သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

ဗိုက်ကလေး ၏ စရိုက်သဘာဝကို ခံစားသုံးသပ်ခြင်း


 ဗိုက်ကလေး ၏ စရိုက်သဘာဝကို ခံစားသုံးသပ်ခြင်း

Https://www.youtube.com/@thantunlayinde 

.

ကြုံတိုင်းရွာက နိုင်ငံကျော်မုဆိုးကြီးမြိုင်ရာဇာတွတ်ပီရဲ့ 

လက်စွဲတော်တပည့်ကြီးအဖြစ်လူသိများကြသည့်တိုင် 

သူ့ရဲ့ဇာတိကို ထွေးထွေထူးထူးစဥ်းစားမိကြဟန်မတူ


ဇာတိ

..

သူကကြုံတိုင်းရွာသားမဟုတ်ဘူးဗျ အနီးအပါးကုန်းဘောင်ရွာသား

အစ်မဖြစ်သူကကြုံတိုင်းသားမုဆိုးတယောက်နဲ့အိမ်ထောင်ကျလို့ 

အတူလိုက်ပါနေထိုင်ရင်း ကြုံတိုင်းသားတပိုင်းလိုဖြစ်သွားတာ


အသက်

..

ဆရာဆွေမင်းတည်ဆွဲထားတဲ့အသက်အရွယ်က လူပျိုကြီးလည်းဖြစ်ပြန်

ဖျတ်လည်းဖျတ်လတ် သွက်သွက်လက်လက်လည်းရှိပြန်ဆိုတော့

သိပ်ဟိုင်းတဲ့အရွယ်မျိုး မဟုတ်ပြန်ဘူး


လူပျိုကြီးပေါက်စအရွယ်ပေါ့ တနည်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့သတ်မှတ်မှုအတိုင်းဆိုရင်

အသက် ၃၀ ထက်မငယ် ၃၅ ထက်မကြီးတဲ့ အရွယ်အပိုင်းအခြားရယ်လို့ယူဆစရာရှိတယ်


လူပျိုကြီးများဒုက္ခမှာ စောကြီးရဲ့အသက်က ၃၅ လို့ ဆရာဆွေမင်း'ကဆိုထားတော့

သူ့နဲ့မတိမ်းမယိမ်းမို့လည်း ဒီအသက်ဝန်းကျင်က သဘာဝကျပါတယ်


ဘယ်အရွယ်လောက်က ကြုံတိုင်းရွာရောက်သလဲ

.

ကိုယ်တော့ သူ့အသက်ဆယ်နှစ်ဝန်းကျင်လို့ မှတ်ချက်ချမိတယ်

ဘာကြောင့်လည်းဆိုတော့ မသေးမျှင် တွတ်ပီတို့ကသားသမီးမရနိုင်တာသေချာတယ်ဆိုရာမှာ 

အသက်အရွယ်အားဖြင့် အမျိုးသမီးတို့ခန္ဓာဗေဒအရ ၅၀ ဝန်းကျင်လို့ ယူဆဖွယ်


ထူးဆန်းသောဧကရီ' ဆိုတဲ့စာအုပ်မှာ သူတို့အိမ်ထောင်သက်က 

နှစ်၂၀'ဝန်းကျင်ရှိပြီလို့လည်းဆိုတာမို့ပါ

ဒီအချိန်မှာ ဗိုက်ကလေးရဲ့အသက်က ၅ နှစ်နဲ့ ၁၀ ကြားပေါ့


ယောက္ဖတယောက်ကို ဆရာအဖြစ်လေးစားနေဖို့က ဒီအရွယ်အပိုင်းအခြားက

အသင့်တော်ဆုံးလို့တွေးမိတယ်

ဒီထက်ကြီးသွားရင်လည်း လေးစားနိုင်ပါ့မလား

ငယ်ရင်ကော လေးစားခြင်းထက်မှီခိုချင်စိတ်ပိုဝင်သွားလေမလားလို့ပါ


အရပ်အမောင်း

..

ရံခါမှတွေ့ဖူးကြသူတွေက ဂင်တိုရယ်လို့ ရုတ်တရက်သမုတ်ကြတာကြောင့် 

မြန်မာ့စံအရ ၅ ပေထက်ကျော်ဖွယ်ရာမရှိ 

ဒါပေမယ့် တောရပ်မြိုင်တခွင် ဆရာဖြစ်သူနဲ့ ဒိုးတူဘောင်ဖက် လှည့်လည်အမဲလိုက်နေသူဖြစ်ရကား

သိပ်ညှက်လွန်းသူရယ်လို့လည်း မဆိုနိုင် ၄ ပေ ၈ လက်မထက်တော့ မနိမ့်တန်ရာ


ကိုယ်ကာယ

..

ဗိုက်ပူလို့ အများသမုတ်လိုက်ကြဟန်တူတဲ့ ဗိုက်လေးရယ်လို့အမည်တွင်သည့်တိုင်

သွက်လက်ဟန် ပေါ့ပါးဟန်ရှိတော့ တောသားတို့သဘာဝအတိုင်း ကျစ်ကျစ်လစ်လစ်ပေါ့


နောက်ပြီး တခါတရံသတိလစ်မေ့မျောသွားတဲ့ဆရာကိုထမ်းလို့ 

ရွာကိုသုတ်ခြေတင်အပြေးပြန်ရတာမျိုးရှိတော့ 

သူ့ရဲ့ကိုယ်ကာယကြံ့ခိုင်မှုကိုတွက်ဆကြည့်နိုင်ပါတယ်

ပုပေမယ့်ညှက်တာမျိုးမဟုတ်ဘဲ ကြံ့ကြံ့ခိုင်ခိုင်ရှိတဲ့သဘော


သေအံ့မူးမူးရန်မူဖို့ ကမူးရှူးထိုးပြေးလာတဲ့

တိရစ္ဆာန်တွေကို လက်စွဲတော်ဓါးမြှောင်ကိုကိုင်စွဲလို့ ပက်ပင်းရင်ဆိုင်သည်က ခဏခဏ


ရုပ်ရည်

.

ရုပ်ရည်ကတော့ သမန်ထက်ပိုပြီးဆိုးတဲ့ဖက်ယိုင်ပုံရတယ်

အမှတ်တမဲ့မြင်ကြသူတွေတိုင်းက ရုပ်ရည်နဲ့ပတ်သက်လို့ မှတ်မှတ်ထင်ထင်သတိပြုမိပြီး

အလိုလိုသမုတ်မိလျှက်သားဖြစ်သွားကြတာကိုး


ဘာကြောင့်ဆံပင်က ဗြန့်ပြားကြီးဖြစ်နေတာလဲ

.

ဒီကာတွန်းစတင်တဲ့ခေတ်ကကာလက အမောက်ခေတ်ဗျ 

မိန်ကလေးတွေကတော့နည်းနည်းစောတယ် ရှေ့ဆံပင်အမောက်ပုံစံလုပ်တတ်ကြတယ်

မို့မို့မြင့်အောင်တို့ မေသန်နုတို့ အစောပိုင်းကာလပုံတွေကြည့်ရင်သိနိုင်ပါတယ်


နောက်ပိုင်းအမျိုးသားတွေလည်း ဆံပင်အလှပ်အလှပ်နဲ့လုပ်တာလေးသဘောကျလာကြတယ်

ကိုယ်တွေငယ်ငယ်က အဲ့ခေတ်ကိုမှီလိုက်တယ်ရယ် ရှေဆံပင်ကို မလှပ်လှပ်အောင်လုပ်ရတာအမော


ဒီသဘောလေးကိုယူလို့ တောသားဖြစ်သည့်အလျှောက်နဲ့ 

ဗိုက်ကလေးရဲ့စရိုက် အပြင်ပန်းပြင်ဆင်နေရဝါသနာမပါတာရယ် 

ဖြီးလိမ်းခြင်းကင်းတာရယ်ကိုပေါင်းစပ်လို့ ကာတွန်းဆန်ဆန်ရေးခြစ်ရင်းက 

ဗြန့်ကြီးဖြစ်သွားတယ်လို့ ယူဆမိတယ်


ဝတ်စားဆင်ယင်မှု

.

ပုဆိုးအကွက်ကို တောသားတို့ထုံးစံအတိုင်း 

ပုံမှန်အချိန်မှာတောင်အောက်နားက ခြေသလုံးအလယ်ထိထားလို့ဝတ်လေ့ရှိတယ်


အင်္ကျီကတော့ အဆင်ကဒေါင်စင်း ချုပ်ပုံကဂျိုင်းပြတ်

စွပ်ကျယ်မဟုတ်ဘူးနော် လက်ပြတ်လည်းမဟုတ်ဘူး 

ဂျိုင်းနေရာလက်မောင်းရင်းမှာ တိတိဖြတ်ထားတာ


ဒေါင်စင်းတို့အကွက်တို့က ဆရာဆွေမင်း (ဓနုဖြူ) က မျက်နှာဖုံးပုံမှအပ အရောင်မပါပဲ

ဖြူမဲဆွဲတာဆိုတော့ ကွဲပြားအောင် အဆင်ဒီဇိုင်းခွဲထားပုံရတယ်


ဖိနပ်မစီးဘူး

.

အံ့ဩစရာ ဆရာဆွေမင်း'ကသူ့ကိုဖိနပ်မစီးစေဘူး

မုဆိုးခြေထောက်စူးမကြောက်ရယ်လို့သမုတ်ရင်း တောကြိုအုံကြားမြစ်ဖျားချောင်းနားကအစ

မြို့တက်ခရီးသွား အတော်များများမှာကို ဖိနပ်မစီးတာ 

အထူးအပိုင်းတွေကလွဲလို့ပေါ့


လက်စွဲတော်ဓါးမြှောင်

.

သူကိုမြင်ရင်တွဲမြင်တတ်တာက သူ့ရဲ့လက်စွဲတော်ဓါးမြှောင် 

တောတွင်းအမဲလိုက်ရာမက ခရီးသွားရာတွေမှာပါဆောင်ထားတတ်တယ်


ဒါကနောက်ပိုင်းမှပါ

အစောပိုင်းတုန်းက ဆရာဆွေမင်း'က သူ့ကိုလက်နက်မကိုင်ခိုင်းသေးဘူး

ဘာ့ကြောင့်လဲဆိုတော့ ဖွတ်မရဓါးမဆုံး' ဆိုတဲ့ဇာတ်လမ်းမှာ

သူ့မှာလက်နက်မရှိလို့ မသေးမျှင်'သုံးတဲ့ ဓါးမကြီးယူလာတဲ့အထိ


ဘာကြောင့်မစွံတာလည်း

.

ချစ်တတ်လို့လို့ပဲမြင်တယ် ဘာကြောင့်လည်းဆိုတော့ 

ရံခါမှာအိမ်ထောင်ကျလုနီးနီးအခြေအနေအထိရောက်ရောက်သွားသည့်တိုင်

သူက အချစ်ကိုခုံမင်တာ ရင်ဝယ်ဖြစ်ပွားတဲ့ မေတ္တာကိုခံယူရင်းကျေနပ်နှစ်သက်နေတာ 

တဏှာပေမရောယှက်ဘဲ လေးလေးနက်နက်အချစ်ရဲ့ ရသကိုခံစားရင်း 

ကြည်နူးနှစ်သက်မိနေလို့လို့ထင်တယ်


ဘာကြောင့်အားလပ်ချိန်မှာအိမ်မကပ်သလဲ

..

အစ်မလင်မယားနဲ့နေရသူအဖို့ အိမ်မကပ်တာအဆန်းရယ်တော့မဟုတ်

နှမလင်နေမောင်ဖင်ကျိန်း ရယ်လို့ အဆိုရှိတယ်မဟုတ်လား

အိမ်ထောင်သည်သဘာဝ ပြုမှုနေထိုင်ကြတာတွေအတွက် အမြင်ခက်လို့ အနေခက်လို့ဖြစ်ဖွယ်ရာ


ယောက္ဖအိမ်မှာနေနေရတာလည်းတပိုင်းပေါ့


ဒီလိုဆိုလိုက်တော့ ရွားရိုးကိုးပေါက်လျှောက်ပတ်သွားလို့ 

အဖော်တရုန်းရုန်း ဟိုလူ့ပြောင်ဒီလူ့နောက်နဲ့ သောက်စားမူးယစ်နေတာမျိုးလည်းမဟုတ်ပြန်

တောထဲဝင်အလုပ်လုပ်နေခိုက်နဲ့ မနက်အိပ်ယာထခိုက်ကလွဲလို့ပြောက်ပြောက်နေတတ်တယ်


အိမ်မှာတင်ပလင်ခွေထိုင် ရေနွေးသောက်နေတာ တောင်တောင်အီအီလုပ်နေတာမျိုးသိပ်မရှိ

အိပ်ချိန်စားချိန်လောက်သာအိမ်ကပ်တဲ့သဘောလည်းရှိတယ်


တွေးမိတွေးရာ ဆွေးမိဆွေးရာ 

တကိုယ်တည်းလူသူကင်းရာသွားနေနေတတ်တယ်လို့ ယူဆစရာ


ဒီလိုနေတတ်ပေမယ့် ပတ်ဝန်းကျင်ကို မသိကျိုးကျွံပြုလို့ 

ကင်းကွာလို့ နေချင်သလိုနေနေတာမျိုးလည်းမဟုတ်ပြန်


မုဆိုးနှလုံးသား'ဆိုတံ့စာအုပ်မှာ ကြုံတိုင်းရွာမိုးများလို့တောင်ကျလျှံလို့ ရေမကြီးခင်ကာလ

မိုးအေးအေးနဲ့ရုပ်ပြလေးဖတ်လို့ ငြိမ့်နေမဟဲ့လို့လှဲနေခိုက်

အိမ်တိုင်ကနေပုရွက်ဆိတ်တွေတက်လာတာမြင်လို့

ရုတ်ချည်းဆိုသလို ရေကြီးမယ့်အရိပ်အယောင်အဖြစ်ကောက်ချက်ချ

ဇိမ်နဲ့ကွေးနေလို့မဖြစ်ချေဘူးရယ်လို့သုံးသပ်ပြီး

ကယ်ဆယ်ရေးလုပ်ဖို့ ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့ဆုံးဖြတ်ပြီးထွက်သွားတာ 

ညတောင်ပြန်မအိပ်တဲ့အထိ


ပညာရေး

.

ဒီတော့လည်း သူ့အတန်းပညာရေးကို ခန့်မှန်းလို့ရလာပြန်တယ်

သူကမည်၍မည်မျှ တက်ခဲ့တယ်လို့ တိုက်ရိုက်မဆိုသော်ငြား

သေစာရှင်စာတော့ ကောင်းကောင်းဖတ်တတ်တဲ့သဘော


စောကြီး

.

သူ့ရဲ့စရိုက်သဘာဝကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်ဖို့ရာ

သူနဲ့ပုံစံနီးစပ်တဲ့ နောက်ထပ်ဇာတ်ကောင်တခုကို ဆရာဆွေမင်း' က ရံခါမှာယှဥ်တွဲပြတတ်တယ်

လူပျိုကြီးစောတင်မောင်'ပါ 


စောကြီးကလည်းတမျိုး ပုံမှန်အားဖြင့်လူစွမ်းလူစသိပ်မညံ့ပေမယ့်

မိန်ကလေး တနည်း အချစ်နဲ့ပတ်သက်လာရင် ပျော့ညံ့သွားတာ 

ကျရှုံးသွားတော့တာရယ်


ဘာ့ကြောင့်လည်းဆို့တော့ လူပျိုကြီးများဒုက္ခမှာ အစောပိုင်းစပါးပွဲစားလုပ်တာအဆင်ပြေနေပြီးမှ

ကောင်မလေးကပလေးသွားလို့ ရေစုံမျောသွားတာကိုး


သူဆိုရင်ကြည့် အိမ်မှာရှိမှန်းမသိ မရှိမှန်းမသိ ကိုယ်စွမ်းနိုင်သလား လုပ်နိုင်မလားမချင့်ချိန်

လိုချင်ရင်လုပ်ချင်ဇွတ် နွားကြီးဆွဲရောင်းလိုရောင်းမို့ အမေမှဆိုးမကြီးမှာ

မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာခဏခဏ


သူ့သဘော

.

သူကတော့ဒီလိုမဟုတ် အဝတ်အစားအတွက်ရယ်

ငွေလေးကြေးလေးကိုင်တွယ်သုံးစွဲချင်တယ်ရယ်လို့ အာသီသမရှိ

တောင်းတောင်းတတလည်းမဆို ဆင်ပေးရင်ဝတ်လိုက်တယ် ကျွေးရင်စားလိုက်တယ် 


တကူးတကသူ့အတွက်ရယ်လို့ ပတ်ဝန်းကျင်ကလိုက်လုပ်ပေးတာမျိုးမလိုချင်

သူကသာပြုပေးချင်တဲ့သဘော


သူမကြိုက်တာ

.

ရုပ်ရည်နဲ့ပတ်သက်လိုပြောလည်းစိတ်မဆိုး

ထိခိုက်နာကျင်အောင်လုပ်လည်း အာရုံမထား ဒေါသမပွားတတ်ပေမယ့်


သူကနှိုင်းယှဥ်တာမျိုးမကြိုက်ဘူး သူကသူကိုယ်ကပဲ 

တခါသား (လူပျိုကြီးများဒုက္ခ) စောကြီးနဲ့နှိုင်းယှဥ်ပြောတော့ ဘုတောပြစ်လိုက်တာ 


သင်ယူလိုစိတ်

.

အစောကဆိုခဲ့တဲ့အတိုင်း အစ်မကမုဆိုးနဲ့ရလို့ သူကမုဆိုးတပည့်အဖြစ်ခံယူရင်း

တောလိုက်ရသည့်တိုင် မျိုးရိုးက မုဆိုးဟုတ်ဟန်မတူ


တခါတခါများတောကောင်တွေရဲ့စရိုက်သဘာဝကို ဆရာတွတ်ကပြောပြရာမှာ

စိတ်ဝင်တစားနားထောင်ရင်း မရှင်းတာမလင်းတာတွေကို ခွန်းတုံ့ပြန်လို့

ဘဝင်ကျသည်အထိ မေးမြန်းနေတတ်တာ မှတ်သားနေတတ်တာ


အတွေးဖြောင့်သူ

.

ရံခါပြဿနာတွေကြုံလာခိုက် ဆရာတွတ်က နည်းပေါင်းစုံချဲ့ကားတွေးလို့ အဖြေရှာမရဖြစ်နေချိန် 

သူကရိုးရိုးတွေး ရှင်းရှင်းမြင်လို့ဒက်ခနဲ့လက်ခနဲ့အဖြေရပြီးနေတာမျိုး


အားနည်းချက်

.

ဆရာတွတ်ရဲ့ အားနည်းချက်က ကြွားဝါတတ်တာ

မသေးမျှင်က ငြူစူတတ်တာ


သူ့မှာအားနည်းချက်က စောတင်မောင်'ပဲ

သာမန်အချိန်တွေမှာသူငယ်ချင်းတယောက်အဖြစ် ပေါင်းသင်းနေကြသည့်တိုင်

မိန်းကလေးတွေနဲ့ပတ်သက်လာရင် ပြိုင်ချင်ဆိုင်ချင်နိုင်ချင်စိတ်ပေါ့


လူပျိုကြီးများဒုက္ခ'ဆိုတဲ့ လုံးချင်းစာအုပ်မှာ စောကြီးကစပါးပွဲစားလုပ် ငွေစလေးရွှင်တော့

မိန်းမပျိုတို့ပစားပေးကြတော့မခံချင် 

သူလည်းဒီလိုအရေးပေးခံချင်တယ် ဒါကြောင့်သူလည်းစပါးပွဲစားလုပ်ဖို့ရာ

အစ်မနဲ့ဆရာဆီမှာ အရင်အနှီးတောင်းရာ မရရာက 

ဇွတ်လည်းတောင်းဆိုမှုမပြုတော့ဘဲ နည်းမှားနဲ့ဖြေရှင်းတဲ့အထိ


ဒီမှာသူကစီးပွားရေးလုပ်ချင်တာထက် အတူတူချင်နှာတဖျားသာသွားတာကို မရှုစိမ့်နိုင်တာ

ဒီစိတ်ထားလေးကိုမြင်အောင်ပြနိုင်တာကိုက ဗိုက်ကလေးကပကတိလူသားတယောက်လို

ရှင်သန်သွားစေတာပဲ


ဘာကြောင့်လဲဆိုတော့ ဒီစိတ်ထားလေးက လူတိုင်းမှာဖြစ်တတ်ပါတယ်

အရည်အချင်းခြင်းမတိမ်းမယိမ်း အတူတူအလုပ်လုပ်ကျသူငယ်ချင်းတယောက်

ရုတ်တရက်ရာထူးတိုးတယ် လစာတိုးတယ်ဆိုရင်သင်ကောဘယ်လိုနေမလဲ


လုပ်တာလည်းအတူတူ အရည်အချင်းလည်းမကွာဆိုရင်

စိတ်ထဲမှာတမျိုးလေးတော့ဖြစ်သွားမှာပဲမဟုတ်လား


ဉာဏ်ရည်မတိမ်းမယိမ်း အတူတူစာကျက်ဖော်ယောက်

သူကဂုဏ်ထူးထွက်လို့ ကိုယ်ကအောင်ရုံလေးသာရှိမယ်ဆိုရင်ကော 

သူ့အတွက်ဝမ်းမသာနိုင်ဘဲ စိတ်ထဲမှာမျက်တက်တက်လေးတော့ဖြစ်သွားနိုင်တယ်မဟုတ်လား 

ပြီးတော့ ခိုးချလို့ အကပ်ကောင်းလို့စသည်ဖြင့် တွေးမိတွေးရာ 

ကိုယ့်ကိုယ်ကိုဖြေဆေးပေးတတ်ကြတာကို


ဒါကိုက အကုသိုလ်စိတ်မကင်းသေးတဲ့ 

ပုထုစဥ်လူသားတွေရဲ့ ဖြစ်တတ်တဲ့စိတ်သဘာဝမဟုတ်လား


နာမည်ကျော် 3 idiots ကားထဲမှာလည်း ဒီသဘောလေးပြောထားတာရှိတယ်

ရန်ချို-ပထမရတော့ ပြိုင်ဖက်တွေသောကရောက်ရတယ် 

ကျွန်တော်တို့လည်း စိတ်မကောင်းဘူးတဲ့


သဘောက ကိုယ့်သူငယ်ချင်းမို့ အောင်တော့အောင်စေချင်တယ်

ဒါပေမယ့် ဒီလိုအသာကြီးသာ ထူးထူးချွန်ချွန်ကြီးဖြစ်သွားပြန်တော့လည်း စိတ်ဝယ်တမျိုး


စိတ်နေစိတ်ထား

.

သူကခံစားချက်အရှိအတိုင်းပြုမှုနေထိုင်တတ်သူရယ်လို့တော့မဆိုနိုင်

မျိုသိပ်လို့ဖုံးကွယ်လို့ ပတ်ဝန်ကျင်နဲ့အလိုက်အထိုက်ပြုမှုနေထိုင်တတ်တယ်

ကိုယ့်ဝေဒနာကို တစိတ်တအိတ်လုပ်လို့ ဇာချဲ့ပြာလဲ့နေရတာမျိုးမကြိုက်


ကြွားကြွားဝါဝါပြုမှုပြောဆိုတတ်တဲ့ ဆရာကြောင့်လည်း ဒီသဘောကပိုပိုပြီးပေါ်လွင်တယ်

စိတ်ထဲတွေးမိသည့်တိုင် ဆရာ့အပေါ်ကွယ်ရာကောရှေ့မှာပါ အပြစ်မပြော 

သူ့ဝသီရယ်လို့ နားလည်ပေးရင် ဖာသိဖာသာအလိုက်သင့်သာနေပေးတတ်သူ


တခါတရံ ဆရာတွတ်က ကိုယ်ထိလက်ရောက်ဆုံးမတာတွေမှာလည်း

နှုတ်လှန်မပြောအမျက်မသိုတတ်


ဆရာ့အမှားတွေကိုလည်း ရပ်ထဲရွာထဲဖောက်သည်ချလို့

ရယ်ဖွယ်ပင်မဆို


သူက သူ့ဆရာကို ယောက္ဖတယောက် ဆရာတယောက်ထက်ပိုပြီး

ချစ်ဟန်ခင်တွယ်ဟန်တော့ရှိတယ်


ဘာကြောင့်လဲဆိုတော့ ခေါ်တာကိုက 'ဆရာတွတ်' တဲ့


ဆရာလို့တုံးတိကြီးမဟုတ် ဒီလေသံကိုရွတ်လို့ခံစားကြည့် 

အတတ်ပညာအသိပညာမျှဝေသင်ကြားပေးလို့ဆရာခေါ်သည့်တိုင် လေးစားသည့်တိုင် 

ကိုယ်နဲ့နည်းနည်းအလှမ်းကွာနေတယ် သိပ်တရင်းတနှီးမရှိလှဘူးမို့လား


ကိုယ်တွေယဥ်ကျေးမှုမှာက အဖျားဆွတ်ခေါ်တယ်ဆိုတာ 

ချစ်ခြင်းခင်ခြင်းရင်းနှီးခြင်းရဲ့သင်္ကေတပဲ


သူခေါ်တဲ့ဝေါဟာရအရ လေးစားချစ်ခင်နဲ့သဘောတွေရောပြွန်းလို့

ဆရာတယောက်လိုလေးစားမှု 

အစ်ကိုကြီးတယောက်လိုအားကိုးမှု

ရဲဘော်ရဲဘက်တယောက်လိုယုံကြည်မှုတွေအပြည့်


ဒါပေမယ့် သူငယ်ချင်းတယောက်လိုအထိတော့

ကိုယ်ခံစားရသမျှရင်ဖွင့်ပြောဆိုရလောက်အောင်ထိတော့လည်းမဟုတ်

သူ့မှာအဲ့သလိုသူငယ်ချင်းမျိုးလည်းရှိဟန်မတူ

သူ့ရဲ့ မူလစိတ်သဘာဝကိုက မျိုသိပ်တတ်သူဖြစ်နေတာလည်းပါတာပေါ့


အပြင်မှာတကယ်ရှိသလား

.

ဆရာဆွေမင်း (ဓနုဖြူ) က ဒီမြိုင်ရာဇာတွတ်ပီ' ရဲ့ ဇာတ်ကောင်တိုင်းကို 

ဇာတ်ရုပ်အသေသဘောမျိုးစွဲကိုင်ရေးခြစ်တာမို့ 

တချို့လည်း ကြုံတိုင်းရွာ'ဆိုတာတကယ်ရှိတယ် 

ဒီထဲကဇာတ်ကောင်တွေကလည်း တကယ့်သက်ရှိထင်ရှားရှိသူတွေနေမှာရယ်လို့ 

အထင်ရောက်စေတဲ့အထိ လွှမ်းမိုးနိုင်ခဲ့ပါတယ် 


ဇာတ်ရုပ်အသေဆိုတာက

သူကြီးဘစီ'ဆိုရင် သူကြီးပဲ ဒေါသကြီးတယ်

အာနိုးလှမိုးဆိုရင် သူကြီးလက်စွဲရွာဇော်မို့ ဟိတ်ပြဟန်ပြလုပ်တတ်တယ်


ဘယ်ဇာတ်လမ်း ဘယ်စာအုပ်မှာဖြစ်ဖြစ် ဒီလိုသူ့တို့ရဲ့စရိုက်သဘာဝ

အသက်မွေးလုပ်ငန်းကမပြောင်းလဲဘဲရှိတာမျိုး

 

တာယာပွကြီးဆိုရင် ဇာတ်ရုပ်အရှင်ပါ

ဒီဇာတ်လမ်းမှာ တာယာပွကြီးက ကျောင်းဆရာဖြစ်ပေမယ့် 

နောက်တအုပ်မှာ ဆရာဝန် နောက်တအုပ်ကျ ဇာတ်မင်းသား ဗီလိန် ဟီးရိုးစသည်ဖြင့် 

နာမည်တူသည့်တိုင် အရည်အချင်းမတူ အလုပ်အကိုင်မတူ စရိုက်သဘာဝမတူ


မြိုင်ရာဇာတွတ်ပီ'ဇာတ်လမ်းမှာတော့ ဇာတ်ကောင်တိုင်းက ဘယ်ဇာတ်လမ်းမှာဖြစ်ဖြစ် 

စရိုက်သဘာဝတခုတည်းနဲ့သာရှင်သန်တယ် နေထိုင်တယ် ဖြတ်သန်းတယ် 


ဒီဇာတ်လမ်းတွေရဲ့အားနည်းချက်က မတူညီတဲ့သက်မွေးလုပ်ငန်းကိုပြချင်ပြီဆိုရင်

နေရာဒေသ ခေတ်ကာလကိုဇာတ်လမ်းဖွဲ့ချင်ရင်

သီးခြားဇာတ်ကောင်တခုမွေးပေးရတာမျိုး ဒါမှမဟုတ် စိတ်ကူးလိုလို အိပ်မက်လိုလိုဖန်တီးရတာ


ဥပမာ-ကျောင်းဆရာတယောက်ရဲ့ပေးဆပ်မှု ဆရာဝန်တယောက်ရဲ့ကျွမ်းကျင်မှုကိုပြချင်ရင်

ဇာတ်ရုပ်အသေမို့ မြိုင်ရာဇာတွတ်ပီ'က ဗိုက်ကလေးက

ကျောင်းဆရာ ဆရာဝန်စသည်ဖြင့်သွားလုပ်လို့မရဘူး

ဒီတော့ ဆရာလေးကိုကြည်နိုင်'လို သီးခြားဇာတ်ရုပ်မွေးလို့ 

သူ့ဇာတ်လမ်းနဲ့ ထိတွေ့မှုရှိအောင်ဖန်တီးတရမျိုးပါ


အနှစ်ချုပ်

.

ဒီတော့အချုပ်အနေတဲ့ ဗိုက်ကလေး'ဆိုတာ ဆရာဆွေမင်း (ဓနုဖြူ) က

ဖန်ဆင်းရေးခြစ်ထားတဲ့ ကာတွန်းဇာတ်ကောင်ဖြစ်လင့်ကစား

လူ့စရိုက်သဘာဝပီပီပြင်ပြင်ရှိလှသူ


အတန်းပညာသိပ်မရှိပေမယ့် တွေးဆသုံးသပ်နိုင်စွမ်းရှိသူ

ယုံကြည်ရာကိုကိုင်စွဲလို့ စိုက်လိုက်မတ္တလုပ်ဆောင်တတ်သူ


တပါးသူကိုပုတ်ခတ်၍လည်းအပြစ်မဆို

ကိုယ်ရည်သွေးလို့လည်းမကြွားဝါ


အများအားဖြင့် အတွေးထဲမှာစီးမျောလို့ တကိုယ်တည်းနေ နှုတ်နည်းလင့်ကစား 

ပတ်ဝန်းကျင်ကိုအလေးဂရုပြုလို့ စွမ်းနိုင်သမျှဖြည့်စည်းပေးလိုသူမို့


ဗိုက်ကလေး'ဆိုတာ တကိုယ်ရည်နာကျင်စရာဝေဒနာတွေကိုမျိုသိပ်ခံစားလို့

တပါးသူတွေရဲ့ဆန္ဒ ပျော်ရွှင်မှုတွေကိုရှေးရှုဖြည့်စည်းရင်း

အနစ်နာခံပေးဆပ်တတ်သူတယောက်လို့ပဲဆိုပါရစေတော့


.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး