သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, May 11, 2025

အတီး

 

အတီး

Https://www.youtube.com/@thantunlayinde 

.

သူကကြုံတိုင်းရွာရဲ့ တနည်းအားဖြင့် ဆရာဆွေမင်း'ရဲ့ ပင်တိုင်ဇာတ်ကောင်အဖြစ်အသုံးပြုတဲ့ တဦးတည်းသော စီးပွားရေးသမားပါ


ဒီလိုဆိုလိုက်တော့ ကြုံတိုင်းရွာမှာ အခြားဈေးရောင်းဈေးဝယ်နဲ့အသက်မွေးသူမရှိဘူးလားလို့ မေးနိုင်ကောင်းရဲ့


ရှိတာပေါ့ ဒါပေမယ့်သူတို့က တကျပ်ရင်းရင် တမတ်ရရမယ်ဆိုတဲ့ မိရိုးဖလာနည်းသာရောင်းတတ်ဝယ်တတ်ကြတာပါ

အတီးလိုဈေးကွက်အလားအလာနဲ့ လာလတ္တံ့သောဖြစ်တန်စွမ်းတွေကိုမှန်းဆလို့ ရင်းနှီးမြှပ်နှံတာမျိုးမရှိဘူး


သူ့ကတော့ရွာမှာနေသည့်တိုင် စီးပွားရေးသမားဖြစ်သည့်တိုင်

ကိုယ့်စီးပွားသာကိုယ်နေတာမျိုးမဟုတ်ဘဲ ခေတ်နဲ့စနစ်ကိုအမြဲစောင့်ကြည့်နေတဲ့သဘောရှိတယ်


ဘာကြောင့်လဲဆိုတော့ နိုင်ငံတဝှမ်း ခေတ်စား‌နေတဲ့ စီးပွားရေးလုပ်ကွက်အတော်များများကို ကြုံတိုင်ရွာနဲ့မိတ်ဆက်ပေးတာသူပဲ


ဥပမာ ဗီဒီယိုရုံတို့ ကာရာအိုကေရုံတို့ ခေါက်ဆွဲကြော်ဆိုင်တို့ ဘုရားဖူးခရီးစဉ်ပြေးဆွဲပေးတာတို့ပေါ့


ဆရာ‌က အတီး'ကို တကယ့်စီးပွားရေးသမားတယောက်‌အဖြစ်ပုံဖော်ထားတယ် 


ဘယ်လောက်တောင်လဲဆိုရင် အမြတ်သာရမယ်ဆို 

ဝတ်ထားတဲ့ဘောင်းဘီတောင်ချွတ်ရောင်းမယ် ဆိုတဲ့အထိ


ဒီနေရာမှာ အမြတ်သာရမယ်ဆိုရင်' ဆိုတဲ့စကားလေးခံထားတာသတိထားမိမယ်ထင်တယ်


သူက ဘယ်လိုအမြတ်ရနိုင်မလဲ 

ဆုံးရှုံးနိုင်တဲ့အရာတွေကိုဘယ်လိုကာမိအောင် ခံသာအောင်လုပ်ရမလဲဆိုတာ အမြဲကြံဆနေသူတယောက်လို့ဆိုနိုင်တယ်


မုဆိုနှလုံးသား'ဆိုတဲ့စာအုပ်မှာ ကြုံတိုင်းတရွာလုံးမြုပ်အောင်ရေကြီးတော့ သူ့ရဲ့နဂါးပျံမွေးမြူရေးခြံလေးလဲပါသွားတယ် မွေးထားတဲ့ ကြက်၊ဝက်တွေလည်းသေကုန်ရော


ဒီတော့မိုးနဲ့ကြီးကြီးလှေတစီးနဲ့ ကြက်သေလေးဆွဲလို့ 

နောက်မှပေးဆိုပြီး စိတ်ချရသူတွေဆီ လိုက်ပေးတော့တာပဲ


နောင်‌မပေးနိုင်လို့တောင် ဆရာတွတ်'ဦးထုတ်လေး ချွတ်ယူသွားသေတာ 😄


ဒါကလုပ်ငန်းတခုလုံးဆုံးဆုံးမြုပ်အောင် ဘုံးဘုံးလဲကျသွားအောင် ကိုယ့်ပယောဂအမှားပါပဲ သဘာဝတရားက နှိုပ်ဆက်ကလူပြုလို့ အရင်းပြုတ်လုနီးနီးဖြစ်အောင်တိုက်ခိုက်တာဝောာင် ခံသာအောင်ချိန်ညှိလိုက်တဲ့ အတီးရဲ့ ဈေးကွက်သဘောတရားဘဲ


ကျွန်တော်တို့အတော်များများက အရှုံးကိုကြုံတွေ့ချိန်မှာ အတီး'လိုချိန်ညှိဖို့မကြိုးစားဘဲ လွယ်လွယ်လေးပြိုလဲသွားကြတယ် လက္ခံလိုက်ကြတယ်မဟုတ်လား 


ဆရာတွတ်'က အတီး'ကို လက်သီးနဲ့ဆွဲထိုးဖူးတယ်ဆိုယုံမလား ပုံမှန်အားဖြင့်ဘာမှမနီးစပ်သူနှစ်ယောက် ပဋိပက္ခဖြစ်စရာအကြောင်းမှမရှိဘဲကို


ဒီလိုဗျ သမုဒ္ဒရာဝမ်းတထွာ' ဆိုတဲ့စာအုပ်မှာ မိုးတွင်းမို့ တောမထွက်တာကြာတော့ ဇနီးကဆူဆူပူပူလုပ်တာကြောင့် အိမ်ထောင့်တာဝန်အလို့ငှာ ရပ်ထဲရွာထဲတိုလီမိုလီလေးတွေလိုက်လုပ်လို့ဖြေရှင်းနေချိန် အတီးက ဟင်းစားပေးပြီး သူ့မွေးမြူရေးခြံကို သက်ကယ်ခေါ်မိုးခိုင်းတယ်


အဲ့ဒီမှာ ဆရာတွတ်'က သက်ကယ်တွေကိုပြောင်းပြန်ကြီးမိုးထားခဲ့တော့ တညလုံးမိုးယိုလို့ စိတ်ပျက်နေတဲ့ အတီး'က တွေ့တော့ကောပါလေရော 


မမိုးတတ်ရင် မမိုးတတ်ကြောင်းစောစောကပြောပါရောလား ခုတော့သူ့မှာ အချိန်လည်းကုန် ငွေလည်းကုန် တညလုံး မိုးမိတဲ့တိရစ္ဆာန်တွေနဲ့ဒုက္ခရောက်ရတာ ဆရာတွတ်'ကြောင့်ဆိုပြီး ဖြေရှင်းခွင့်မပေးဘဲ ရန်ချည်းလှိမ့်တွေ့ရာက ဒေါသမထိမ်းနိုင်ဘဲ ဆရာတွတ်'က အတီးကို လက်ပါသွားတာ


ဒီစကားအသွားအလာအရ ကိုယ်တော့ အတီး'မှန်တယ်လို့ထင်တယ် သူကထိုက်သင့်တဲ့ နှစ်ဦးကြည်ဖြူတဲ့ အဖိုးအခပေးလို့ အလုပ်အပ်တာပဲ ထိုက်တန်တဲ့အရည်အသွေးတော့ ရထိုက်တယ်မဟုတ်လား


ဒီလိုကိုယ်ထိလက်ရောက်ကျူးလွန်သွားတဲ့အပြစ်ကို အတီး'က တေးထားတယ်


ဒါကိုက ဆရာ့‌ဇာတ်ကောင်တွေလူသားဆန်ခြင်းအချက်ပဲ

အရိယာမှမဟုတ်တာကိုဗျ သူကလည်းမှားသေး လက်သီးနဲ့လည်းထိုးသေး ဘယ်ကျေန့်နိုင်ပါ့မလဲ


ခပ်ပေါပေါဇာတ်ကားတွေလို လက်စားခြေဖို့ တုတ်ဆွဲဓားဆွဲမဟုတ်ဘူး လူမိုက်ငှားရိုက်ခိုင်းတာမျိုးလည်းမလုပ်ဘူး


အတီး'က ဒီလိုလူမျိုးမှမဟုတ်တာ 

စောစောကစကားလေးမှတ်မိတယ်မဟုတ်လား 

မြတ်မယ်ဆိုရင်ဆိုတာလေ 


အဲ့သည်တော့ မသေချာရင် ခြင်တောင်မရိုက်ဘူးပေါ့

အဲ့ဒီဖြေရှင်းနည်းတွေက ရုံးရောက်ဂါတ်ရောက်နဲ့ အခန့်အသင့်ရင် ထောင်တောင်ကျနိုင်တာကို


ဒီတော့သူကျွမ်းကျင်တဲ့ စီးပွားရေးနယ်ပယ်ကနေ တဖက်လူနလံမထူနိုင်အောင်ကို အရှိုက်ကတချက်တည်းပွဲသိမ်းထိုးချဖို့ကြံတယ်


မိုးသက်လေပြင်းကျလို့ တရွာလုံးသစ်ပင်ကြီးတွေလဲကျချိန် ထင်းဖြတ်ထားပြီးမြို့တက်ရောင်းဖို့ ရလာနိုင်တဲ့အကျိုးအမြတ်ကို မြင်သာအောင်ပြလို့ 


ငွေမက်တဲ့ မသေးမျှင်'ကတဆင့်ဖြားယောင်းတယ်

မိန်းမတောင်းဖို့ ငွေလိုနေတဲ့ ဗိုက်ကလေး'ကို မြှူဆွယ်တယ်


ဒီလိုနဲ့မြို့တက်လို့ ထင်းလှည်းတွေနဲ့လိုက်ရောင်းရာက 

မြို့မှာလည်းရွာနည်းတူ လေကြမ်းသွားတာမို့ ထင်းတွေတောင်ပုံယာပုံရှိနှင့်ပြီးမို့ အမြတ်ဝေးစွ အရင်းတောင်မရဘဲ ခွက်ခွက်လန်အောင် ရှုံးသွားခြင်းပါ


ဒါက အတီး'ပါပဲ 

အတီး'က ဒီလိုလူမျိုးပါ မပိုင်ရင်ခြင်တောင်မရိုက်ပါဘူး


ဆရာဆွေမင်း'ရဲ့ ပင်တိုင်ဇာတ်ကောင်လူပျိုကြီးလေးယောက်ထဲကတယောက်ပေါ့

.

.

.

#အရေးတေ

ာ်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး