ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, September 6, 2026

အိမ်သာ evolution

 

အိမ်သာ evolution

လူရဲ့အစက လွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်နှစ်ထောင် ဘယ်နှစ်သန်းဘယ်နှစ်သိန်းကဖြစ်မလဲ‌တော့မသိဘူး 


ဘာသာတရားအလိုအရ အပြစ်တစုံတရာကြောင့် မြင့်ရာမှနိမ့်သွားလေသလား အတွေးဒဿနအလိုအတိုင်း နိမ့်ရာမှ တဖြေးဖြေးမြင့်တက်ကောင်းမွန်ပြီး တခေတ်ပြီးတခေတ် တဆင့်ပြီးတဆင့်ပိုမိုပြည့်စုံလာစေခဲ့သလားလဲမဆုံးဖြတ်နိုင်ပါဘူး 


ကမ္ဘာ့ယဉ်ကျေးမှုပြယုဒ်မြို့တော်ကြီးတွေ တခုပြီးတခုအလျှိုလျှိုပေါ်လာလိုက် တိမ်မြုပ်သွားလိုက်


နည်းပညာပစ္စည်းတွေလည်း အဆင့်ဆင့်ကြံဆလာကြရင်း

အခြားသောကမ္ဘာ့ပြင်ပ ဂြိုဟ်အသီးသီးကို ‌စောင့်ကြည့်လေ့လာကြ လကမ္ဘာပေါ်ကိုတောင်လူတွေပို့ဆောင် 


နိုင်ငံရေးစနစ်တွေမှာလည်း ဧကရာဇ် ပဒေသရာဇ် ကွန်မြူနစ် စသည်ဖြင့်


ဖြစ်တည်လိုက်တိုးတက်ဖွံ့ဖြိုးလိုက် ပေါက်ကွဲပျက်စီးသွားလိုက်နဲ့ ဖြစ်ပျက်ပြောင်းလဲခြင်းမပြတ်စီးဆင်းနေတဲ့ လောကကြီးမှာ


အိမ်သာကတော့ ဖြတ်သန်းခဲ့တဲ့ ပြောင်းလဲမှုဖြစ်စဉ်က သိပ်မများသေးဘူးလို့ပြောရမယ်


ကမ္ဘာဦးကတည်းက ကျင့်သုံးခဲ့တဲ့ အိမ်သာစနစ်ကနေ ယနေ့ခေတ်အသုံးပြုတဲ့နည်းအထိ ဆင့်ကဲပြောင်းလဲလာခြင်းစနစ်အားလုံးကို ကိုယ်တွေမျိုးဆက် တောကျေးလက်မှာမွေးဖွားခဲ့သူအားလုံးနီးပါး ဖြတ်သန်းခဲ့တယ် ကြုံဖူးခဲ့မယ်လို့ ယူဆမိတယ်

__________________________


၁။ကမ္ဘာဦးကအိမ်သာ

ကမ္ဘာဦးအစကတည်းက ကျင့်သုံးခဲ့တဲ့ နံပါတ်တစ် အဦးအစနည်းက တောတိုးခြင်းပဲမဟုတ်လား ကိစ္စပေါ်လာရင် တုတ်တချောင်းကောက်လို့ ချိုးလို့ လူကွယ်မျက်ကွယ်သွား ကိစ္စရှင်းလိုက်တာပဲဟုတ် 


ဒါကြောင့်ပဲ လူကြံရင် ထရံတောင် တုတ်ခညောင်းဖြစ်သေးတယ်လို့ဆိုတာ တုတ်ခညောင်းဆိုတာက အီးကုန်းသုတ်တဲ့ ဒုတ်တံပေါ့ 


အံမယ်အချို့များ တုတ်ခညောင်းတောင်မလိုဘူး ဖုတ်ထူထူမှာ မြက်ထူးထူမှာ ဒရွတ်လျှောချလိုက်တယ် ဆောင်းတွင်းများဆိုတယ်ကောင်း နှင်းစစိုစို မြက်ထိုထိုကြောင့် အေးအေးစိမ့်စိမ့်ပြောင်ပြောင်ရှင်းရှင်း


ညနေများရွာပြင်တုတ်ခညောင်းကိုယ်စိတ်နဲ့ ပျိုပျိုအိုအို ကိုယ်စီအစုအဖွဲ့နဲ့ ငုတ်တုတ်ထိုင်နေတာတွေ့ကြရလိမ့်မယ် အဲ့သည်အချိန်များ ယောင်တောင်ပေါင်တောင်တယောက်တည်းတောထွက်မိရင်တော့ မျက်နှာမဖော် ပုဆိုးခေါင်း‌မူးခြုံပြီးသာပြေးပေရော့ သူတို့ကအုပ်စုလိုက်ကိုး


ဒါကြောင့်ယိုသူမရှက်မြင်သူရှက်ဆိုတဲ့ စကားပေါ်လာတာကိုး

__________________________


၂။ပြောင်းလဲလာပေမယ့် တိုးတက်လာတယ်လို့မဆိုနိုင်တဲ့‌

နောက်များတော့ တောထွက်ထိုင်တယ်ဆိုတာ နေဝင်ရီရောလူလုံးမကွဲချိန်မှ ထိုင်ကြတာဆိုတော့ မြွေပါးကင်းပါး ပိုးမွှားအန္တရာယ်မကင်းဖြစ်လာ အဖော်‌ရှာရတာတွေရယ်ကြောင့် အိမ်ထဲမှာပဲ အိမ်သာတွေဆောက်လာကြတယ်


အစဉ်အလာကနေ ပထမဆုံးဖောက်ထွက်ပြောင်းလဲခဲ့တာမို့ လိုအပ်လို့ပေါ်ပေါက်လာရတယ်လို့ဆိုရပေမယ့် ပိုကောင်းတယ်လို့တော့မဆိုနိုင်ဘူး 


ဘာကြောင့်လဲဆိုတော့ တွင်းကြီးတူးတယ်ဗျာ အဲ့သည်အပေါ်မှာ ပျဉ်နှစ်ချပ်ထိုးပြီး စောင့်ကြောင့်ထိုင်တာကိုး မြေစိုက်တဲ့သဏ္ဍာန် အကာအရံတော့ပါတာပေါ့  


အောက်‌များငုံ့ကြည့်ရင်တော့ အောင်မငီး အော်ဂလီကိုဆန်ရော 


နဂိုတောမှာထိုင်တုန်းက တယောက်တနေရာ တပုံစီဆိုတော့ မနက်ထိုင်ခဲ့တဲ့ကိစ္စက ညနေဆို မိုးဒါဏ်ကြောင့်လည်း ပုံသဏ္ဍာန်ပျက် နေဒါဏ်ကြောင့်လည်း ခြောက်ကပ်သွား လေဒါဏ်ကြောင့်လည်း အနံ့ပျယ်သွားတာကိုး


ခုပြောင်းလဲတဲ့နည်းက တအိမ်သားလုံးရဲ့ကိစ္စတွေကို တွင်းတခုထဲ စုပေါင်းထားတာဆိုတော့ နေပူလို့လည်းမခြောက် မိုးရွာ‌ရေဝင်လို့သဏ္ဍာန်ပျက်သွားပေမယ့် ပေါင်းစုပနော်ထားသလိုဖြစ် လေတိုက်လို့လည်းအနံ့မပျယ် စုပေါင်းထွက်တဲ့အနံ့မို့ ပိုတောင်ဆိုး 


အဲ့ဒီထဲက ပေါက်ဖွားတဲ့ ယင်မဲကြီးတွေ ပြည့်စုံတဲ့အာဟာရကြောင့် သန်မာထွားကြိုင်းတဲ့ ကြွက်ကြီးတွေကို မွေးထုတ်ပေးပြန်တော့ကား ကောင်းကျိုးထက် ကျန်းမာရေးအတွက် သန့်ရှင်းရေးအတွက် ဘေးထွက်ဆိုးကျိုးကပိုနေသလိုလို


ဒါကြောင့်အဲသည်ခေတ်က အိမ်သာတွေ အိမ်နဲ့ဘယ်နှစ်ပေ ရေတွင်းရေကန်နဲ့ ဘယ်နှစ်ပေဝေးရမယ်ဆိုတဲ့ စည်းကမ်းချက်တွေပေါ်လာတာ


ဒီကြားထဲ အိမ်မွေးတိရစ္ဆာန်တွေ တွင်းထဲပြုတ်ကျတာတို့ လူပြုတ်ကျတာတို့ဇာတ်လမ်းတွေက ရယ်စရာ သောစရာ လွမ်းမောစရာနဲ့ မကြားချင်မှအဆုံး


ဒါကြောင့် ဆရာမင်းကျော်ရဲ့ဝတ္ထုကို ဆရာကြီးဦးသုခရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့ဇာတ်ကားမှာ တက္ကသိုလ်ကျောင်းသားတွေက တောရွာအရောက် အိမ်သာဆောက်ကြဖို့တိုက်တွန်းတော့ ချီးပဲဗျာ သိမ်းထားမနေချင်ပါဘူး တောထဲသွားထိုင်လိုက်ပြီးရောပေါ့ဆိုပြီး ချေပထားတာ


ဒီ အိမ်သာ ကမ္ဘာဦးအစ မူလအဆင့်ကနေ ပထမဆုံးပြောင်းလဲခြင်းက ဘယ်လိုမှကို ပိုကောင်းတာဖြစ်လာတယ်လို့မဆိုနိုင်ပေမယ့် နောက် တတိယအဆင့် စတုတ္ထအဆင့် တိုးတက်ပြောင်းလဲခြင်းတို့အတွက် အခြေခံအုတ်မြစ်သဘောလို့ ပြောလို့ရယ်တယ် 


ဒီအဆင့်ကိုမပြောင်းလဲခဲ့ရင် ဒီအဆင့်ကို မဖြတ်သန်းခဲ့ရင် ယနေ့လက်ရှိအသုံးပြုနေတဲ့ အတော်အတန်ပြည့်စုံကောင်းမွန်တဲ့စနစ်တွေကို ဘယ်တော့မှရောက်လာမှာမဟုတ်ဘူးလို့လည်း ယူဆမိတယ်


ဒီခေတ်မှာတော့ တုတ်အပြင် စက္ကူကိုပါ စတင်တွဲဖက်အသုံးပြုလာကြပြီ

__________________________


၃။ပိုကောင်း‌ပေမယ့် မပြည်စုံသေး

ဆိုခဲ့သလို ရှေ့အဆင့်တုန်းက တွင်းပေါ်ပျဉ်ချပ်ထိုးထိုင်ရာက ထိုမှတဆင့် တွင်းပေါ်အိမ်သာအလုံးတိုက်ရိုက်တည် ဆောင့်ကြောင့်ထိုင်ရာက တွင်းကိုတွင်းသပ်သပ်တူးလို့ ထိုအပေါ်ကို လူသူတိရစ္ဆာန်ကျွံမကျရလေအောင် အမာခံပြီးပြန်ဖုံး မလှန်းမကမ်းမှာ အိမ်သာအလုံးသပ်သပ်စောက်လို့ ထိုတွင်းဆီကို ပိုက်နဲ့လှမ်းဆက်သွယ်ပြီး စွန့်ပြစ်အညစ်အကြေးကို စီးဆင်းသွားစေတယ်


ဒီခေတ်မှာတော့ အောက်ကိုငုံ့ကြည့်လို့ အော်ဂလီဆန်စရာမြင်ကွင်းက လုံးဝကွယ်ပျောက်သွားပါပြီ နောက်ပြီးတွင်းထဲပြုတ်ကျတယ်ဆိုတဲ့ဇာတ်လမ်းတွေကလည်း မရှိသလောက်ကိုနည်းသွားပြီ အဖုံးမခိုင်လို့ပြုတ်ကျတာမျိုးရှိပေမယ့် အတော်နည်းသွားပြီလို့ဆိုနိုင်တယ်


နောက်ပြီး ယင်ပေါက်ဖွားမှုကျဆင်းသွာပြီး ကြွက်မဲကြီးတွေ စားသောက်နေတာလည်း မျက်မြင်တော့မမြင်ရတော့ဘူးပေါ့


ပြီးတော့ တွင်းက‌မိုးကြောင့်ရေတိုက်ရိုက်မဝင် လေကတိုက်ရိုက်ယက်မထုတ်သာတော့ အနံ့အသက်ကအတော်သက်သာသွားတယ် ခပ်လှန်းလှန်းကဆိုရင် လုံးဝရတော့ပေမယ့် တက်မယ့်သူအတွက်တော့ အိမ်သာထဲမတော့ အတော့်ကိုဆိုးရွားနေတုန်းပဲလို့ဆိုရင်ပိုမှန်လိမ့်မယ်ထင်တယ် 


တအိမ်သားလုံးရဲ့စုပေါင်းရာက မြေကြီးအပူဓာတ်ကြောင့် ကော်ဖီများအငွေ့တက်သလို ပျံ့တက်လို့ ဆက်သွယ်ရာပိုက်လုံးသေးသေးလေးထဲက ရောက်ရှိလာတာမို့ အီလည်လည် လေးလေးပင်ပင်အနံ့ကြီးကိုး


ပြီးတော့ အညစ်အကြေးကျရာမုတ်ခွက်က အလေးအပင်အတွက်ခံလောက်ရုံသာ ကျယ်ပြန့်တာမို့ မိန်းကလေးတို့်တွက်လုံလောက်ပေမယ့် ယောက်ျားလေးတို့ကျင်ငယ်အတွက်က ခွက်အတွင်းတည့်တည့်မကျဘဲ ရှေ့သစ်သားတန်းက ဦးတည်ရာဖြစ်နေတော့ အနံ့ကစွဲနေသေးတာကိုး ဂရုတစိုက်ခွက်အတွင်းကျအောင်သက်ဆင်းစေရင်ရပေမယ့် သိတယ်မို့လား ကိုယ်တွေယောက်ျားလေးတွေက ငပျင်းတွေလေ ရောက်ချင်ရာရောက် ပေါက်ပစ်လိုက်တာပဲဟုတ်


ဒီခေတ်မှာတော့ တုတ်ခညောင်းသုံးတာက ရာနှုန်းပြည့်နီးပါးပြောက်သွားပြီးလို့ဆိုနိုင်တယ် ဘာကြောင့်လဲဆိုတော့ အကြောင်းနှစ်ချက်ရှိတယ် 


တစ်အချက်က တုတ်သုံးရင် တွင်းပြည့်မြန်တာရယ် 

နှစ်အချက်က စက္ကူတွေပေါများလာတာရယ်ကြောင့်ပါ


ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆင့်ကပိုကောင်းလာတာမှန်ပေမယ့် ပြည့်စုံပြီလို့မဆိုနိုင်သေးဘူး ပစ္စုပ္ပန်ဆက်ဆက်ကိစ္စရှင်အတွက် အနံ့ကိစ္စမှ မရှင်းသေးဘဲကိုး


ဒါပေမယ့် တောရွာတွေကမှာတော့ ယနေ့အချိန်အထိ ဒီအဆင့်မှာပဲ ရှိနေပါသေးတယ်


ဒီခေတ်မှာတော့ ရေစတင်သုံးလာပြီဆိုပေမယ့် သုတ်သင်ဖို့ တုတ်ရဲ့အကူအညီ နောက်စက္ကူတွေပေါလာတော့ စက္ကူရဲ့အကူအညီလိုအပ်နေတုန်းပါပဲ


စနစ်မြှင့်တင်တဲ့ကာလဆိုတော့ အဟောင်းကိုလည်းမပယ်ချင် အသစ်တွေလည်းတိုးဝင်ဆိုတော့ အတော့်ကိုရှုတ်တဲ့ကာလပေါ့ဗျာ


ရေလည်းကုန် စက္ကူလည်းကုန် တုတ်ခညောင်းလည်းမစွန့်နိုင်ဆိုတော့ ခြံစည်းရိုးလည်းမနေရ အကာအရံထရံစလေးတွေလည်း လွယ်လင့်တကူလှမ်းချိုးအသုံးပြုကြတော့ ဟောင်းလောင်းကိုပေါက်ကရော

__________________________


၄။ပြည့်စုံကောင်းမွန်သွားခြင်း

နောက်များတော့ အနံ့ကိစ္စကို ပညာရှင်များဖြေရှင်းလာကြတယ် ဒီနည်းတွေ့ရှိတီထွင်အပြီးမှာ အိမ်သာဟာ နှစ်လိုဖွယ်ပဋာသဖြစ်လာပြီး အိမ်ရဲ့အခြားနေတွေနဲ့ ဘာမှကွာခြားမှုမရှိတော့တဲ့အထိ ပြည့်စုံကောင်းမွန်လာတယ် 


ပိုကောင်းလာတယ် ပြည့်စုံလာတယ်ဆိုပေမယ့် အဆင့်မြင့်နည်းပညာတွေ စက်ပစ္စည်းတွေနဲ့ ငွေကုန်ကြေးကျများစွာ ဖန်တီးတည်ဆောက်ရတာမျိုးမဟုတ်ဘဲ တွေးဆမျှော်ခေါ်စဉ်းစားရာက ဖြစ်ပေါ်လာတဲ့ နည်းနိဿယဆိုရင်ပိုမှန်တယ်


ဘယ်လိုလည်းဆိုတော့ အညစ်အကြေးဆင်းပိုက်ကို တွင်းဆီတိုက်ရိုက်‌အဖြောင့်သွယ်တန်းတာမဟုတ်ဘဲ ကြားမှာရေနေအောင် ခွင်လေးတခုဖန်တီးပေးလိုက်တယ် အဆိုပါရေက တွင်းဆီကတက်လာမယ့်အနံ့ကို တံတိုင်းသဖွယ်ကာရံထားတာမို့ အဲ့သည်ရေထုကို ထွင်းဖောက်လွင့်တက်လာဖို့အနံ့ကအစွမ်းနိုင်တာမို့ အတိတ်ရဲ့ဒါဏ်ချက် ပျံ့တက်လာမယ့်အနံ့အတွက် ခံစားရဖို့ကိစ္စမှာ ရာနှုန်းပြည့်တားဆီးလိုက်နိုင်ပြီလို့ဆိုနိုင်တယ်


ဒါပေမယ့် ဒီစနစ်အသစ်ကြောင့် ကမ္ဘာဦးကတည်းကအဖော်မွန်ဖြစ်ခဲ့တဲ့ အစဉ်အဆက်သုံးဆွဲခဲ့တဲ့ တုတ်ခညောင်းကို မဖြစ်မနေ နှုတ်ဆက်ခွဲခွာလိုက်ရတယ် ပယ်ချခဲ့ရတယ် ထားချန်ခဲ့ရတယ် 


ဘာကြောင့်လဲဆိုတော့ အဖြောင့်သွယ်တန်းတာမဟုတ်ဘဲ ရေနေဖို့ အကွေ့အဝိုက်လေးဖန်တီးလိုက်ချိန်မှာ တုတ်ချောင်းလို အမာအတောင့်က အလွယ်တကူစီးမျောမသွားနိုင်ဘဲ ကန့်လန့်ခံပိတ်ဆို့နေတတ်တာမို့ပါ


ပြီးတော့စက္ကူ သူကလည်း တုတ်လိုကန့်လန့်မခံပေမယ့် အဝေ့အဝိုက်ကြားမှာ အနယ်ထိုင်တွယ်ကပ်လို့ ပိတ်ဆို့သွားတတ်တာမို့ပါ


ဒီတော့ဗျာ ကမ္ဘာဦးနည်းစနစ်ကတည်းက မထိမတို့ခဲ့ရတဲ့အညစ်အကြေးကို လက်နဲ့သုတ်သင်ဆေးကြောဖို့ လက်နဲ့တိုက်ရိုက်ထိတွေဖို့ဖြစ်လာတာက ခေတ်ဟောင်းမှာတောင်မသုံးခဲ့တဲ့နည်းကြီးမို့ အတော်ဆိုးတာကိုး


တုတ်တွေ စက္ကူတွေလည်းပယ်ချင် လက်နဲ့လည်းမသုံးရလေအောင် အသားအရေမှာ ကပ်နေခဲ့မယ့်အညစ်အကြေးအတွက် တဖန်စဉ်းစားအဖြေရှာရာမှာ ရေသေနတ်လေးတွေတီထွင် ဖြည့်စည်းပေးခဲ့တယ် 


အဆိုပါသေနတ်က အသားအရေမှာကပ်ငြိနေမယ့်အရာတွေကို တိုက်ရိုက်ဖယ်စင်စေလို့ ကမုတ်အတွင်းကနေ တဖက်တွင်းရှိရာကို ရေနဲ့အတူလိုက်ပါစီးဆင်းစေရာက အိမ်သာတွေဟာ အခြားသောအကူအပံ့များစွာမလိုတော့ပဲ ရေတခုတည်းရဲ့ထောက်ပံ့မှုနဲ့ ဆိုးရွားတဲ့ ဂန္ဓကင်းကင်း အခြားသူတွေရဲ့ ‌မသတီစရာအဆင်းတွေကို မြင်တွေ့ရခြင်းက ‌ကင်းသွားစေတော့တယ်

__________________________


ထပ်ဆင့်ကွန့်ကြညွန့်ကြခြင်း

နောက်များတော့ အမွှေးနံ့သာတွေချိတ်ဆွဲလို့ အိမ်ရဲ့အခြားနေရာတွေထက်ပို‌လို့တောင် သန့်ရှင်းသပ်ရပ် မွေးကြိုင်သစ်လွင်နေတဲ့အထိ ကွန့်လာညွန့်လာကြတယ်ဟုတ်


ပြီးတော့ အများသုံးနေရာမှာဆို အပေါ့ပဲစွန့်ချင်ရင် သပ်သပ်ထပ်ဆင့်ဖန်တီးပေးထားသေးတယ်


ဒါကိုမြင်တော့ ကိုယ်တွေငယ်ငယ်က ဟာသပျက်လုံး‌လေးတောင်သတိရမိတယ် အလေးသွားရင် အပေါ့ဖရီးဆိုတာမျိုးပေါ့ အဲ့ခေတ်က အပေါ့ခွက်ရယ်လို့ သီးသန့်မှတွင်တွင်ကျယ်ကျယ်မရှိသေးပဲကိုး


ဒါတွေက evolution အတွင်းအကြုံးမဝင်ဘဲ ကွန့်ကြခြင်းသက်သက်ပါ အိမ်သာနဲ့ ပတ်သက်တဲ့နည်းပညာကြံဆမှုက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကတည်းက အဆုံးအစွန်အထိပြည့်စုံသွားပြီးပြီလို့ဆိုရမယ်ထင်တယ်

__________________________


နိဂုံးချုပ်

အရင်က ကိစ္စပေါ်လာမှတောတက် နောက် မဖြစ်လို့သာဝင်ရ အသက်အောင့်မျက်စိမှိတ်ထားရရာက နှာခေါင်းသာပိတ် ဆိတ်ငြိမ်စွာ ကြာ‌ရှည်သတင်းစာဖတ် ဗဟုသုတရှာဖွေရာနေရာအဖြစ်ကနေ


ခုများတော့ အိမ်သာဆိုတာ အညစ်အကြေးစွန့်ဖို့သက်သက်ထက် ပေါ့ပေါ့ပါးပါးဝင်ထွက်သွားလာ ကိုယ်စိတ်အပန်းဖြေရာ ဖွင့်ထုတ်ဖောက်ခွဲရာ အတွေးအခေါ်တို့လွင့်မျောကျက်စားရာ နာရီနဲ့ချီအောင် ရှည်ကြာစွာဖြတ်သန်းရာ နေရာဖြစ်လာပြီဟုတ်


ဒါက ယနေ့ခေတ် အိမ်သာတွေရဲ့ပြယုဒ်ပဲ

__________________________


အိမ်သာ evolution ကပေးတဲ့အတွေး

ဒီတော့ဗျာ အိမ်သာရဲ့ evolution ကနေပြန်သုံးသပ်ရရင် စနစ်ဟောင်းက ပြောင်းလဲဖို့လိုအပ်လာရင် ပြောင်းလဲဖို့ဆန္ဒရှိရင် ဝန်လေးဆိုင်းငံ့တွေဝေမနေဖို့ပါပဲ


ထပ်ဆင့်‌ရှာ‌တွေ့တဲ့နည်းက ယုတ်ချည်းပိုကောင်းတာရချင်မှရနိုင်ပေမယ့် ‌အဟောင်းထဲမှာ စနစ်ဆိုးထဲမှာ အသားကျကျင်လည်နေတာနဲ့စာရင် ပြောင်းလဲဖို့သတ္တိရှိလာခြင်းကစလို့ ပိုပိုပြည့်စုံကောင်းမွန်တဲ့လားရာတွေဆီ ဦးဆောင်ခေါ်ငင်သွားဖို့ အခြေခံအုတ်မြစ်လည်း ဖြစ်နိုင်ပါတယ်လို့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အိမ်သာ evolution

  အိမ်သာ evolution ။ လူရဲ့အစက လွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်နှစ်ထောင် ဘယ်နှစ်သန်းဘယ်နှစ်သိန်းကဖြစ်မလဲ‌တော့မသိဘူး  ဘာသာတရားအလိုအရ အပြစ်တစုံတရာကြောင...

အထူး