ရေကန်များ
.
ခုလို အဝီစိတွင်းတွေပေါပေါများများမရှိခင်ကာလ
ရွပ်ရွာနေသူတို့အတွက် အင်းတဲသားတို့အတွက်
စင်ကြယ်ခြင်း မွတ်သိပ်ခြင်း နဲ့ ဘဝအမောတွေပြေပြောက်စေအောင်
အကျိုးပြုခဲ့တဲ့ ကန်တွေအကြောင်းမှတ်တမ်းပြုပါရစေ
ရေကန်အလှူဆိုတာ ပြုသူကွယ်လွန်ပြီးတောင်မှ မည်သူမည်ဝါမှန်းတောင်မသိသူတွေကိုပါ
လူမျိုးဘာသာ အဆင့်အတန်းမခွဲခြား နှောင်းလူတို့အတွက် အကျိုးပြုနိုင်တာမို့
ထာဝရစင်ကြယ်စေတဲ့အလှူ
အေးမြစေတဲ့အလှူပါပဲ
.
သုံးရေကန်များ
.
သုံးရေကန်တွေအနေနဲ့ ဘုန်းကြီးကျောင်းကန် မြောက်ကန်ကလေး တောင်ကန်ကလေးရယ်လို့
သုံးကန်ရှိတယ်
ဘုန်းကြီးကျောင်းကန်
.
အခု အုတ်အင်္ကဋေတွေနဲ့ကျကျနနဖော်ထားတဲ့ မင်္ဂလာသုခကန်ကြီး' ရဲ့
တောင်ဘက်ကပ်ရက်လောက်မှာပေါ့
အဲ့ကန်ကြီးက ကန်ဟောင်းပေါ်ထပ်ဖော်ထားတာမျိုးမဟုတ်ဘဲ မြောက်ဖက်နည်းနည်းတိုးထားတာပါ
အရင်ကကန်ဟောင်းကြီးက တရွာလုံး အထူးသဖြင့် မြောက်ရပ်နဲ့အလယ်ပိုင်းသားတို့အတွက်
အဓိကသုံးကန်ကြီးပေါ့
အထူးသဖြင့် မြောက်သူတို့အတွက် အဓိကမှီခိုရာပေါ့
မြောက်သူဆိုတာက တောင်ယာမလုပ် နွားရှဥ်းမရှိဘဲ
ဈေးရောင်းဈေးဝယ်နဲ့အသက်မွေးကြသူတွေကိုပြောတာပါ
တောင်ယာလုပ်သူတွေကျ တောင်သူလို့ခေါ်တာမို့
အရပ်မျက်နှာ တောင်နဲ့မြောက်လို မတူတာကိုဆွဲယူလို့ မှည့်ခေါ်တဲ့ဒေသစကားပါ
မနက်ပိုင်း အထူးသဖြင့်ညနေပိုင်းတွေမှာ ရေအိုးကိုယ်စီရွက် ရေခပ်လာကြတဲ့
အမျိုးသမီးတွေအစီလို့ ရေခပ်ကြတာက မျဥ်းနန်းအိုးနဲ့ပါ
မျဥ်းနန်အိုးဆိုတာက အခုဆီဆယ်ပိဿာဆန့် အဝါပုံးတွေရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ဆန့်ပါတယ်
ယောက်ျားလေးတွေကတော့ ထမ်းပိုးထိုးလို့ထမ်းကြတာပေါ့
အဲ့ကာလတွေက တောထွက်တယ်ဆိုတာ အခုလိုမဟုတ်
မနက်အရုဏ်မတက်ခင်ကတည်းကနေ ညနေမှောင်ရီဖြိုးဖျအထိ လုပ်ကြကိုင်ကြရတာ
ဒီတော့အိမ်မှာကျန်ခဲ့မိန်းမပျိုက ထမင်းချက် အဝတ်လျှော်
သုံးရေ သောက်ရေခပ်ထားပေါ့
အချို့များ ဆယ်ခေါက်ဆယ့်ငါးခေါက်
ရေတိုက်ဖို့ နွားရှဥ်းမရှိသူများတနေကုန်နီးပါး အခေါက်ခေါက်အခါခါ ခပ်ကြထမ်းကြရ
အဲ့ကန်ကြီးက ရပ်ရွာနေသူတွေအဖို့ စွမ်းစွမ်းတမံ
ဒီလိုကျေးဇူးပြုခဲ့တာကိုမှတ်တမ်းပြုတဲ့သဘောပါ
နောက်ပြီးကန်ကြီးရဲ့ထူးခြားချက်က ရွှံ့ကောင်းတာပဲ စေးစေးထန်ထန်
သာမန်လောက်စလုံးလုံးရုံလောက်က ဘယ်ကန်ကရွှံ့ခူးပြီးလုပ်လုပ်ရပေမယ့်
အဆင်မြင့်ပညာ အနုပညာပါတဲ့ဖန်တီးမှုတွေဖြစ်တဲ့ ဆင်ရုပ်နွားရုပ်ခွေးရုပ်တို့လုပ်ဖို့က
ရွာနီးချုပ်စပ် ဒီကန်ကြီးအကောင်းဆုံး
ခပ်စပ်စပ်လေး လေးငါးချက်လောက် ထုရိုက်နှပ်လိုက်ရင်ကို
ကိုယ်ဖန်တီးလိုရာ ပြုနိုင်ဖို့ သုံးကောင်းတဲ့အဆင့်ဖြစ်ပြီ
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
No comments:
Post a Comment