မန်ကျည်းတညှိုး လူတခို
Https://www.youtube.com/@thantunlayinde
.
အညာသားတွေအတွက်တော့ မန်ကျည်းဆိုတာ ဖွားဖက်တော်တယောက်လို
ကစားဖော်တယောက်လို
ဟိုဟိုဒီဒီတက်တတ်ပြုတတ်အရွယ်ကတည်းက အပင်ပေါ်ရောက်နေတတ်ကြပြီ
လူကြီးတွေကလည်းမန်ကျည်းပင်ကိုင်းလေးတွေခိုဆော့တယ် ရီလေးစီးတယ်မြင်ရင်
အခြားအပင်မှာဆော့သလို သိပ်ပိတ်ပိတ်ပင်ပင်မရှိ
ဘာကြောင့်လည်းဆိုတော့ "မန်ကျည်းတညှိုးလူတခို"ရယ်လို့ စာချိုးရှိရဲ့မဟုတ်လား
သဘောက မန်ကျည်းကိုင်းက အရွယ်အစားလက်ညှိုလုံးလောက်ရှိရင်တောင်
ကိုင်းချောက်မဟုတ်ရင် လူကြီးတယောက်စိတ်ချလက်ချတက်ထိုင် မကျိုးဘူးရယ်
သူ့အသားက မာတာမျိုးမဟုတ် ချိုးရဖဲ့ရခက်တာမျိုး စေးတယ် ထန်တယ်ခေါ်ရမလားပဲ
သင်္ကြန်ပြီးကာလတွေက မန်ကျည်းရွက်နုချိန်ပေါ့
ဒီကာလများ ကိုယ်တွေစီက ပျိုပျိုအိုအိုကျားမမရွေး မန်ကျည်းပင်တက်ကြ ရွက်နုခူးကြပေါ့
တချို့များ ကိုင်းဖျားကိုင်းနားအပင်ထိပ်ဖျားအထိ
ဒါကြောင့် ကြာနီကန်ဆရာတော် ဦးဇဋိလတောင်နောက်ထားတာရှိတာကိုး
အချို့ဒကာမများ မန်ကျည်းရွက်တက်ခူးကြ ကိုယ်ကမသိတော့ အောက်ကဖြတ်လျှောက်မိ
ပြီးမှသိတော့ ကသီရတာမျိုးလို့
သူကထွက်စမှာ အစိမ်းဖျော့ဖျော့လေးရယ်
ကြာသွားမှသာ အစိမ်းရင့်ရင့်အရောင်ပြောင်းသွားတတ်တာ
နောက်ကြွေခါနီး ဝါခြောက်ခြောက်ပေါ့
မန်းကျည်းရွက်နုက ကြက်သွန်နီလေးနဲ့သုပ်လည်းဖြစ်တယ်
ညက်အောင်ထောင်းပြီး သုပ်လို့လည်းရ
ငါးပိလေး ငါးလေးထည့်ကြော်လည်းရ
အုံးရင်လည်းအဆင်ပြေ
ဘယ်လိုလုပ်လုပ်တူညီတာတခုက အလွန်အကျွံစားရင် အိပ်ချင်တာပဲ
ပူလောင်အိုက်စပ်ပြီး ရှည်လျားလှတဲ့ ပျင်းရိဖွယ် နွေနေ့ခင်းတွေကိုကျော်လွှားဖို့
သာယာလှပအေးမြတဲ့ အိပ်မက်တွေဆီခေါ်ဆောင်သွားချင်တယ်ထင်ပ
နောက်ပိုင်းဆန်းသစ်တီထွင်လို့ ကြာရှည်ခံအောင်
ဆားလေးနဲ့နယ်ဖန့်လို့ လေလုံအောင် အိပ်ထဲပုလင်းထဲထည့်ထားကြတယ်
အရွက်လေးက ဝါဖန့်ဖန့်ပြောင်းနေသည့်တိုင် အရသာမပျက်တမူထူးလို့ ဆွဲဆောင်နိုင်တာမျိုး
မန်ကျည်းက အပင်ကြီးမျိုးဆိုပေမယ့် ပရိဘောဂနဲ့အိမ်အတွက်သစ်တိုင်ဝါးတိုင်အနေနဲ့
မသုံးကြဘူး
အသားထန်တာရယ် ပင်စည်ကတကိုယ်တည်စင်းလုံးချောတက်တာမျိုးမဟုတ်ဘဲ
အကိုင်းအခက် ခန့်ခန့်ထည်ထည်နဲ့ ဖျာထွက်တတ်တာမို့ပါ
ပင်ကိုယ်သဘာဝအရ ကိုင်းခွထွက်တတ်တာရယ် မကျိုးလွယ်ဘူးဆိုတော့ရယ်
ကလေးများဆော့စရာ ကစားစရာ ဘတ်ခွလုပ်ရရှယ်ပေါ့
မန်ကျည်းပင်က အရွက်တခုတည်း အကျိုးပြုနိုင်တာမဟုတ်
အသီးကလည်း သီးစနုနုလေးဆို ထောင်းပြီးငါးပိလေးနဲ့ကြော်တော့ဟင်းတမယ်
ရင့်လာပြန်တော့ အစေ့ထုတ်လုပ်သိမ်းထား
ဟင်းခတ်အထောက်အကူအဖြစ် အချဥ်ရည်ထဲထည့်မလား
ထန်းညက်ကလေးနဲ့စပ်လို့ မန်ကျည်းဖျော်ရည်အဖြစ်သောက်မလား
ရင်ဝယ်အေးမြလို့ ဆီးဝမ်းကောင်းစေလို့ ဆရာဝန်တယောက်လို ဆေးစွမ်းကောင်းတလက်လို
အဲ ထုတ်ထားတဲ့အစေ့ကျ လှော်ပြီးသရေစာအဖြစ် မြုံ့နေမလား
ဇယ်တောက်တမ်းကစားမလား
အရွက်ကလေးတွေကသေးတော့ ကြွေသည့်တိုင်အမှိုက်ရယ်လို့မရှုပ်
အကိုင်းအခက်တွေကခိုင်တော့ အပင်ကြီးမျိုးဖြစ်သည့်တိုင် အခြားအပင်တွေလို
ကိုင်းကျိုးကျလို့ အိမ်ထိခိုက်မှာ လူအန္တရာယ်ဖြစ်မှာမျိုးမပူရ
အသီးကျပြန်ပြန်တော့လည်း ထန်းသီးလို အုန်းသီးလို ကြွေကျလို့ လူထိမှာပူစရာမလို
ရွက်ကြွေတွေကျပြန်တော့ မြေဆီမြေသားအတွက် အထောက်အကူကောင်းမို့
သဘာဝဓါတ်မြေဩဇာလို တောင်သူတို့အတွက် သီးပင်ထွက်တိုးအောင် တဖက်တလမ်းကကူလို့
အဲ တခုတော့ရှိရဲ့
အချဥ်ဓါတ် (အက်ဆစ်ဓါတ်) ပါတော့ အိမ်မိုးသွပ်တွေကိုတော့ ဆွေးစေတတ်တယ်
အရင်ကထန်းရွက်မိုးအိမ်တွေမို့ ပြဿနာမရှိလှပေမယ့် ခုကအိမ်တိုင်းနီးပါးသွပ်မိုးကြတာမဟုတ်လား
"နွေထနောင်း ဆောင်းမန်ကျည်း" လို့အဆိုရှိတယ်မဟုတ်လား
ထနောင်ရဲ့အရိပ်က နွေမှာအေးမြစေသလိုမျိး
ခိုက်ခိုက်တုန်စေတဲ့ အညာဆောင်းညတွေမှာ မန်ကျည်းပင်က အနွေးဓါတ်ထုတ်ပေးတယ်တဲ့
ကိုယ်တွေငယ်ဘဝ ဆောင်းညတွေမနက်ခင်းတွေက
သူ့အောက်ဝိုင်းဖွဲ့မီးလှုံရင်းစကားစမြည်းပြောကြ စကားထာဖွက်ကြ ပဲစေ့ပဲဆံဖုတ်စားကြပေါ့
ဒါကြောင့်ပဲ ကိုယ်တွေဆီမှာ အိမ်တိုင်းစေ့နီးပါ မန်ကျည်းပင်ရှိကြ စိုက်ကြဟန်တူရဲ့
မန်ကျည်းပင်ကိုသင်ညာပြုမှတ်သားထားတဲ့ အစ်မရဲ့ပြောစကားလေးတောင်သတိရမိတယ်
ရွာရောက်တိုင်း အစ်မနဲ့အေးအေးလူလူစကားပြောနေကျ သူကစိတ်ကူးကောင်းတယ်
တမိသားစုသာမက မောင်တွေနှမမိသားစုတွေရဲ့ လူမှုရေး စီးပွားရေး စိုက်ရေးကြဲရေးတွေမှာပါ
စီမံပေးတတ်တာမို့ ခေါင်းဆောင်မှုစွမ်းရည်ကဆိုဖွယ်မရှိပေါ့
ကိုယ်တွေငယ်ဘဝရှင်သန်လာနိုင်တာက အစ်မကြောင့်ပါ အမေနဲ့ထပ်တူပေါ့
လုပ်ငန်းစတည်တော့လည်း အစ်မကနည်းနာပြလို့ အခြေခိုင်အောင်စီမံစေတာ အုပ်မြစ်ချပေးတာ
အစ်မလို့ခေါ်ပေသည့် အဒေါ် ပါ
အမေ့အစ်မဆိုတော့ အမေ့လေသံအတိုင်းအစ်မလိုက်ခေါ်ရင်းနှုတ်ကျိုးနေတာ
တခါသားစကားပြောကြရင်း နကျင်းနားက (နွားစာကျင်း) မန်ကျည်းပင်ကိုမေငေါ့လို့
ဒီနှစ်များမိုးခေါင်ချက် ခါတိုင်း ဟိုမန်ကျည်ပင်နုရင် (ရွက်နုထွက်ရင်)
မိုးဦးနှမ်းကျဲပြီးပေါ့ တခါမှမလွဲဖူးပေါင်တဲ့
ဒီတော့ အဲ့အပင်က ဦးထွန်းလွင်လိုလို ပြဒါးတိုင်လိုလို
ကြဲခါစိုက်ခါအချက်ပြတတ်တဲ့ အခါပေးဦးပုညလိုလိုပေါ့လို့တောင် နောက်မိသေးတယ်
ကျွန်တော်တို့ဆီမှာ သတ္တဝါတကောင် အပင်တပင် ရုပ်ဝတ္ထုပစ္စည်းတခုရဲ့ဖြစ်တည်မှုက
သူ့သဘာဝအတိုင်းသီးကြပွင့်ကြရှင်သန်ကြရုံမက အမှတ်သညာထားတတ်သူတွေအဖို့
ဒီလိုအထောက်အကူပြုတတ်တာမျိုး
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment