် (ပေးရင်) ဘာပြန်ရမယ်ဆိုတဲ့ မက်လုံးပေးတဲ့သဘောပြထားတာမို့
ပြန်မပေးတော့ တရာစွဲချင်တာကို

ဗုဒ္ဓဘာသာမှာက ဘုရားကိုးကွယ်တယ် ပူဇော်တယ်ဆိုတာက ပြန်ပေးလိမ့်နိုးနိုးမျှော်ကိုးတာမဟုတ်ဘူး ရုပ်တုကတန်ခိုးရှိတယ်လို့ ယုံကြည်လို့လည်းမဟုတ်ဘူး အစစ်အမှန်တရားအတွက် ရည်ညွှန်းဦးခိုက်ရာသက်သက်ကိုး 

နောက်ခရစ်ရှန်နဲ့ မွတ်စလင်အသိုင်းအဝိုင်းကဝိုင်းလိုက်တာက အစားအသောက်ကိစ္စ ဝိုင်ပုလင်း

ထေရဝါဒမှာတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပေမယ့် မဟာယာနမှာတော့ သေနုမှီဝဲခြင်းက သိပ်တင်းကြပ်တဲ့စည်းကမ်းရယ်လို့တော့ ဟုတ်ဟန်မတူဘူး

ဒီတော့ ဒါရိုက်တာအနေနဲ့ ပြစရာက နှစ်ပိုင်းဖြစ်သွားနိုင်တယ်

ပြီးတော့အဝတ်အစားကိစ္စ

လက်ထပ်ရင် ဘာအရောင်ဝတ် နာရေးဖြစ်ရင် ဘာအရောင်ဝတ်ရယ်လို့ ကိုယ်တွေဆီမှာတော့ အထူးတလည်ချမှတ်ထားတဲ့စည်းကမ်းမရှိဘူးမဟုတ်လား

တခုတော့ရှိတာပေါ့ သစ်သစ်လွင်လွင်မဝတ်ဘူး ဖီးလိမ်းချယ်သခြင်းမပြုဘူး ဒီလောက်ပါပဲ

လူတွေရဲ့ lifestyle ကို တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားတာမျိုးမရှိဘူး ဘာဝတ်ရမယ် ဘာစားရမယ် ဘာကိုမဝတ်ရင်အပြစ်ဖြစ်တယ် ဘာကိုစားရင် ငရဲကျမယ် စသည်ဖြင့်ပေါ့

ဘာသာရေးစည်းဝိုင်းရဲ့ အခြေခံအဆင့်က လူတွေအတွက်က အစားအသောက်နဲ့ နှုတ်မှုကိုယ်မှု အနည်းငယ်မျှလောက်သာ စည်းကမ်းထားတယ် 

အဝတ်အစားနဲ့ပတ်သက်လို့ကတော့ မရှိဘူး

ဘာသာရေးအတွင်းစည်းက တဆင့်မြင့်သူတွေလို့ဆိုရမယ့် ရဟန်းသံဃာတို့အတွက်ကတော့ များပြားတယ် အဝတ်အစား အစားအသောက်ကအစ အသွင်တမျိုးယူရတာကိုး

ဒါပေမယ့် ဒီမှာ ဗုဒ္ဓဘာသာရဲ့ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းမှာကို ကွဲလွဲတဲ့ယူဆချက်တွေရှိတယ် အနှစ်သာရကိုချုပ်မိဖို့က မလွယ်လှဘူး

တရုတ်မှာတော့ အသုဘဖြစ်ရင် အနက်ဝတ်ရတယ်လို့ ရှိတယ်ထင်တယ် ဒါပေမယ့် ဒါကဘာသာရဲ့စည်းကမ်းမဟုတ်ဘဲ မိရိုးဖလာအစဉ်အလာယုံကြည်မှုမျိုးဖြစ်ပုံရတယ်

ဒီတော့ ခြုံရရင် ဒီအဝတ်အစားပိုင်းနဲ့လည်း ပြစရာမရှိဘူး တရုတ်မူကိုယူပြီး ပြမယ်ဆိုရင်လည်း ရှေ့ကမွတ်စလင်မှာပြထားတာနဲ့တူမှာမို့ ပြကွက်ထပ်လို့ ပရိတ်သတ်ငြီးငွေ့စရာဖြစ်တန်ကောင်းတယ်

ဇာတ်ကားမှာကလည်း ဘာသာတွေရဲ့အနှစ်သာရကို စမ်းစစ်ခြင်းသဘောထက် အပြင်ပန်းဗဟိဒ္ဓအရာတွေဖြစ်တဲ့ အခြေခံသဘောတရားလေးတွေ 

အဝတ်အစား အစားအသောက်နဲ့ မတူတဲ့ထုံးတမ်းလေးတွေကိုပဲတို့ရင်းထိရင်း လူသားအခြင်းခြင်း ချစ်ကြည်ဖို့နဲ့ 

ဘာသာတရားကိုအသုံးချလို့ လွှမ်းမိုးလိုသူတွေရဲ့ အဆိပ်သွင်းမှုကို သိမြင်လို့ မတူကွဲပြားတာတွေကိုတည်လို့ အမုန်းပွားမနေဖို့ လိုရင်းဖြစ်မယ်ထင်ပါတယ်

ကိုယ်တော့ဖြင့် ဒါရိုက်တာက ဘတ်စ်ကားပေါ်မှာ မဟာယာနဘုန်တော်ကြီးနဲ့တွေ့ပြီး တခုခုပြောတာ လုပ်တာမျိုးရိုက်ခဲ့လိမ့်မယ်လို့ ယုံကြည်တယ်

ဒီလိုဆိုရင် ပြသချိန်မှာဘာလို့မပါတာလဲ တိုးလိုးတန်းလန်းကြီးရပ်သွားရတာလဲဆိုရင် သူကိုယ်တိုင် သံသယရှိလို့လို့ထင်တယ် 

ဆိုခဲ့သလို ဗုဒ္ဓဘာသာမှာက အခြေခံအဆင့်တွေဖြစ်တဲ့ အဝတ်အစား အစားအသောက်မှာက သိပ်တင်းကြပ်လှတယ်မဟုတ်ဘူးရယ် ဒီတော့ ပြကွက်ကမရှိဘူး

ရှေ့မှာ ဘာသာတခုက‌နေတခုကို ပြကွက်လေးတွေက တခုနဲ့တခုချိတ်ဆက်ထားတာပါ ဘုန်းကြီးနဲ့အတွေ့မှာ ချိတ်စရာကပြောက်နေတယ် ဒီတော့မြင်လွယ်တဲ့ အဆင်အယင်ကနေ ချိတ်ကြည့်ရအောင်

အမွှေးအမျှင်ကို အလေးထားဆင်ယင်တတ်တဲ့ လူမှုအသိုင်းအဝိုင်းကဆိုတော့ ကတုံးကြီးဖြစ်နေတာ ထူးဆန်းနေမှာပဲ ဒီတော့မေးမယ် ဘာကြောင့်ကတုံးတုံးထားလဲပေါ့

ရှုပ်လို့ပါကွာဆိုရင် ကိစ္စပြတ်ကရော 
အစားအသောက်တခုခုပါလာသည်ဆိုအုံး မထိရမကိုင်ရ မမြင်ရသည်အထိ အကဲဆတ်တာလည်းမဟုတ်ပြန်ဘူး 

ဒီတော့ ရှေ့လူတွေနည်းတူ ဒေါသတကြီး သူ့နောက်ပြေးလိုက်ရလောက်အောင်အထိ မနှိုးစွနိုင်ဘူး မခိုင်မာဘူးကိုး

အနှစ်သာရနဲ့ဆိုင်တဲ့ပြောစကားတွေကျပြန်တော့လည်း တခြားဘာသာတွေတုန်းက ဒီအခြေခံသဘောတရားလေးတွေသာ တွေ့ထိခဲ့တာမို့ ညွှန်းသလိုလည်းဖြစ်သွားနိုင်သေးတာကိုး

ပြီးတော့ ပြသသည်ဆိုပါစို့ သူ့ထင်မြင်ယူဆချက်ဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မလွှမ်းခြုံနိုင်ဘဲ လိုရာဆွဲသလိုဖြစ်ပြီး လွဲမှားမှာစိုးလို့ ချန်ထားခဲ့လေသလား 
ပြကွက်ထပ်နေနိုင်တာမို့ တမင်ချန်ခဲ့တာလား 
ဈေးကွက်သဘောအရလားဆိုတာတော့ 

ဒီကားသာမက 3 idiots ဆိုတဲ့ကားကိုပါ ဖန်တီးရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ ရှဂ်ျကူးမားရ် ဟီရာနီ (Director: Rajkumar Hirani) သာ အသိဆုံးဖြစ်ပါလိမ့်မယ်
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
 ။
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး