သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, October 7, 2025

မြိုင်ရာဇာတွတ်ပီ အောက်မေ့ဖွယ်မိုးရက်များ နှင့် Pee Mak (2013) အတွေးများ

မြိုင်ရာဇာတွတ်ပီ အောက်မေ့ဖွယ်မိုးရက်များ နှင့် Pee Mak (2013) အတွေးများ
.
ကိုယ်တွေငယ်ငယ်က ညနေ ထုတ်စီးထိုး လေးထောင့်ထုတ် ဂျီထိုး စတာတွေကစားပြီး မောပန်းချိန် ညဉ့်ဦးယံမှာ လူကြီးတွေစကားဝိုင်းဘေးမှာငုတ်တုတ်

တူ့တူပုန်းတာကတော့ အဲ့ချိန်မဆော့ဘူး မဆော့ဖြစ်ဘူး ဘာကြောင့်လဲဆိုတော့ ဒီအချိန်များပုန်းရင် နတ်ဖွက်တတ်တယ်လို့ လူကြီးတွေပြောကြတာကိုး 

ဘယ်သူဘယ်ဝါဖြင့် နတ်ဖွက်တာ ခုနှစ်ရက် ခုနှစ်လီကြာအောင် ရှာမတွေ့ဘူးဆိုတဲ့ အခြောက်အလှန့်ကလေးနဲ့ဆို ဘယ်ဆော့ရဲလိမ့်မတုန်း

စကားဝိုင်းမှာ အများအားဖြင့် စီးပွားရေး ရပ်ရေး ရွာရေး လူမှုရေး စတာတွေအပြောများပါတယ် 
ဒါမျိုးဆိုအိပ်နေလိုက်တာပါပဲ

တခါတခါများ 
သရဲအကြောင်း 
တစ္ဆေအကြောင်း 
ဖုတ်အကြောင်း
ကျတ်အကြောင်း 
ဥစ္စာစောင့်အကြောင်း 

ဒီအကြောင်းတွေစကားစပ်မိရင်များ အိပ်နေရာက အလူးအလဲထ လူအုပ်ကြားထဲတိုးဝင်လို့ တထိတ်ထိတ်နဲ့ နားထောင်မိရင်း ဘေးဘီကိုတောင်မျက်လုံးမဝင့်ရဲတော့

သစ်ပင်ကြီးကပဲ သရဲကြီးငုတ်တုတ်ထိုင်နေသလိုလို
ကျောဖက်မှာပဲရပ်နေသလိုလို
ညအိပ်ရင်လည်း ခေါင်းမြီးခြုံမှကို ငုံ့ပဲကြည့်နေမလား
ခြေထောက်ပဲဖမ်းဆွဲလိုက်လေမလား အတွေးများစွာနဲ့ပေါ့

ဒီဇာတ်လမ်းတွေ နားထောင်အပြီးမှာ 
သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးများ အောက်ရောက်ရင် အပေါ်မော့မကြည့်ရဲဘူး 

သစ်ပင်ခွကြားက လျှာကြီးတတောင်လောက်ထုတ်ပြလေလိမ့်မလား
အိမ်သာတက်ချိန်များ စောက်ထိုးကြီးဆင်းလာလေမလား 

အတွေးများစွာနဲ့ နေညိုညိုဆိုရင်တောင် လူသူကင်းဆိတ်ရာ မနေရဲမသွားရဲတော့ဘူး 


ဒီထိတ်လန့်စရာတွေထဲကမှ တခါတခါ ရယ်စရာဖြစ်ရပ်လေးတွေညပ်ညပ်ပါလာတတ်တယ်

ဘယ်သူများ နေဝင်ရီရော နွားချည်ဖို့ငုတ်ရိုက်ပြီးလှည့်အထွက် သရဲကပုဆိုးဆွဲထားလို့ ဒင်းလင်းကျွတ် ဒရောသောပါးပြေးလာပြီး နောက်နေ့အဲ့နေရာသွားကြည့်မှ သူကပုဆိုးပေါ်ငုတ်တည်ရိုက်ထားတယ်ဆိုတာမျိုး

လူသေအလောင်းကဖုတ်ဝင်လို့ ထပြေးကြရာက ပုဆိုးဆွဲထားလို့ ‌ဘယ်လောက်ပြေးပြေးမရဖြစ်ချိန် နောက်လှည့်ကြည့်မှ ပုဆိုးက ကုတင်တိုင်နဲ့ချိတ်မိနေတာမျိုး

သရဲကြီးလိုက်လာလို့ လှေနဲ့အသည်းအသန် လှော်ပြေးပေမယ့် ဘယ်လောက်လှော်လှော် လှေကတလက္မမှမရွေ့ဘဲ သူရဲကြီးကဆွဲထားပုံတွေ ခြွေးဒီးဒီးကျ လက်ပန်းကျမှ နောက်လှည့်ကြည့်တော့ လှေကြိုးမဖြုတ်ရသေးတာသိရပုံတွေကြားရတော့ ရောယောင်ရယ်မောမိသည်ချည်း

ဒီသရဲနဲ့ပတ်သက်တဲ့ ဟာသဇာတ်လမ်းလေးတွေက ကိုယ်တွေငယ်စဉ်ကတည်းကကြားဖူးခဲ့တယ် မြန်မာ့မိရိုးဖလာအစဉ်အဆက်ပြောခဲ့ကြတဲ့ ရိုးရာသရဲပုံပြင်တွေဖြစ်ပုံရတယ်

ဘာကြောင့်လဲဆိုတော့ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ စာအုပ်ထဲမှာလည်း ဒီသဘောလေးတွေရေးခြစ်ထားတာကိုး

အောက်မေ့ဖွယ်မိုးရက်များ
ဥပါဒါန်သားကောင်
ညောင်ပင်တစ္ဆေ စတဲ့စာအုပ်တွေအပြင် အခြားစာအုပ်တွေမှာကောပေါ့

၂၀၁၃ ခုနှစ်က ထွက်ပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ Pee Mak ဆိုတဲ့ကားမှာလည်း ဒီသဘောဒီပြကွက်လေးတွေနဲ့ ပရိတ်သတ်တွေကို ပတ်တုတ်မရအောင် ရယ်ရင်းမောရင်းထိတ်လန့်ရင်း သဘောတကျရှိစေခဲ့တယ်

ဒီကားလေးကြည့်ပြီးမှပဲ ရေမြေတဆက်တည်းရှိတဲ့အပြင် ရှေးယခင်ကတည်းက ထွေးရောယှက်တင်ရှိခဲ့တဲ့ အယုဒ္ဓယမှာလည်း ဒီလိုဇာတ်လမ်းလေးတွေရှိတာပဲကိုးလို့ သတိထားမိတော့တယ်

သူတို့ ရုပ်ရှင်ဖန်တီးသူတွေများ တာဝန်ကျေလိုက်တာလို့လည်း သဘောတကျ ချီးကျူးမိတယ် သုဝဏ္ဏဘူမိအရပ်ရဲ့ သရဲအပေါ်ရှုမြင်ပုံကိုလည်း ကွက်ကွက်ကွင်းကွင်း ပြသနိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်

ကိုယ်တွေအရှေ့တောင်အာရှရဲ့ သရဲခြောက်ပုံ ကြောက်ပုံက ဥရောပတို့ အခြားဒေသတို့နဲ့မတူပဲကို 

သူတို့မှာက သရဲကြီးက ဓားကြီးကိုင်ပြီး ပုဆိန်ကြီးကိုင်ပြီး သွေးသံတရဲရဲနဲ့ လူတွေလိုက်ခုတ်ချင် ခုတ်နေတတ်တာကိုး
ဒါကြောင့်ပဲ သူတို့သရဲကားတွေကြည့်ရင် မကြောက်ပါဘူး 
ဒုန်းကနဲ့ဒိုင်းကနဲ့အသံကြောင့် လန့်ရုံသက်သက်ပါ

ကိုယ်တွေသရဲက ဒါမျိုးမဟုတ်ဘူးလေ
ဒုက္ခပေးချင်ရင် အဲ့သလောက်ခက်ခက်ခဲခဲကြီးလုပ်နေစရာမလိုဘူး ချက်ချင်းဂုတ်ပေါ်ခွစီးနိုင်တဲ့ အစွမ်းရှိတယ် တန်ခိုးရှိတယ်မဟုတ်လား 

ဒါကြောင့်ကျောထဲစိမ့်အောင်ကြောက်တာ
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ


 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး