ကောသလမဟာရာဂျာ နှင့် တွေ့ဆုံခြင်း
=======================
ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်းမှာ အတုမရှိ
ဧကရာဂျာ ဖြစ်တော်မူသော ဘဝရှင် မင်းတြားကြီးအား ကျွန်ုပ်
အနည်းငယ်မေးလျှောက်ထား ခေတ်အခေါ် အင်တာဗျူးချင်လို့ပါ ဖုရား
လုပ်မနေပါနဲ့ကွာ မင်းတို့ခေတ်ကောင်လေးတွေက တယ်မြှောက်သကိုးကွ
ရှေ့မှာတစ်မျိုး နောက်ကွယ်မှာဆိုရင် မင်းတို့ပဲ ငါ့ကို
အအိပ်မက်သူကြီး စဉ်းစားဉာဏ်မရှိသူကြီးနဲ့
ကင်မွန်းတပ်ကြတာ မသိတာမှတ်လို့
ပြီးတော့ မင်းတို့အင်တာဗျူးသမားတွေ မေးတာဖတ်ရသလောက်
ဘယ်နေ့မှာ ဘာစားသလဲ အိပ်ရာထရင် ဘာလုပ်သလဲ
ဘယ်အင်္ကျီဝတ်သလဲ ဆံပင်က ဘာ့ကြောင့်အရှည်ထားသလဲ
ဘာအရောင်ကြိုက်သလဲ
အဲ့ဒီကလေးကလား အရည်မရ အဖတ်အဖတ်မရ
မေးခွန်းတွေ မဖြေချင်ဘူးကွာ ငါ့ဖာသာ မိုးအေးအေးနဲ့
ကွေးနေရတာမှ အိမ်မက်ထဲမှာ ဇိမ်ရှိအုံးမယ်
မအိပ်ပါနဲ့ ဘွရှင်ရယ် ဘွရှင်မက်တဲ့ အိမ်မက် ၁၆ ခုနဲ့တင်ကို
ကျွန်ုပ်တို့ နောင်လောနောက်သားတွေမှာ နေစရာတောင်မရှိဘူး
ကျွန်ုပ်မေးလိုတာကလည်း အဲ့ဒီမေးခွန်းတွေ မဟုတ်ပါဘူး
ဘွရှင်ရဲ့ ဘဝ ဖြစ်စဉ်ကလေး နည်းနည်းလောက်ပါ
မေးကွာ
ဒီလိုပါ ဘွရှင် ဘွရှင်ရဲ့ နိုင်ငံနယ်နိမိတ်လေး သိချင်လို့
အေးကွ ငါ့ကိုမင်းတို့ မျိုးဆက်တွေက
သာမန်ညောင်းညဘုရင်လို့ပဲထင်နေကြတာ ငါသိပါတယ်
တကယ်က ငါတို့မျိုးရိုးက ဧကရာဂျာမျိုးကွ
သုံးလောကအရှင် မြတ်ဗုဒ္ဓရဲ့ ခမည်းတော် ဗိန္ဗိသာရ ရဲ့ တိုင်းပြည်
ကပ္ပိလဝတ်ပြည်ဟာ ငါ့ရဲ့ အခွန်ဆက် လက်အောက်ခံတိုင်းပြည်ကွ
ယသော်ဓရာ ဒေဝဒတ္တ တို့ရဲ့ တိုင်းပြည် ဒေဝဒဟ ရောပဲ
ခုခေတ်လိုမျိုးဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ နေရာတွေပေါ့
ဪ. မသိခဲ့ဖူးဗျ ဘုန်းတော်ကြီးလှချည်လား ဘွရှင်
သိပ်အထင်မကြီးပါနဲ့ကွာ ငါ့လက်ထက်မှ ဖြစ်တည်လာတာမဟုတ်ပါဘူး
ခမည်းတော် ဘိုးတော်တို့ လက်ထက်ကတည်းက ငါက အမွေဆက်ခံယုံပါပဲ
ဒါနဲ့ ဗုဒ္ဓနဲ့ ဘွရှင် အသက်လယ်လောက်လောက်ကွာလဲဗျ
ဒီမေးခွန်းမေးကတည်းက မင်းအတော်စာဖတ်နည်းတယ်
ဗဟုသုတ မပြည့်စုံဘူးဆိုတာ သိပ်သိသာတယ်
ငါ့ဘဝ နေဝင်ချိန်မှာ ငါ မြတ်ဗုဒ္ဓကို လျှောက်တင်တဲ့
စကားလေးရှိတယ်လေကွာ အရှင်ဘုရားလည်း သက်တော် ၆၀
တပည့်တော်လည်း အသက် ၆၀ ဆိုတာ
ပြောလည်းခံရမှာပဲ ဘွရှင် ကျွန်ုပ်က ဘွရှင်ကို
ဗုဒ္ဓထက် ကြီးတဲ့ အိုအိုမင်းမင်း ဘုရင်ကြီးလို့ထင်တာ
အသက်တူတူပဲလို့ထင်ကိုမထင်တာ
ဗုဒ္ဓကြွလာလာချင်း ခရီးဦးကျို မပြုဘူးဆို ဘွရှင်က
မင်းကလည်း ပြန်ထဲ့ဖို့ပဲ မင်းအနေနဲ့ စဉ်းစားကြည့်ကွာ
ကိုယ့်လက်အောက်ခံရဲ့သား ကိုယ်နဲ့ သက်တူရွယ်တူတစ်ယောက်ကို
သာမန် ဓမ္မအသိ မရှိသူတွေအတွက် ဦးညွှတ်ဖို့ဆိုတာ မလွယ်ဘူးကွ
ဟုတ်ပါတယ် နောက်ဆုံးမေးခွန်းအနေနဲ့
ဘွရှင်ရဲ့ နေဝင်ချိန်လေး သိပါရစေ..
မင်းသိလား ငါ့ဘွမှာ အကြီးအကျယ်စိတ်ထိခိုက်ရတဲ့အချိန်
နှစ်ခါကြုံဖူးတယ် ပထမတစ်ခါ ငါ့ရဲ့ မိဖုရားခေါင်ကြီး
ဆုံးပါးတုံးကပေါ့ ဒီအချိန်တုန်းက စိတ်ဓာတ်ရေးရာ ဖြစ်တဲ့အတွက်
ဓမ္မနဲ့ ကုစားပေးတဲ့ မြတ်ဗုဒ္ဓ ရှိတဲ့အတွက် သက်သာရာ ရခဲ့တယ်
ခု သားတော် ဝိဋဋူပ ရဲ့ အာဏာသိမ်းမှုမှာတော့
စစ်ရေး နိုင်ငံရေးလေကွာ လောကတဏှာပယ်စွန့်ပြီးသား
မြတ်ဗုဒ္ဓ ကို အပူကပ်ဖို့မသင့်တာ ငါသိတယ်
လောဘကို ဒေါသနဲ့ ဖြေရှင်းချင်တာ
ဒါ့ကြောင့် ငါ့နှမကြီး ဝေဒီဟီ က မွေးဖွားတဲ့ တူတော်
အဇာတသတ္တုဘုရင်ရဲ့ အကူအညီယူပြီး ငါ့ထီးနန်းပြန်ယူဖို့ကွ
ငါ့တူနဲ့သာ တိုက်ရိုက်တွေ့ခွင့်ရမယ်ဆိုရင် ငါယုံတယ်
ငါ့ထီးနန်းဟာ ငါ့ဆီပြန်ကိုရောက်လာမှာ
ဒါပေမယ့်ကွာ မြို့စောင့်တံခါးမှူးက ငါပါလို့ပြောတာမယုံဘူး
ငါလိုလူတစ်ယောက် ဒီလိုအချိန် ဒီလိုအခြေအနေမျိုးနဲ့
ရောက်ခါလေ့မရှိဘူးလို့ သူယူဆတယ် သူလျှို ဒလန် လို့ ယူဆတယ်
သူမှန်တယ်ကွ အခြေအနေ အချိန်အခါကို သူသုံးသပ်နိုင်တယ်
ပြောတိုင်းမယုံဘူး သူထင်သလို အများကြီးဖြစ်နိုင်တာပဲ
တကယ်လို့ ငါသာ ငါ့ထီးနန်းပြန်ရရင်
သူလိုလူမျိုးကို အမတ်ချုပ်ရာထူးချီးမြှင့်ချင်တယ်
ဒါက အခုချိန်မှ ပေါ်လာတဲ့စိတ်ပါကွာ အဲ့ဒီတုံးက
ဒေါသထွက်လိုက်တာမှ အသားပါတဆတ်ဆတ်တုန်တယ်
ဒါနဲ့ မြို့ပြင်က ဇရပ်မှာပဲ အိပ်ဆက်ခဲ့ရတယ် ဒီဘဝဒီခန္ဓာအတွက်
ထာဝရအိပ်ဆက်ခြင်းဖြစ်မယ်ဆိုတာသာ ကြိုသိခဲ့ရင်
ရှင်တော်ဗုဒ္ဓထံပြန်ပြီး ဒေသနာ တစ်ပုဒ်လောက်နာယူခဲ့မိမှာကွ
နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားလေး ပြောပေးပါလားဘွရှင်
အခွင့်အရေးဆိုတာ သိတဲ့သူမှ ရနိုင်တာမျိုးကွ
အနီးကပ်ပေမယ့် မမြင်ရတာ မမြင်နိုင်တာတွေ ဖြစ်တတ်တယ်
ဘာမှ ရေရေရာရာမရှိပဲ ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့အချိန်တွေကို
အားနာတယ်လို့ပဲ ပြောချင်တယ်ကွာ..
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
No comments:
Post a Comment