သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, January 14, 2023

Running man Translater တို့အတွက် မှတ်တမ်းပြုဂုဏ်ပြုခြင်း


.......... 

Runner တို့ ကြည့်ဖူးသမျှရဲ့ ၈၀ရာခိုင်နှုန်းလောက်က
Shine bo bo Latt ရဲ့ ဘာသာပြန်ထားမှုတွေဖြစ်မယ်ထင်တယ်

သူက ဝါသနာနဲ့ အားလုံးကြည့်စေလို့တဲ့စေတနာအရသာ 
ဗီဒီယိုတွေကို ဘာသာပြန်တင်ဆက်ပေးဟန်တူတယ်

သူ့ဗီဒီယိုတွေမှာ ကြော်ငြာရယ်လို့လည်းမတွေ့မိ 
သူ့ကိုယ်ပိုင်ဝက်ဆိုဒ်ရှိပေမယ့် ဝက်ဆိုဒ်ကနေဝင်ငွေရအောင် 
ဆွဲခေါ်တာမျိုးမတွေ့လို့ပါ

ကိုယ်တွေလိုဆိုရင်
ကိုယ်ကြည့်ရပြီးရောပေါ့ 
ဘာကြောင့်အချိန်ကုန်ခံ အလုပ်ရှုပ်ခံ ပြန်တင်ပေးနေအုံးမှာလည်း
အခန့်မသင့် အဆဲတောင်ခံရနိုင်သေးတာမဟုတ်လား

ဒါပေမဲ့ သူ့မှာအဲ့ဒီစိတ်ရှိဟန်မတူဘူး
အသစ်ထွက်တိုင်း အမြဲတမ်းလက်မနှေးသလို
အဟောင်းတွေကိုလည်း အချိန်ရတိုင်းပြန်ပြန်တင်တင်ပေးနေတာ 
တကယ်ကျေးဇူးတင်ဖို့ကောင်းတယ်

ပြီးပြီးရော Google auto Translate မျိုးမဟုတ်ဘဲ 
သေသေချာချာ အသေးအဖွဲ့ screen ကတ်လေးတွေကအစ 
စနစ်တကျပြန်ဆိုတတ်သလို 
စာလုံးပေါင်းသတ်ပုံပါ အမှားအင်မတန်နည်းတာမို့ 
တချို့ဆိုရင် Shine bo bo Latt တင်မှကြည့်မယ် 
သူကမှ ဘာသာပြန်ကောင်းတာဆိုတဲ့ အဆွဲရှိသွားတာမျိုးတောင်တွေ့ဖူးတယ်

တချို့ထင်ကြတယ် Translate လုပ်တာ ခုခေတ်ဘာခက်တာမှတ်လို့ 
auto Translate appတွေ ပေါသားပဲဟာလို့
ဒါပေမဲ့ အဲ့သလို auto နဲပြန်ထားတဲ့ ဇာတ်ကားတွေ ကြည့်ဖူးမှာပါ 
ကြည့်ရတာဘယ်လိုမှအာရုံမလာဘူး ထောင့်တောင့်တောင့်နဲ့မဟုတ်လား

တချို့ကကျတော့ သက်ဆိုင်ရာပြန်လိုတဲ့ 
ဘာသာစကားကျွမ်းရင်ရတာပဲ လွယ်ပါတယ်လို့ ပြောကြတယ်

ဒီနေရာမှာ ဘာသာပြန်စာအရေးများတဲ့ စာရေးဆရာကြီး မြသန်းတင့်ကို 
အခြားသူများက ဘာသာပြန်ဆိုတာဘာခက်တာမှတ်လို့ သူတို့ရေးပြီးသားပြန်ရေးတာစသည်ဖြင့် ဝေဖန်ကြတော့ သူ့ဖက်ကနေ အခြားစာရေးဆရာကြီးတွေက ပြန်ချေပထားတာလေးနဲ့ကိုးကားချင်တယ်

ဘာသာပြန်ဆိုတာ အင်မတန်ခက်သလို 
ဝေါဟာရတွေ ဓလေ့ထုံးစံတွေ ယဥ်ကျေးမှုတွေ 
အနည်းဆုံးတီးမိခေါက်မိမရှိရင် ဘာသာပြန်လို့ မရပါဘူး 
ရရင်လည်း ဖတ်ရသူမှာ မချောမွေ့ပါဘူး 

အထူးသဖြင့် မိခင်ဘာသာစကားကို 
လုံးဝကျွမ်းကျင်မှ ဖတ်ရတာ (သို့ ) ကြည့်ရတာ အရသာရှိတာပါ

ဥပမာ ...
လူတွေကဒီလိုပါပဲ ပြောပြီးမေ့သွားကြမှာပါလို့ တိုက်ရိုက်ဘာသာပြန်လို့ ထွက်လာမယ့်စကားလုံးကို မြန်မာတွေနားထဲလျှောကနဲ့ ဝင်သွားစေချင်ရင် ချီးမွန်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပါကွာလို့ ပြန်လိုက်တာမျိုး

ဒီအချိန်မှာ လုပ်ကိုလုပ်ရမှာပဲ လုပ်သာလုပ်ကွာ အောင်မြင်ရမှာပေါ့ မအောင်မြင်လည်းဘာဖြစ်လဲဆိုတဲ့ စကားစုကို သေမြေကြီးရှင်ရွှေထီးလို့ပြန်လိုက်ရင် ကိုယ်တွေမှာထင်းကနဲ့မို့လား

ငါလည်းဝယ်ပြီးရော စတော့ရှယ်ယာတွေကထိုးကျရော ကံဆိုးလိုက်ပုံများကွာ ဆိုတဲ့စကားလုံးကို
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ဘာသာပြန်ကြတာမျိုးပေါ့

တချို့များခေတ်ကာလအသုံးလေးတွေပါထည့်ထားတာ ကြည့်ရင်းပြုံးမိတယ်
ဥပမာ သီချင်းဆိုပြိုင်တယ်ဆိုပါတော့ 
မင်းဟာက ချိမ့်ကေကိုလောက်တောင်မကောင်းဘူးတဲ့
ဘယ်လောက်လှတုန်းပြန်ထားတာ မူရင်းမှာပြောတာတခြား 
ဒါပေမဲ့ ဖတ်ရင်းအဓိပ္ပါယ်လည်းပေါ်သလို သဘောလည်းကျမိတယ်

ဆုန်းဂျီဟိုရဲ့ နာမဝိသေသနကိုလည်း ပြန်ထားတာဘယ်လောက်လှလဲ
အူတူတူ တဲ့ အူလည်လည် ဖြစ်ဖြစ် အတတ ဖြစ်ဖြစ် ပြန်ရင် 
မြန်မာ့ဝေါဟာရမှာ နိမ့်ကျတဲ့ နှိမ့်ချတဲ့ အရိပ်အယောင်မျိုးဖြစ်သွားမှာမဟုတ်လား

ဒါလေးတခုတည်းနဲ့တင်ကို Translater တွေကို သဘောကျမိတယ်

ဂင်ဂျုံကုကိုများ ပေးထားတာ ကျားကြီးတဲ့
ကျားတင်မဟုတ်ဘူးနော် ကျားပေါက်ကလေးလည်းမဟုတ်ဘူး
အားမာန်ပါပါ အရှိန်ပြင်းပြင်း စာလုံးမြင်တာနဲ့ ထပြေးရမလို ပုန်းနေရမလို 
မြင်ယောင်သွားအောင်ပေးထားတာ

ဒီလို အခြားဘာသာစကားအပြင် ကိုယ့်ဘာသာစကားကို 
ထဲထဲဝင်ဝင်ကျွမ်းကျင်သူတွေပြန်ရင် ကြည့်ရတာ အင်မတန်အရသာရှိတယ်

Runner တို့အတွက်တော့ 
Shine bo bo Latt လို Translater ကောင်းတယောက် ရထားတာ တကယ့်ရတနာပဲ

Translater တွေလည်း ဝါသနာနဲ့ ကြည့်စေလိုတဲ့စေတနာအရသာ 
အချိန်ကုန်ခံ လူအပင်ပန်းခံတင်ပေးနေရပေမယ့် 
သူတို့မှာလည်း အသက်မွေးဝမ်းကြောင်းအလုပ်တွေ ကိုယ်စိတ်ပင်ပန်းချိန်တွေရှိမှာပါ

ဒီတော့ Runner တို့အနေနဲ့
ကိုယ်ပိုင်ဆိုင်ထားတဲ့ရတနာတွေရဲ့ တန်ဖိုးကိုသိလို့
သူတို့ရဲ့စေတနာကို အလေးထားကြောင်း ပြန်လည်ပြသနိုင်မယ့် နည်းလမ်းရှိပါတယ်

သူတို့ရဲ့ကိုယ်ပိုင်ဝက်ဆိုဒ်တွေကို 
နေ့စဥ်ခေတ္တခဏမျှ လူထောင်ဂဏန်းလောက်ပဲ 
ဝင်ရောက်ပေးမယ်ဆိုရင်တောင် သူတို့က ဒီကနေဝင်ငွေဖန်တီးရင်း 
ဒါကိုပဲ အသက်မွေးဝမ်းကြောင်းအလုပ်တခုလို တစိုက်မတ်မတ် လုပ်ဆောင်နိုင်တာမို့ပါ

သူတို့လည်း ဝါသနာပါရာ Translater အလုပ်နဲ့ 
ဘဝကိုအဆင်ပြေပြေဖြတ်သန်းနိုင်သလို  
Runner တို့အနေနဲ့လည်း အသစ်ထွက်တိုင်းကြည့်ရ 
အဟောင်းတွေလည်း တောင်းဆိုရတာမြန် 
ဘာသာပြန်မှုတွေလည်း ပိုဆန်းသစ် ဘယ်လောက်ကောင်းလိုက်မလဲလို့ပါ

ဒါကတော့ Shine bo bo Latt ရဲ့ Running man episodes တွေတင်ပေးနေတဲ့ ဝက်ဆိုဒ်လိပ်စာဖြစ်ပါတယ် အချိန်ရရင် ဆယ်စက္ကန့်လောက် နေ့စဥ် ဝင်ကြည့်ကြည့်ပါအုံး

သူကတော့တောင်းဆိုမှာမဟုတ်ပါဘူး
ဒါပေမဲ့ Runner အလေးထားမှုလေးတွေတွေ့ရင်
သူပီတိဖြစ်မှာပါ ပျော်မှာပါ

**********************************************
**********************************************

ဒါကြောင့် Runner တို့အနေနဲ့ Member တွေအပြင် ချစ်စရာ့ Translater တွေကိုလည်း မမေ့မလျော့ ချစ်ခင်အလေးထားတတ်စေဖို့ ရည်ရွယ်ရင်း

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး