သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, October 20, 2023

ဝေးမှလေး

 

ဝေးမှလေး

.............

အဝေးကလူရဲ့ လေးစားမှုကို ရဖို့ထက် 

အနီးကလူရဲ့ လေးစားမှုကို ရနိုင်ဖို့က ပိုခက်ပါတယ်


ဘာကြောင့်လဲဆိုတော့ တခါတလေမှ တွေ့ဆုံရသူကို 

ကိုယ့်ရဲ့အားနည်းချက်တွေ ဖုံးကွယ်ပြီး သို့တည်းမဟုတ် 

မပေါ်လွင်အောင် ဖုံးဖိဟန်ဆောင်ပြီး ဆက်ဆံလို့ ရနိုင်တယ်မဟုတ်လား


အမြဲအတူနေသူတယောက် အနီးကပ်နေသူတယောက်ကို 

ရေရှည်ဟန်ဆောင် ဆက်ဆံနိုင်မှာမဟုတ်ဘူးလေ  


ဘုရား ရဟန္တာတွေလို မကောင်းမှုကို လုံးဝမပြုလုပ်တော့တဲ့ 

အဆင့်မှာမဟုတ်တဲ့ ပကတိလူသားတွေမှာ 

အားနည်းချက်တွေ အပြစ်တွေက တပုံတပင်မဟုတ်လား 

တကွေ့ကွေ့တော့ ပေါ်လာမှာပါပဲ


အဲ့ဒါကြောင့် အပြင်မှာဂုဏ်သရေရှိ လူကြီးလူကောင်းတယောက် 

ပေါင်းရသင်းရကောင်းသူတယောက် လူချစ်လူခင်ပေါသူတယောက် 

သဘောကောင်းဖော်ရွေသူတယောက်ဟာ 

သူ့အိမ်သူရဲ့ မိသားစုရဲ့ အနီးကပ်နေသူရဲ့ လေးစားမှုကို 

အပြင်ကလူတွေရဲ့ လေးစားမှုလောက် မရကြတာမျိုးရှိနေတာပါ


အပြင်မှာလူတိုင်းအပေါ် သြဇာညောင်းပေမယ့် 

သူ့အိမ်သူကိုကိုတော့ သြဇာမညောင်းတဲ့အပြင်  

သြဇာခံဖြစ်နေသူတွေကို တွေ့ဖူးမြင်ဖူကြမယ်ထင်တယ် ဒါကြောင့်ပါ


နောက်တနည်းကတော့ ဝေးနေစဥ်က ကိုယ်နဲ့ သဘောညီလိမ့်မယ် 

ကိုယ့်အလိုကျလိမ့်မယ်ထင်ခဲ့တဲ့ ကိုယ်လေးစားသူတွေဟာ 


တကယ်အနီးကပ်ပေါင်းကြည့်တော့မှ ကိုယ့်အလိုမလိုက်လို့ 

ကိုယ်နဲ့သဘောမညီလို့ စိတ်ကွက်ငြိုငြင်တာမျိုး 

စွပ်စွဲအပြစ်တင်တာမျိုး ဖြစ်တတ်တယ်မဟုတ်လား 


ဒီလိုမျိုး အနီးနေပုဂ္ဂိုလ်တွေရဲ့ စွပ်စွဲပြစ်တင်မှုကို 

ဘုရား ရဟန္တာတွေမှာတောင် မလွတ်ကင်းပါဘူး 


ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် တခါတလေထပ်တူမကျနိုင်တာ 

တပါးသူက ကိုယ့်အလိုကို အမြဲ လိုက်လိမ့်မယ်ဆိုတာ ဖြစ်နိုင်ခဲတဲ့ကိစ္စပါ


တခါတလေကျတော့လည်း

သင် လေးစားသူနဲ့ ဝေးနေတာကောင်းပါတယ်

ဒါမှ ပိုပိုပြီး လေးစားနေနိုင်မယ်မဟုတ်လား


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး