အား 💪(ငတိုလှိုင်ရဲ့အဆုံးသတ် / ၂၉)
Https://www.youtube.com/@thantunlayinde
---
ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကိုင်းငလျင်ဖြစ်တော့ ကိုယ်ချစ်တဲ့ဂိတ်ကြီးအပါအဝင် နာမည်ကျော်ဘောလုံးအသင်းတော်တော်များများ စာထုတ်ပြန်လို့ ခံစားရသူတွေနဲ့ထပ်တူဝမ်းနည်းကြောင်း တကမ္ဘာလုံးက သူတို့ရဲ့ဘီလီယံနဲ့ချီတဲ့ပရိတ်သတ်တွေကို ကိုယ်စီသတင်းစကားပါးကြတယ်
ဒီနေရာမှာ တချို့မှတ်ချက်ပြုတာလေးတွေက ဝိဝါဒကွဲစရာ
စာထုတ်တာလောက်နဲ့ဘဝဖြစ်နေတယ် လက်တွေ့လှူတာမှမဟုတ်တာတဲ့
ကိုယ်တော့ဒီလိုနာမည်ကျော်ကမ္ဘာကျော်တွေရဲ့တရားဝင်အသိအမှတ်ပြုစာတကြောင်းက တိတ်တိတ်ကလေးလာလှူတဲ့ ကုဋေချီသန်းချီထက်ကို ပိုထိရောက်တယ်လိုယူဆတယ်
____
ဥပမာဆိုပါတော့ အာဏာသိမ်းမှုဖြစ်တော့ နာမည်ကျော်အတော်များများပါဝင်ကြတယ် ကျွဲကူးရေပါဆိုသလို သူတို့ပရိတ်သတ်တွေကလည်းဝန်းကြဝိုင်းကြပေါ့
ကိုငှက်ရဲ့ 'သွေးသစ္စာ' သီချင်းသီဆိုနေပုံက
တကယ့်ကိုအားမာန်ပါပါ
ခုဒီပုံတွေပြန်ပြလို့ မရှက်ကြဘူးလား သရုပ်ဆောင်ပီပီ ဟန်ဆောင်ညာဝါးခဲ့ကြတာပါကွာလို့ ခွီးကြဟားကြ
တချို့ကလည်း ဒီလူတွေဆီကဘာတွေမျှော်လင့်နေတာလဲ
ခေတ်အခါကြောင့်ဖောရှောဝင်လုပ်ကြတာ ဘာမှလေးနက်တဲ့အသိအမြင်ယုံကြည်မှုမရှိဘူး ရေပေါ်ဆီတွေပါပေါ့
ကိုယ်တော့ဒီလိုမထင်ဘူး
ဟန်ဆောင်ပါဝင်ခဲ့ကြတယ်လို့လည်းမထင်ဘူး
သူတို့အစောပိုင်းအစပိုင်းက အမှန်ကိုစိတ်အားထက်ထက်သန်သန်နဲ့ မတရားမှုကိုငုံ့မခံလိုသည့်စိတ်နဲ့ စိတ်ရင်းအတိုင်းပါဝင်ခဲ့ကြတယ်လို့ထင်တယ်
ဒါပေမယ့် 'တာဝေးမှာစိတ်ဓာတ်တဲ့'
ရေရှည်မှာစွန့်လွှတ်ရမှာ ဆုံးရှုံးနိုင်တာတွေကို
တဖက်က မြင်သာသိသာအောင် ပြသခြိမ်းခြောက်ချိန်မှာ မခံနိုင်တော့ပဲ ယိမ်းယိုင်ခဲ့ရတယ်လို့ ယုံကြည်မိတယ်
အမှားကို အမှန်လို့သဘောကျသွားတယ်လို့ မယူဆချင်ဘူး
ကြောက်စိတ်ကြောင့် အမှန်ကိုမထောက်ခံဝံ့ဘဲ မတရားမှန်းသိသည့်တိုင် အမှားကိုလက္ခံလိုက်ရတယ်လို့ထင်တယ်
အဓမ္မကပဲအားကြီးလွန်းတာလား ....?
ဓမ္မကိုယ်တိုင်က ယုံကြည်သက်ဝင်စိတ်မခိုင်မာသူတို့သန္တန်မှာ ရေရှည်မကိန်းဝပ်လိုတာလား..?
အထင်အရှားပြဖို့ကြောက်ရွံ့စေတာလား ..?
ဒါမှမဟုတ် ရဲဝံ့စွာမခံယူဝံ့သူအပေါ်
သိမ်ငယ်စိတ်ကိုဖြစ်စေသလား ....?
ထားပါတော့
_______________
နောက်ပိုင်းသူတို့အကြောင်းအမျိုးမျိုးကြောင့် ဒီလိုအာဏာသိမ်းမှုကို ပေါ်တင်ကန့်ကွက်တာမျိုးမလုပ်ကြတော့ မလုပ်ပြတော့ သူ့နောက်က ရာချီသောထောင်ချီသော ပါလာနိုင်စရာတွေရဲ့အားတွေက ကွယ်ပြောက်သွားတယ်
ဒီနေရာမှာ ပရိတ်သတ်တချို့က သို့တည်းမဟုတ် သူကိုယ်တိုင်က မင်းတို့ကအပြစ်ပြောဖို့လောက်သိတာ ပေါ်တင်မဟုတ်ပေမယ့် လစဉ်ဘယ်၍ဘယ်မျှလှူနေတာ မင်းတို့မှမသိဘဲ မင်းတို့ထောက်ပံ့တာထက်ကို အများကြီးလှူနေတာကွစသည်ဖြင့်ပေါ့
မဖြစ်နိုင်ဘူး မဟုတ်ပါဘူးမဆိုနိုင်ပါဘူး
ဒါပေမယ့် ဒီလိုလူသိထင်ရှားသူတွေ တိတ်တိတ်လေးလှူနေတာထက် တပြားမှမလှူရင်နေပါစေ ဒီမတရားမှုကို ကန့်ကွက်ပါတယ် ရှုံ့ချပါတယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုပေးတာက ပိုထိရောက်ပါတယ်
ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ထောင်ချီသောင်းချီသောပရိတ်သတ်တွေကိုဆွဲဆောင်နိုင်တာကြောင့်ပါ
နောက်ပြီး သူနဲ့သဏ္ဌာန်တူ ပါဝါတူ ပုံရိပ်တူတွေကိုလည်း
ဟာသူကဒီလိုပြောနေပါလား
ဒီလိုရပ်တည်ပါလား
ငါတို့ကောဘယ်လိုလဲ..ဘယ်လိုလဲ အတွေးဝင်လာအောင် လှုံ့ဆော်နိုင်တာကြောင့်ပါ
_____________
ဆိုပါတော့ မြန်မာ့နာမည်ကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ Iron cross လို့အမည်ရတဲ့ IC
ပရိတ်သတ်တွေသာမက ပညာရှင်တွေကပါတန်းပေးအလေးထားစောင့်ကြည့်ရတဲ့အဖွဲ့
ဒီတော်လှန်ရေးမှာ သူတို့နည်းသူတို့ဟန်နဲ့ တိတ်တိတ်လေးပါဝင်ကောင်းပါဝင်နေပါလိမ့်မယ် သိန်းရာချီတာမျိုး ထောင်ချီလှူနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ဒါပေမယ့်ပေါ့ စောစောကနာမည်ကျော်ဘောလုံးအသင်းတွေ ငလျင်ဒဏ်သင့်သူတွေအတွက်ထပ်တူဝမ်းနည်းကြောင်း တရားဝင်ထုတ်ဖော်ပြောကြားသလို
ဒီအာဏာသိမ်းမှုကိုသဘောမတူပါကြောင်း ကန့်ကွက်ပါကြောင်း ရှုံ့ချပါကြောင်းတရားဝင်ပြောဆိုမယ်ဆိုရင် ရပ်တည်နေဆဲဖြစ်မယ်ဆိုရင် ကျွဲကူးရေပါဖြစ်လာမယ့် သူတို့ရဲ့အားကိုမှန်းဆကြည့်
တော်လှန်ရေးက ဒီထက်အများကြီးခရီးရောက်ပြီးဖြစ်နေမှာ အသေအချာပါပဲ
.
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment