သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

မြတ်ဘုရားလက်ထက် သမီးကိုကျွန်ပြုစေလို့ ဒါနပြုသလို သဒ္ဓါအခြေပြု ဘာသာသက်ဝင်မှုများ


 မြတ်ဘုရားလက်ထက် သမီးကိုကျွန်ပြုစေလို့ ဒါနပြုသလို

သဒ္ဓါအခြေပြု ဘာသာသက်ဝင်မှုများ

.

ဘုရားလက်ထက် သူဆင်းရဲ့မိသားစုလေးအကြောင်းကြားဖူးကြလိမ့်မယ်ထင်တယ်

ကြာနီကန်ဆရာတော်တောင် ဟောထားတာလေးရှိတယ်


ရဟန်းတို့မြို့တွင်းလှည့်လည်ဆွမ်းခံကြွနေတာမြင်တော့

လောင်းလှူလိုတဲ့ စေတနာထက်သန်လို့ ရဟန်တပါးကို မနက်ဖြန်မနက်သူတို့အိမ်ကြွပါလို့

ပင့်ဖိတ်ခဲ့တယ်


ပင့်ခဲ့ပေသော်ငြား အမွန်အမြတ်ပြုရာ အလေးထားရာမို့

သူတို့နေ့စဥ် စားသလို မကပ်လိုဘူး မလှူလိုဘူး


ဒီတော့ ဇနီးနဲ့သမီးကိုကိုတိုင်ပင်လို့ သူဌေးတဦးဆီမှာ ငွေအနည်းငယ်ချေးယူလိုတယ်

ဒီလိုချေးဖို့လည်း အပေါင်ပစ္စည်းကလည်းမရှိပြန် 

ဒီတော့သမီးလေးကို အပေါင်အနေနဲ့သူဌေးထံအပ်လို့ အိမ်စေသဏ္ဍာန်ထားကာ

လုပ်အားနဲ့ချေးငွေပါ တပါတည်းစက်စေကျေစေမယ်ပေါ့


ဒီလိုနဲ့သဘောတူသည့်အလျှောက်သမီးလေးကိုအပ်လို့

နောက်နေ့မနက်ဆွမ်းကပ်ကြခြင်းပါ


ဇာတ်လမ်းလေးနားထောင်စက 

ဪ..သူတို့နှယ် သဒ္ဓါစိတ်ပြင်းထန်လှပါပကော

ကိုယ်စွမ်းနိုင်တာထက်ပိုလို့ ဘာသာအပေါ် သာသနာအပေါ်လုပ်ကြွေးလိုတဲ့ 

ကောင်းမြတ်သည့်စေတနာပေမို့ ရှိနိုင်ခဲလှပါပေပကော

ဘုရားရှင်လက်တော်ကလူတွေမို့ သဒ္ဓါပြင်းထန်လှတာ ထူးဆိုစရာတော့မရှိဘူးပေါ့လေ


ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင် အနီးအပါးစောင်းငဲ့ကြည့်ပြန်တော့

ဒီသဘောတွေက ခပ်စိပ်စိပ်တွေ့ရပြန်တယ်


ဥပမာ - မြို့ပြမှာ အိမ်ဖော်လုပ်နေတဲ့ သမီးပို့တဲ့ငွေလေးနဲ့

ထမင်းရေချောင်းစီးအလှူကြီးပေးကြတာတွေ 


ဒါက သွေးသားအရင်းအခြာကို ဒါနအရာအတွက် 

ကျွန်သဏ္ဍာန်အပ်ခြင်းပဲမဟုတ်လား


နိုင်ငံရပ်ခြားမှာ အိမ်နဲ့ခွဲ ရွာနဲ့ခွဲ ဘာသာမတူ လူမျိုးမတူသူတွေအရပ်မှာ 

ငွေအတွက်နဲ့ မျက်နှာငယ်ငယ် ပင်ပမ်းကြီးစွာအလုပ်လုပ်ကိုင်လို့ 

တမူး တပဲခြစ်ခြုပ်စုခဲ့ရတဲ့ ငွေနဲ့


ရွာမှာခြိမ့်ခြိမ့်သဲပြန်ကျင်းပကြတဲ့ ပွဲလမ်းတွေ 

ဒါနအမည်ခံ သဒ္ဓါအခြေပြု ဘာသာအပေါ်သက်ဝင်မှုတွေ


ဆိုင်းဆရာတို့ကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ညွှန်းဆိုကြပေသကိုး

အာသောကမင်းကြီးပမာပြု သာသနာ့အမွေဆက်ခံစေခြင်းကသာ 

ဒါနအားလုံးရဲ့အချုပ်အမြတ်ဆုံးရယ်လို့ပေါ့


မှားတယ်လို့မဆိုနိုင်ပေမယ့် နည်းယူတာလွဲ

သာသနာ့အမွေဆက်ခံတယ်ဆိုရာမှာ ဘုရားဟောကြားတဲ့ဓမ္မကို

နှုတ်ထက်ရွတ်ဆို အစဥ်လိုကျက်မှတ် ဘဝင်ကျသည်အထိ အထပ်ထပ်ဆင်ခြင်လို့

ဟုတ်၏ 

မှန်၏ 

ကောင်း၏ လို့ ပညာနဲ့ခွဲခြမ်းစိတ်ဖြာရင်း ဘဝင်တကျလက္ခံယူရတာမျိုး


ခြိမ့်ခြိမ့်သဲအလှူပွဲပြုလို့ သင်္ကန်းတပတ်လောက်ဝတ် ပြီးထွက်ပြန်တော့

ဘာသာအရာမသိ အနှစ်ကိုနားမလည် ဝတ်ခါမတ္တက သာသနာ့အမွေဆက်ခံခဲ့တာဖြစ်နိုင်ပါ့မလား


ပါမောက္ခချုပ်ဆရာတော်ဆိုရင် မနက်စောစောဘုန်းကြီးကျောင်းသွား

ဆရာတော်တွေအရုဏ်ဆွမ်းစားပြီးကြတော့ လာကြလာကြဆိုပြီးသင်္ကန်ဝတ်ပေးလိုက်တာတဲ့

ပွဲရယ်လို့ တကူးတကမလုပ်ခဲ့ပါဘူးလို့ ဆရာတော်ကိုယ်တိုင် မကြာခဏပြန်ပြောနေကျ


ကျွန်တော်တို့ရဲ့အလှူပွဲတွေက ဒါနအမည်ခံ 

သဒ္ဓါအခြေပြု ဘာသာရေးအမည်ခံတဲ့ ပျော်ပွဲရွှင်ပွဲသက်သက်ပေပဲလား....?


ဗုဒ္ဓဘာသာက ပညာအခြေပြုဘာသာဆိုရင်လက္ခံလားဗျ

ရှင်သာရိပုတ္တရာ သံဝေဂရသွားတဲ့ဂါထာလေးပဲရွတ်ကြည့် 

ယေ ဓမ္မာ ဟေတု' ဆိုတာလေ


အကြင်တရားတို့သည် အကြောင်းကြောင့်ဖြစ်ကုန်၏

ထိုဖြစ်ရာ အကြောင်းကိုလည်းကောင်း 

ဖြစ်ပေါ်လာနိုင်တဲ့အကျိုးကိုလည်းကောင်း

ထိုအကြောင်းအကျိုးတို့ ပြတ်ဆဲခြင်းကိုလည်းကောင်း 

ငါတို့ဘုရားသိ၏

သိသည့်အတိုင်းလည်း ထုတ်ဖော်ဟောကြားလမ်းပြတော်မူ၏ တဲ့


ဗုဒ္ဓဘာသာမှာ သဒ္ဓါဆိုတာက အခြေခံအဆင့်မှာအရေးပါပေမယ့် 

အဆင့်မြင့်ဉာဏ်တွေအတွက်က သဒ္ဓါသက်သက်နဲ့ ဆက်လို့မရပါဘူးဆိုရင်


သင်လက္ခံနိုင်လား...?

လက္ခံနိုင်ရဲ့လားဗျ

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး