သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

တော်လှန်အသံရှင်များအတွက် ဂုဏ်ပြုမှတ်တမ်း


 တော်လှန်အသံရှင်များ..

.

တော်လှန်ရေးပထမအစက အားလုံးထူပူလို့

လမ်းမပေါ်တက်လို့ ကိုယ်စီဆန္ဒတွေကြွေးကြော်

အများဆန္ဒကိုသိရင် လိုက်လျှောလိမ့်မယ် လိုက်လျှောရလိမ့်မယ်


ကမ္ဘာကြီးကလည်းတွဲကူလို့ 

အာဏာရှင်ကိုဖြောင်းဖြလိမ့်မယ် 

အတင်းအကြပ်ဖိအားပေးလိမ့်မယ်

အပြစ်ပေးဒါဏ်ခပ်လို့ မတရားမှုကိုလက်ပိုက်မကြည့်

အာဏာရှင်ကို အဖက်မတန်ခပ်ထန်ထန်ပြုလို့ ဆုံးမလိမ့်မယ်လို့ပေါ့


ဒီယုံကြည်ချက်နဲ့ တုတ်နဲ့လာသူက ရေကမ်းလို့

သေနတ်ပြောင်းဝတည့်တည့် အပြုံးနဲ့လက်ကမ်းလို့

ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပေးဖို့ပဲတောင်းဆိုခဲ့ကြတဲ့ လူငယ်တွေ


ဦးခေါင်းထက်မှာနှင်းဆီပွင့်သလို ခေါင်းမှချိန်ပစ်သတဲ့ ရဲခနဲရဲခနဲ

သေရဲရင်တက်ခဲ့တဲ့ လက်နက်အစုံ ညစ်နည်းသတ်နည်းအဖုံဖုံတတ်ပြီးသူတွေက

သားရေကွင်းတောင်မရှိသူတွေကို အဓမ္မဖိလို့နှိုပ်လို့ 

မာန်ဖီလို့ သွေးတစာစာ


ဒီလိုနဲ့...

မလွှဲမရှောင်သာ

အလုပ်ကိုပစ် အိမ်ကိုပစ် 

သူငယ်ချင်းကိုပစ် ချစ်သူကိုပစ်

မိဖကိုပစ် အနာဂါတ်ကိုပစ်လို့ အဓမ္မလမ်းကိုဖီဆန်


ဒို့ခေတ်သာနောက်ဆုံးဖြစ်ရမယ်လို့ကြွေးကြော်ရင်း 

အလွယ်လမ်းလိုက် အယုတ်တမာတွေ အနာဂါတ်ဆီပါမလာဖို့ 

လက်တွေ ခြေတွေ ခန္ဓာတွေနဲ့ တံတိုင်းပမာကာဆီး


ထားပါတော့..


ဒီလိုနဲ့တော်လမ်းမှာ နိုင်ရာထမ်းလို့ ကာယ ဉာဏဝိုင်းကူကြရင်း

နောက်ထပ်လမ်းတခုပေါ်လာတယ် 


ယူကျုမှာဗီဒီယိုကြည့်ရင်း (ကလစ်ရင်း) ထောက်ပို့တပ်သားအဖြစ်

ဝန်ကိုမျှကူထမ်းနိုင်ခွင့်ပေါ့

စိတ်အားတက်ကြွစွာပဲ အတော်များများပါဝင်လို့ အားတက်သရောထမ်းရွက်ခဲ့ကြတာ

မှတ်တမ်းလည်းရှိ အားလုံးလည်းအသိ


နောက်တော့ ...

တာဝေးမှာစိတ်ဓါတ်တဲ့ ခရီးကြမ်းမှာ ပဲ့ကြွေခဲ့ကြရင်း ထွက်နေခဲ့ကြရင်း

ကြိုးကြာငှက်အချို့သာ မိုင်ထောင်ချီခရီးမှာ အချင်းချင်းတွဲကူလို့ ခရီးနှင်


ဒီထဲကမှ တတ်စွမ်းတဲ့အသံပညာနဲ့ စကားပြောပညာနဲ့တော်လှန်နေသူတွေအချို့ကို

မှတ်တမ်းတင် ဂုဏ်ပြုပါရစေ...


သူမအမည်တော့မသိ

တော်လှန်လမ်းမှာ ကဗျည်းထိုးထားတာ

ဟေဈရ် (Hazel)


အသံကငြိမ့်ငြိမ့် 

အိပ်ဆက်ချိန်မှာ ချော့သိပ်တဲ့တတ်တဲ့ သံသာသာ မေ့တေးကဗျာလို

ကောင်းသတင်းစကားပါးတဲ့ ကြည်ကြည်ရှင်းရှင်း သူငယ်ချင်းတယောက်လို

ခွဲကြခါနီး လွမ်းမောစိတ်နဲ့ နှစ်သိမ့်နေတဲ့ ရင်ခုန်ဖက်သူလို


သူမအသံက ကြည်တာ ချိုတာ လွမ်းမောစေတာ

မြင်တွေ့ဖြတ်သန်းခဲ့တာလေးတွေကို 

ပြန်လည်ပြောပြနေတဲ့ဇာတ်လမ်းမျိုးလေးနဲ့ဆိုရင် သိပ်လိုက်ဖက်တာ


နာစဥ်သူကို ကိုယ်တိုင်တွေ့မြင်နေရသလိုလို ကြုံတွေ့ဖြတ်သန်းနေရသလိုလို

သူမရဲ့အသံပညာနဲ့ ဇာတ်လမ်းထဲမှာ စီးမျောသွားစေတာ 

ဆွဲခေါ်သွားနိုင်တာ


ကိုယ်တွေများ ၃ မိနစ်စာအသံသွင်းရင် ၆ မိနစ်စာအသံဖိုင်နဲ့ အထပ်ထပ်ဖြတ်ရညှပ်ရ

ဇာတ်လမ်းထဲစီးဝင်စေဖို့မပြောနဲ့ ဝါကျမှန်အောင်တောင် အတော်ဖတ်ယူရတာကိုး


သူမဖတ်ရင်များချောလို့

အပမ်းမကြီးသလို မခက်ခဲသလို တကူးတကအားစိုက်ပြင်ဆင်နေစရာမလိုသလိုရယ်

လေယူလေသိမ်း အဖြတ်အရပ်ကအစ သိပ်ပြည်စုံတာ


ဪ..

ပြောရင်း သူမအသံကိုပြန်ကြားယောင်မိရင်း

ဘဝင်လှိုက်ဖိုမိပြန်ပကော ကြည်နူးမိပြန်ပကော

ချစ်မိပြန်ပကော


နောက်ဆုံးအနေနဲ့ ခက်ခဲတဲ့ စကားထပ်စကားလိမ်ဝါကျကိုဖတ်ချိန် 

ကသောင်းကနင်းနဲ့ ရယ်ပွဲဖွဲ့လို့ ပျော်စရာဖြစ်သွားတာလေးကို

ပြင်ဆင်ခြင်းမပြုဘဲ သူမကိုယ်တိုင်မျှဝေထားတဲ့ အသံဖိုင်လေးကိုနားစဥ်ရင်း 

ဘဝအမောတို့ ပြေပြောက်နိုင်ကြပါစေသတည်း

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး