ကိသာဂေါတမီထေရီ
Https://www.youtube.com/@thantunlayinde
.
ကိသာ' တဲ့
ခြိုးခြံတာချွေတာတာ တနည်း ပိန်လှီတာ ပေါ့
ဂေါတမီ ' ဆိုတာက အမည်အရင်းလည်းဖြစ်နိုင်သလို
မျိုးရိုးအမည်လည်းဖြစ်နိုင်ပါတယ်
ဘာကြောင့်လဲဆိုတော့ ဂေါတမ တနည်း ဒေသသံအရ ဂေါက်တမ် ဆိုတဲ့မျိုးရိုးကလည်းရှိတာကို
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားဆိုရင် ဂေါတမမျိုးနွယ်ကိုး
ဒီတော့
ပိန်လှီလို့ ကိသာဂေါတမီ ' ဆိုတဲ့ ဒီအမည်တွင်တာဖြစ်နိုင်သလို
ဘုရားရှင်ကိုယ်တိုင် ဧတဒဂ်ထား ချီးပခဲ့ရာ
အဝတ်သင်္ကန်းနဲ့ပတ်သက်လို့ ခြိုးခြံစွာသုံးဆွဲတတ်တဲ့
သူမရဲ့အကျင့်ကြောင့်လည်း ဒီအမည်တွင်ခဲ့တာလို့လည်း မှတ်ယူကောင်းရဲ့
ခြိုးခြံတယ်ဆိုတာက
ပံ့သကူသင်္ကန်းလို့ခေါ်တဲ့ စွန့်ပစ်အဝတ်စများ အလောင်းကောင်ပတ်သည့်ပိတ်စများကဲ့သို့
ဟိုမှဒီမှရယူစုဆောင်စထားသော အဝတ်စများကိုတွဲစပ်ချုပ်လုပ်ထားတာကိုပြောတာပါ
(အိန္ဒိယပြည်မှာ ယခုအချိန်အထိ အလောင်းကောင်များကို ပိတ်စ ပတ်တဲ့ဓလေ့ရှိတယ်)
အကောင်းစားပိတ်စမျိုး လောင်းလှူကြတာမျိုးကြုံလျှင်လည်း ကိုယ်တိုင်မသုံးဆွဲဘဲ
အခြားသော ဘိက္ခု ဘိက္ခုနီတို့ကို ပြန်လည်ဒါနပြုပေးလှူလိုက်ပါတယ်
.
ပါရမီဘဝအစ
.
လွန်ခဲ့တဲ့ ကမ္ဘာတသိန်းကာလက ပဒုမုတ္တရမြတ်ဘုရားလက်ထက်
ဟံသဝတီမြို့သူတယောက်
အဝတ်သင်္ကန်းနဲ့ပတ်သက်လို့ ခြိုးခြံစွာသုံးဆွဲတတ်တဲ့ ထေရီတပါးကို
လူထုပရိတ်သတ်အကြား ချီးချီးပပ ဧတဒဂ်ထား ဂုဏ်ပြုတာကိုမျက်မြင်တွေ့လို့
အားကျသည့်အလျှောက်ဆုပန်ခဲ့ရာ
.
ပစ္စက္ခဘဝမှာတော့ သူဌေးမိသားစုမှာ သန္ဓေခပေသည့်
သူမမွေးဖွားလာအပြီးမှာပဲ ဥစ္စာခမ်းကြရ
ဒီတော့အထည်ကြီးပျက်ဘဝမှာ ချို့တဲ့စွာရှင်သန်ရင်း
တနေ့သောအခါမှာ လမ်းဘေးမှာရွှေတုံးတွေချလို ငေးငိုင်နေသူတယောက်ကိုမြင်တော့
သူခိုးသူဝှက်ရန်ဘေးစိတ်မအေးဖွယ်ရာမို့ သိမ်းထားပါလေရော့လားရှင်လို့
စိုးရိမ်စကားဆိုတော့
'သမီး ပြန်ကြည့်ပါအုံး မျက်စိများမှားနေရော့သလားကွယ်တဲ့'
သူမကိုယ်တိုင် လက်နဲ့ကိုင်အကြည့် ထိုရတနာက ပိုတောက်ပလာဘိရော့သလား
ထိုလူကြီးမှာ မျက်နှာဝင်းပပ အံ့ဩဝမ်းသာရေရွတ်မိတာက
"ဘုန်းကံကြီးမြတ်လှတဲ့ သူငယ်မပေပဲတဲ့"
'မြင်တဲ့အတိုင်းပဲပြောတာကို ဘာကြောင့်များတကူးတကချီးမွန်းခန်းဖွင့်နေရလဲရှင်' ဆိုတော့
ဦးကအစဥ်အဆက်ချမ်းသာသူတယောက်
ဦးလက်ထက်မှာ သိမ်းစည်းသိုဝှက်ထားတဲ့ ရတနာတွေ မီးသွေးအလားပြောင်းသွားတာမို့
ယူကြုံးမရ ဖြေမစည်နိုင် ဘယ်လိုများဖြေရှင်းရပကြံဆနေချိန်
သမီးနဲ့ ခုလိုဆုံဆည်းရတာပေပဲလို့ ဆိုတယ်
ဦးရဲ့စည်းစိမ်အသက်က သမီးနဲ့ဆက်ရတာမှာမို့ သားကြီးနဲ့လက်ဆက်လို့
မိသားစုအတွင်းသွပ်သွင်းချင်ပါရဲ့တဲ့
________
ဒီလိုနဲ့ပေါ့
အတိတ်ဘုန်းကံကြောင့် အိမ်တော်အတွင်းလှမ်းဝင်နိုင်ခဲ့ပေသည်
ရုပ်ရည်အဆင်းက ပိန်ပိန်လှီလှီ
မိဘတို့ဇွတ်အတင်းပေးစားလို့သာယူခဲ့ရတဲ့လင်သားက မေတ္တာကင်းကင်း အသက်မဲ့မဲ့
ကာယချင်းသာဆက်ယှက်တဲ့ အကြင်လင်မယားအဖြစ်
ဟောခု သားဦးလေးမွေးလေတော့ အိမ့်အမွေခံ
မျိုးရိုးကိုဆက်သူ ဆောင်ယူလာအဖြစ် လင်သားကအစ တအိမ်သားလုံး
ကြည်ကြည်နူးနူး
ပြုံးပြုံးပျော်ပျော်
ဖော်ဖော်ရွေရွေ
အိမ့်အရှင်မကြီးအလားဆက်ဆံလို့
------------------
ဒီလိုနဲ့ပေါ့
ဘယ်အရှင်တွေကများ သူမနဲ့အပျော်ယှဥ်တွဲဖြစ်တည်နေတာ မရှုစိမ့်နိုင်ကြလေသည်မသိ
အိမ်ကြီးအရှင်သခင်မရယ်လို ပျော်စဲမတ္တမှာပဲ
သားလေးလေ သားလေး သားလေးကံကုန်ခဲ့ရ'
ဒီအိမ်ကြီးမှာ ဒီအခွင့်အရေးဒီပျော်ရွှင်မှု ဒီအရေးစိုက်ခံရမှုတွေက
သားလေးဘုန်းကံကြောင့်မဟုတ်လား သားလေးသာမရှိတော့ရင် မရှိတော့ရင်....
--------
သားဆုံးရတဲ့ မိခင်တယောက်ရဲ့သောက
ဆုံးခြင်းမှတဖန် သက်ရောက်လာနိုင်တဲ့ အရင်လို
နှိမ့်နှိမ့်ချချပြန်ပြုလာကြမယ့် အသိုင်းအဝိုင်းကိုမြင်ယောင်လို့
သောကရတက်နှစ်ထပ်ကွမ်းပွေရရင်း....
အရပ်ရပ်အပြည်ပြည်
စွမ်းပါသည်
တော်ပါသည်
ကောင်းပါသည်ဆိုတဲ့ ဆေးအဖုံဖုံ သမားတော်အစုံစီအပ်နှင်း
သားလေးအသက်ပြန်သွင်းပေးရင် ကျွန်အဖြစ်တောင် ခံရပါစေရှင်
----------
လူတဦးကညွှန်ပြ ဟိုး..အဆောင်မှာ သိဒ္ဓတ္ထ'ဆိုတဲ့ ဟိမဝန္တာအစပ် သကျမျိုးနွယ်က
ထူးလှထက်လှတဲ့သမားတော်တယောက်ရောက်နေသတဲ့
သူက နင့်သားကို မုချဧကန်တဖန်ရှင်လာအောင် ကုနိုင်စွမ်းရာတဲ့
အို..အရှင် ကျွန်ုပ်၏သားကို
အသက်ဝိညာဉ်တဖန်သွပ်သွင်းပေးပါက အရှင့်ခြေရင်း ရာသက်ပန်ကျွန်စာရင်းသွင်းလိုကသွင်းပါ
အလုပ်အကျွေးပြုလို့ ထားရာနေစေရာသွား ခစားစေဆိုလည်းမတွန့်ဆုပ်ပါလို့
နှုတ်ထက်တတွတ်တွတ်ရွတ်လို့ တောင်းဆိုလို့
---------
ကျွန်တော်တို့လည်း ရံခါမှာ ညီ ညီမငယ် သားသမီး အောက်လက်ငယ်သားတွေက
မဖြစ်နိုင်တာကိုဇွတ်တရွတ်တောင်းဆိုကြတာမျိုး ကြုံကောင်းကြုံဖူးကြပါလိမ့်မယ်
ဒီအခါမှာဘယ်လိုဖြေရှင်းကြလဲ ဒေါသနဲ့မာန်မဲပြစ်တင်ကြသလား...?
ဒီလိုဆိုရင် လက်ခံသူက ကိုယ့်ရဲ့အမှားကိုမသိမြင် ငြိုငြင်သွားတာမျိုးပဲဖြစ်လာနိုင်တာမဟုတ်လား
ဘုရားရှင်းတဲ့နည်းလေးက သဘောကျစရာ
မဖြစ်နိုင်ဘူးလို့တည့်မဆို သူ့ရဲ့မှားယွင်းတဲ့တောင်းဆိုမှုကို သတိပြုနိုင်ဖို့
ပြန်လည်တောင်းဆိုမှုနဲ့ အာရုံလွှဲလို မြင်သာအောင်ပြတယ်
-----
လူမသေဖူးတဲ့ မျိုးရိုးအတွင်းက မုန်ညှင်းစေ့လက်တဆုပ်စာရရင်
အသက်သွင်းဖို့ ငါ့တာဝန်သာတဲ့
တည်ကြည်တဲ့မျက်နှာ လေးလေးနက်နက်နှုတ်ထွက်စကားကြောင့်
မြို့တွင်းဆီပြေးလွှား မုန်ညှင်းလက်တဆုပ်စာပေးကြပါရှင်လို့
တစာစာဟစ်အော် အူရားဖားယားပြေးလွှားတောင်းဆိုတော့ အလျှိုလျှိုမတွန့်မတို့
ကမ်းကြလှမ်းကြ
မိန့်မှာစကားအတိုင်း မျိုးရိုးထဲမှာသေသူမရှိဘူးမို့လားလို့အမေးဆိုတော့
ရှိပါပကောရှင် တလောကမှလင်သား ဇနီးမယား ဘိုးဘွားမိဘ
ထွေးပွေ့ချော့မြူကောင်းစွာမပြုလိုက်ရတဲ့ ရင်သွေးသက်ညှာ လူမမယ်လေးတွေကအစ
အလျှိုလျှိုပြောကြဆိုကြလို့ ပယ်ချခဲ့ရင်း
မျှော်လင့်ချက်အမှား လွဲမှားတဲ့ပုစ္ဆာကို မိုက်မိုက်မှားမှားအဖြေရှာနေတဲ့သူမဖြစ်အင်ကို
သတိကပ်လို့ ကွက်ကွက်ကွင်းကွင်းတွေးမြင်မိရင်း
--------
အို...မရဏတရားရဲ့ဖျက်စီးခြင်းကို ရင်ဆိုင်ရတာ ငါတယောက်တည်းမဟုတ်ပါလေရောလား
ဆုံစည်းခြင်းကိုက ကွေကွင်းရခြင်းကအဆုံးသတ်ပါပေတကား
ခန္ဓာရခြင်းကိုက ပျက်စီးခြင်းကဧကန်မုချအဆုံးသတ်ပါလားလို့
အထပ်ထပ်ဆင်ခြင် ဉာဏ်သက်ဝင်ရင်း
သားသေအပေါ်စွဲငြိခြင်းကိုဖယ်ခွာ
ရုပ်ခန္ဓာကိုကျနစွာသင်္ဂြိုလ်လို့ မြတ်ဘုရားရှေ့မှောက် တဖန်လျှောက်လှမ်းခဲ့ရင်း
ဒီခြေလှမ်းတွေမှာတော့ သောကစင်စင်ကင်းခဲ့ခြေပြီ
ကျွန်မက ""လူခစီဝရဓာရန ဧတဒဂ် ကိသာဂေါတမီထေရီ""
.
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment