ဝါးရုံပင်သရဲ စာအုပ်နှင့်အတွေးစ
((;ဆရာဆွေမင်း (ဓနုဖြူ) ရဲ့သရဲတစ္ဆေအပေါ်သဘောထား နဲ့
ဆတွတ်ရဲ့ စရိုက်သဘာဝကိုချဉ်းကပ်ကြည့်ခြင်း))
။
ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဝါရုံပင်သရဲဆိုတဲ့စာအုပ်က ဆရာ့ရဲ့အစောပိုင်းလက်ရာတွေထဲက အကောင်းဆုံးတွေထဲကတအုပ်လို့ ဆိုရင်လွန်မယ်မထင်ဘူး
ခံစားမှုရသသဘောတွေဖယ်ထားအုံး ဇာတ်လမ်းအယူအဆနဲ့ ဆရာတွတ်ရဲ့စိတ်နေစိတ်ထား စရိုက်သဘာဝကို အပြည့်အဝခြယ်မှုန်းနိုင်တာကြောင့်အတော့်ကို သဘောကျစရာကောင်းတယ်
ဒီလိုဆိုလိုက်တော့ ဆရာဆွေမင်း (ဓနုဖြူ) ဖန်တီးထားတဲ့ ဆတွတ်က နောက်ပိုင်းစာအုပ်တွေနဲ့ဘာများခြားနားလို့လည်း အတူတူပဲမဟုတ်လားလို့ မေးစရာရှိမယ်
ကွာတယ်ဗျ
ဒီစာအုပ်နဲ့ပတ်သက်တာလေးပဲ ကောက်နှုတ်ရရင် ဆရာဆွေမင်း (ဓနုဖြူ) က သရဲတစ္ဆေယုံဟန်မတူဘူး ဒါကြောင့် ဒီသဘောနဲ့ ဆက်စပ်တဲ့ဇာတ်လမ်းတွေဆိုရင် ကြောင်းကျိုးနည်းကျ ဖြေရှင်းအဖြေရှာပြပြီး စာဖတ်သူကို အသိပညာပေးတတ်တယ်
မြိုင်ရာဇာတွတ်ပီက ဒီသဘောကိုလက်တွေဖြေရှင်းပြတဲ့ သူရဲ့ဇာတ်ကောင်ပေါ့
ဒီတော့ ဆတွတ်က သရဲတစ္ဆေမယုံဘူး မိရိုးဖလာအရ ငယ်စဉ်ကတည်းက လှန့်ထားကြတော့ အရိုးစွဲနေတဲ့ ဗီဇစိတ်အရ လန့်တော့လန့်တတ်တယ် ဒါပေမယ့် မကြောက်ဖူး အဲ လန့်တဲ့ကြားက စူးစမ်းချင်စိတ် ထက်သန်တယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်တယ်
ဒီစာအုပ်အစပိုင်းတွေမှာဆိုရင် အကြောင်းတစုံတရာမရှိဘဲ ဝါးရုံပင်ကြီးလှုပ်ရမ်းတာ မီးထတောက်တာတွေက အတော်ကိုထိတ်လန့်စရာ
သာမာန်လူပြောသူပြောသာမက ရွာရဲ့ဂုဏ်သိက္ခာအမြင့်ဆုံး မုသာဝါဒအပြင် အပိုဆာဒါးလုံးဝမဆိုတတ်တဲ့ ရွာ့ဆရာတော်ကိုယ်တိုင် ကြုံဆုံခဲ့သည်အထိ ဇာတ်အရှိန်ကိုအမြင့်ဆုံးအထိမြှင့်တင်ခဲ့တော့ ငြင်းဖွယ်မရှိ တကယ့်သရဲတစ္ဆေအစစ်တကောင် ခြောက်လှန့်တာလို့ မုချယုံကြည်ရမလိုလိုအထိဖြစ်လာတယ်
ဒီမှာ ကြုံဆုံခဲ့တဲ့ ဆရာတော်ရဲ့သဘောထားထင်မြင်ချက်ကိုမေးမြန်လျှောက်ထားကြရာမှာ ဆရာတော်နှုတ်ဆိတ်နေတာလေးကလည်း ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ ဘာသာရေးအပေါ် အလေးထားမှုသိပ်ပေါ်လွင်တယ်
တကယ်လို့ ဆရာတော်က မဟုတ်ပါဘူး မကြုံခဲ့ပါဘူးလို့ဆိုရင် တပည့်ကျောင်းသားတွေလည်းပါတာမို့ အခြားအကြောင်းတခုကြောင့်ဖြစ်တာပါလို့ သက်သေမပြနိုင်ဘဲ ဇွတ်မယုံနဲ့မဟုတ်ဘူးပြောနေရင် မုသားဆိုရာလည်းကျသလို ဟုတ်တယ်ကြုံခဲ့တယ်လို့ မိန့်တော်မူရင်လည်း စာပေတတ်ေမြာက်ခြင်းရဲ့ အရည်အသွေးဖြစ်တဲ့ ကျိုးကြောင်းဆင်ခြင်မျှော်မြင်တတ်ခြင်းဆိုတဲ့ သဘောမပါသလိုဖြစ်သွားနိုင်တယ်ဟုတ်
တနည်းအားဖြင့် ဒါက နောင်အခါ ဆရာတွတ်က သရဲခြောက်တာမဟုတ်ပဲ အခြားတစုံတရာကြောင့်ဖြစ်တာပါလို့ ဖြေရှင်းသွားနိုင်ချိန်မှာ ဆရာတော်အဖို့ သိက္ခာကျစရာဖြစ်လာနိုင်တယ်မဟုတ်လား
တနည်းအားဖြင့် တာပေါ်ရေကျော်သလိုဖြစ်သွားမယ်
သာမန်အားဖြင့်ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ဒါကသိပ်ကြီးတဲ့ ပြဿနာကြီးဆီကို ဦးတည်သွားနိုင်တယ်ဗျ အနည်းဆုံးအားဖြင့် စာပေစိစစ်ရေးတွေဘာတွေကို ခဏဖယ်ထား
ခံစားသူအချို့နဲ့ မိရိုးဖလာ ဘာသာဝင်တို့စိတ်မှာ
သာမန်မုဆိုးတဦးကတောင်မှ ရွာ့အထင်ကရကိုးကွယ်စည်းကပ်ရာ ဆရာတော်ထက် ပိုပြီးတော်တဲ့တတ်တဲ့သဘောဆိုရင် သဘာဝအရတော့ဖြစ်နိုင်ပေမယ့် ယဉ်ကျေးမှုခံစားချက်အရဆိုရင် စာဖတ်သူတချို့မှာတမျိုးကြီး ဖြစ်သွားနိုင်တယ်ဟုတ်
ဘယ်လိုလဲဆိုတော့
သူ့ဇာတ်ကောင်ကို သိပ်တော်သလိုလို ညွှန်းသလိုမျိုးကြီး ဇွတ်ဟီးရိုးလိုလိုကြီး
ပြီးတော့ ဘာသာရေးဆရာတို့အပေါ်လည်း အရိုသေတန်သလိုလို လေးစားမှုမပြသလိုလို ဖြစ်သွားနိုင်တယ်မဟုတ်လား
ဒီ အစွန်းနှစ်ဘက်ကို ဆရာဆွေမင်း(ဓနုဖြူ) က ဝေါဟာရမပါပဲ အမူအရာနဲ့ ငြင်သာစွာကျော်ဖြတ်ပြီး လွတ်အောင်ရှောင်သွားတာ သိပ်သဘောကျမိတယ်
ဘယ်လိုလဲဆိုတော့ အားလုံးက ဆရာတော်သရဲခြောက်တာခံရတာဟုတ်ပါရဲ့လားလို့ ဝိုင်းဝန်းလျှောက်ထားမေးမြန်းချိန်မှာ ဆရာတော်က ဆိတ်ဆိတ်သာနေတော်မူတယ်လို့ ဆရာဆွေမင်း(ဓနုဖြူ)က ရေးသားထားတယ်
တနည်းအားဖြင့် အချို့သောမေးခွန်းတွေအတွက် မဖြေခြင်းကိုက အဖြေအစစ်ဖြစ်ကြောင်း သတိထားဖို့သွန်သင်ပြနေသလိုပါပဲ
။
။
။
။
ညွှန်းဆိုခဲ့တဲ့အဆိုပါ စာအုပ်တွေကို doh khit ယူကျုချန်နယ်မှာ #အမောင်နွားကျောင်းသား ဖတ်ပြထားတာရှိတယ်ဗျ အဲ့သည်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးတွက်တတပ်တအားပါဝင်နိုင်ပါတယ်
လူကြီးမင်းတို့ရဲ့အားထုတ်မှု အဟောသိကံမဖြစ်ဖို့ VPN ခံဖို့လည်း မမေ့နဲ့အုံးဗျနော
။
။
ဒါမှမဟုတ် စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း ဆရာ့ရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး

No comments:
Post a Comment